ဦးအောင်ကျော်မင်း(Executive Director,Logika Co Ltd)

Mekong Business Challenge ဆိုတဲ့ နှစ်စဉ်ကျင်းပတဲ့ Entrepreneurship ပြိုင်ပွဲမှာ Greater Mekong ဒေသမှာရှိတဲ့ ဘူတန်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ယူနန်တရုတ်ပြည်တို့က ကိုယ်စားပြု လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ Mekong Challenge 2017 မှာ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပြီး ကိုယ်တိုင်လည်း Logika  Technology ကုမ္ပဏီကို တည်ထောင်ထားတဲ့ ဦးအောင်ကျော်မင်းကို ပြိုင်ပွဲအတွေ့အကြုံနဲ့အတူ လက်ရှိလုပ်ငန်းအခြေအနေ၊ အနာဂတ်လုပ်ငန်းအစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

UAungKyawMin

နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ . . .

၂၀၀၈ ခုနှစ်မှာ ကွန်ပျူတာတက္ကသိုလ်က Computer Technology မေဂျာနဲ့ ဘွဲ့ရခဲ့ပါတယ်။

ဘွဲ့ရပြီးနောက်မှာ ZTE Corporation မှာ Telecom Engineer အနေနဲ့ စလုပ်ခဲ့ပါတယ်။ နှစ်နှစ်ခွဲလုပ်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်မှာ Software ရေးတဲ့အလုပ်ကို Freelance လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ရီလရောက်မှ ကုမ္ပဏီမှတ်ပုံတင်ပြီး ကျွန်တော့်ရဲ့ ညီအကိုမောင်နှမတွေနဲ့အတူ လက်ရှိကုမ္ပဏီဖြစ်တဲ့ Logika ကို စပြီးတည်ထောင်ခဲ့ပါတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့နှစ်နှစ်လောက်က Dhobi Laundry ဆိုပြီး မိသားစုလုပ်ငန်းအနေနဲ့ Laundry ဆိုင် စလုပ်ခဲ့ပါတယ်။ စလုပ်တော့ ဆိုင်တစ်ဆိုင်တည်းနဲ့ စလုပ်ခဲ့တယ်။ အခုချိန်မှာတော့ Franchise ခြောက်ဆိုင်အပါအ၀င် ဆိုင်ပေါင်းကိုးဆိုင်ရှိပါပြီ။ Franchise ဆိုပေမယ့် မူပိုင်ခွင့်ကို ငှားတဲ့သဘောပါ။ Franchise ဈေးကို မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့ နာမည်သုံးမယ်၊ ကျွန်တော်တို့ Dhobi တွေကို ကျွန်တော်တို့က Software နဲ့ Run ထားတာဖြစ်လို့ Software ပေးသုံးမယ်။ လုပ်ငန်းနည်းစနစ်ကို သင်ပေးမယ်။ အဲဒီအတွက် သူတို့ဆီက Franchise ကြေး တစ်လကို ဘယ်လောက်ရာခိုင်နှုန်းပေးရမယ်ဆိုတာမျိုး လုပ်နေပါတယ်။

UAungKyawMin2

Mekong Challenge မှာ ပြိုင်ပွဲဝင်ဖြစ်ပုံနဲ့ ပြိုင်ပွဲအတွေ့အကြုံများ . . .

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ Startup Weekend ဆိုပြီး တစ်ရက်ငါးထောင်ကျပ်လည်းပေးတယ်၊ သင်တန်းလည်းပေးတယ်၊ ပြိုင်ပွဲတွေလည်း လုပ်ပေးတယ်။ အဲဒီပြိုင်ပွဲမှာပဲ အခုလက်ရှိ MeKong Challenge မှာ သွားပြိုင်မယ့် အသင်းဝင်တွေဖြစ်တဲ့ ကိုမိုက်ကယ်၊ ကိုရှိန်းထက်အောင်တို့နဲ့အတူ တခြားအဖွဲ့ဝင်လေးယောက်နဲ့ ဆုံခဲ့တာပါ။ Startup Weekend ပြိုင်ပွဲမှာ အင်တာနက်ပေါ်မှာ    စားသောက်ဆိုင်တွေကို ရှာလို့ရမယ့် 'မျိုမယ်၊ ဆို့မယ်' ဆိုတဲ့ Application နဲ့ပြိုင်ခဲ့ပြီး ဒုတိယဆုရခဲ့ပါတယ်။ ကျွန်တော်တို့က ဒါကို Idea အတိုင်းမထားဘဲနဲ့ Product လုပ်မယ်ဆိုပြီး ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ငန်း ဆက်လုပ်ဖို့အတွက် ဘတ်ဂျက်လိုလာတယ်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ UMFCCI က Business Model Contest ပြိုင်ပွဲကြော်ငြာကို တွေ့လိုက်တယ်။ ပြိုင်ပွဲကလည်း ဒေါ်လာသုံးထောင်ရမှာဆိုတော့ ကျွန်တော်တို့အတွက် မက်လောက်စရာပါပဲ။ ဒါကြောင့် အဲဒီပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်သွားတယ်။ UMFCCI မှာ ပြိုင်ပွဲဝင်ဖို့ သုံးယောက်ပဲ လက်ခံတာဖြစ်လို့ ကိုမိုက်ကယ်နဲ့ ရှိန်းထက်အောင်နဲ့ ကျွန်တော်တို့သုံးယောက်က ပြိုင်ခဲ့တယ်။ကျွန်တော်တို့ ပထမပြိုင်ပွဲကို ပြိုင်ခဲ့တုန်းက ခုနစ်ယောက်ထဲက သုံးယောက်က ၀င်ပြိုင်မယ်၊ ရတဲ့အကျိုးခံစားခွင့်ကတော့ ခုနစ်ယောက်လုံးနဲ့ သက်ဆိုင်တယ်။ UMFCCI က Business Model Contest ပြိုင်ပွဲမှာ ပထမဆုရခဲ့တယ်။ ပြိုင်ပွဲကရတဲ့ ဒေါ်လာသုံးထောင်နဲ့ Application ကို စလုပ်တယ်၊ Website တွေလုပ်တယ်။ Data တွေ လိုက်ကောက်တယ်။ UMFCCI မှာ ပထမဆုရပြီး ၂၀၁၇ ခုနှစ်၊ မတ်လမှာ ပြုလုပ်မယ့် Mekong Challenge ပြိုင်ပွဲအတွက် အလိုလိုရွေးပြီးသား ဖြစ်သွားတယ်။ အဲဒီပြိုင်ပွဲမှာ နိုင်ငံခြောက်နိုင်ငံလောက်ပဲ လာပြိုင်တယ်။ ကျွန်တော်တို့အဖွဲ့ထဲမှာ အင်္ဂလိပ်ဘာသာစကား အကောင်းဆုံးက ကိုမိုက်ကယ်ပါ။ ကျွန်တော်တို့အဖွဲ့အားသာသွားတာက ကျန်တဲ့နိုင်ငံက Presentation တွေက ကျွန်တော်တို့ မြန်မာအဖွဲ့တွေလောက် မကောင်းဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က စီနီယာအဆင့်တွေ ဖြစ်တယ်။ ကျွန်တော်တို့က ကိုယ်တိုင်လည်း လုပ်ငန်းလုပ်နေတဲ့သူတွေဖြစ်ပြီး တခြားလာပြိုင်တဲ့သူအများစုက ကျောင်းသားတွေဖြစ်နေတယ်။ ဒါကြောင့်လည်း အရည်အချင်းတွေကွာသွားလို့ ကျွန်တော်တို့နိုင်ခဲ့တာပါ။ ကျွန်တော်တို့နဲ့ Level တူ တစ်ဖွဲ့၊ နှစ်ဖွဲ့လောက်ပါပေမယ့် သိပ်ပြီးမပြင်ဆင်လာခဲ့ဘူး။ ကျွန်တော်တို့ဘက်ကလည်း တအားပြင်ဆင်သွားတာမျိုးမဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးကြိုးစားခဲ့တာပါ။ အဲဒီမှာ ပထမဆုရတဲ့အတွက် International Business Model Competition 2017 ပြိုင်ပွဲကို ပို့တယ်။ အဲဒီမှာသွားပြိုင်မယ့် စရိတ်တွေအားလုံး Mekong Challenge က အကုန်ကျခံပါတယ်။

ပြိုင်ပွဲဝင်ခဲ့တဲ့လုပ်ငန်းအကြောင်း . . .

ကျွန်တော်တို့ Idea က Website ၊ Android Application နဲ့ Web Application စတဲ့ Platform သုံးခုကို အသုံးပြုပြီး စားသောက်ဆိုင်တွေ၊ Discount တွေ အလွယ်တကူရှာဖွေနိုင်ဖို့ ဖြစ်တယ်။ အဲဒီထဲမှာမှ ကျွန်တော်တို့ Value Added လုပ်ထားတာက Surprise ဆိုတဲ့ Function ပါ။ ကိုယ်က ဗိုက်ဆာနေပြီ၊ ဘာစားရမလဲမသိဘူး၊ စဉ်းစားဖို့လည်း အချိန်မရှိဘူးဆိုရင် ကျွန်တော်တို့ Application မှာပါတဲ့ Surprise Function ကို နှိပ်လိုက်တာနဲ့ အလိုလိုတွက်ချက်ပေးတယ်။ နေ့လယ်စာစားတဲ့ အချိန်လား၊ ညစာစားတဲ့အချိန်လားဆိုတာ အချိန်နဲ့ခွဲခြားပေးမယ်။ ပြီးတော့ ဒီ Application ကို မကြာခဏသုံးနေတဲ့သူတွေ စားတတ်တာတွေ၊ အပြုအကျင့်တွေကို Learn လုပ်ပြီး Surprise ကို အကောင်အထည်ဖော်ပေးမယ်။ နောက်ပိုင်းမှာ ကိုယ်ကြိုက်တဲ့ အစားအစာက ကိုယ့်ကျန်းမာရေးနဲ့ သင့်တော်သလားဆိုတာတွေထိ တွက်ချက်ပေးသွားမယ်။ ပြောရမယ်ဆိုရင် ဉာဏ်ရည်တုနဲ့ ကိုယ့်အတွက်အရသာရှိမယ့် အစားအစာနဲ့ ကျန်းမာရေးကောင်းစေမယ့် အစားအစာကို အကြံပြုပေးမယ့် Application ဖြစ်တယ်။ Surprise ကတော့ Value Added Feature ပါ။ အဓိကကတော့ စားသောက်ဆိုင်တွေ၊ အစားအစာတွေရှာတဲ့ Application ပါပဲ။

ကျွန်တော်တို့ Application ရဲ့ မူရင်းနာမည်က 'မျိုမယ်၊ ဆို့မယ်' နဲ့ စတင်ခဲ့တာဖြစ်တယ်။ Startup Weekend နဲ့ UMFCCI က Business Model Content ပြိုင်ပွဲတွေမှာ မူရင်းနာမည်နဲ့ ပြိုင်ခဲ့ပေမယ့် Mekong Challenge ပြိုင်ပွဲမှာ တခြားနိုင်ငံကပါလာသလို ဒိုင်တွေကလည်း နိုင်ငံခြားသားတွေပါလာတဲ့အတွက် ကျွန်တော်တို့ နာမည်ပြောင်းဖို့ဖြစ်လာတယ်။ ကျွန်တော်တို့ မြန်မာစကားလုံးမှာက မျိုဆို့တယ်ဆိုတာ တော်တော်ထိထိမိမိဖြစ်တဲ့ စကားလုံးဖြစ်တယ်။ အင်္ဂလိပ်စကားလုံးမှာလည်း အဲဒီလိုထိထိမိမိဖြစ်မယ့် စကားလုံးကို ရှာကြည့်လိုက်တော့ Gulp ဆိုတဲ့ စကားလုံးကိုတွေ့တယ်။ Gulp ဆိုတာကလည်း မျိုဆို့တယ်၊ ပလုတ်ပလောင်းစားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ပြီးတော့ ကြီးကြီးမားမား မျိုမယ်၊ ဆို့မယ်ဆိုပြီး ကြီးမားတဲ့ Gorzilla ကို ထည့်လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ Application က Gulpzilla ဖြစ်လာခဲ့တာပါ။ အခုလောလောဆယ်မှာတော့ Website ပဲ သုံးထားသေးတယ်။ Gulpzilla.com နဲ့ Website လုပ်ထားပါတယ်။ အခုကျွန်တော်တို့ Target ထားတာက နိုင်ငံခြားကနေ မြန်မာပြည်ကို လာမယ့်သူတွေအတွက် ရန်ကုန်မှာ ဘယ်စားသောက်ဆိုင်တွေ ကောင်းလဲဆိုတာ ရှာနိုင်မယ်။ ကျွန်တော်တို့ပြည်တွင်းမှာ သုံးကြရင်တော့ နိုင်ငံခြားသားတွေအတွက်လည်း တကယ်အသုံးဝင်မှာပါ။ နောက်တစ်ခုက Discount Information ပါ။ စားသောက်ဆိုင်တွေမှာ Discount ပေးတဲ့ဆိုင်တွေကို ကျွန်တော်တို့ Application မှာ ထည့်ထားတယ်။ ဘယ်စားသောက်ဆိုင်က ဘယ်အချိန်ကနေ ဘယ်အချိန်အထိ Discount ဘယ်လောက်ပေးသလဲဆိုတာမျိုး အချက်အလက်တွေပါ။ လူပါးတဲ့အချိန်တွေမှာ မရောင်းရမယ့်အတူတူ Discount ချပြီးရောင်းရင် ဆိုင်ရှင်တွေအတွက် ပိုကောင်းတယ်။

ဒါကတော့ အဓိက Core Idea ပါ။ ကျွန်တော်တို့က စားသောက်ဆိုင်တွေကို သွားပြီးတော့ သူတို့မရောင်းရတဲ့အချိန်တွေ၊ ပုံမှန်အားဖြင့် ရောင်းရလေ့မရှိတဲ့ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီကြား အချိန်တွေမှာ Discount ဘယ်လောက်ထိပေးနိုင်မလဲဆိုတာ ညှိတယ်။ မိုလင်းပေါက်ဖွင့်တဲ့ဆိုင်တွေဆိုရင် ညဘက် ၁၀ နာရီ နောက်ပိုင်းဆို စားမယ့်သူသိပ်မရှိတော့ဘူး။ အဲဒီတော့ တစ်ရက်စာရောင်းဖို့ဝယ်ထားတဲ့ အစားအသောက်တွေကို ၅၀ ရာခိုင်နှုန်းအထိ Discount ပေးပြီး ရောင်းလိုက်တာက သူတို့အတွက် ပိုအဆင်ပြေသွားမယ်။ ကျွန်တော်တို့ ညှိပြီးသွားရင် ရလာတဲ့အချက်အလက်တွေကို Application ပေါ်မှာ တင်ပေးမယ်။

ပြိုင်ပွဲတွေပြီးသွားရင် Gulpzilla Application ကို လုပ်ငန်းတစ်ခုအနေနဲ့ ဆက်လုပ်သွားမှာလား . . .

ကျွန်တော်တို့ပြိုင်ပွဲတွေ စမ၀င်ခင်ကတည်းက လုပ်ငန်းတစ်ခုအနေနဲ့ လုပ်သွားဖို့ တက်ညီလက်ညီနဲ့ စလာခဲ့ကြတာပါ။ အခုလောလောဆယ်မှာ ကိုမိုက်ကယ်၊ ကိုရှိန်းထက်အောင်နဲ့ ကျွန်တော်တို့ သုံးယောက်ထဲမှာ ကိုမိုက်ကယ်ကို ခေါင်းဆောင်အဖြစ် ခန့်ထားတယ်။ ဒီ Idea ကို Setup Weekend မှာ စပြီးယူလာခဲ့တာက ကိုရှိန်းထက်အောင်ပါ။ ကျွန်တော်ကတော့ နည်းပညာပိုင်းကို လုပ်တယ်။ ကိုမိုက်ကယ်က အရင်ကလည်း General Manager လုပ်ခဲ့ဖူးသလို Management လည်း လုပ်နိုင်တဲ့အတွက် ခေါင်းဆောင်ခန့်လိုက်တာပါ။ ဒါကို လုပ်ငန်းတစ်ခုအနေနဲ့တကယ်လုပ်ဖို့အတွက် ပြိုင်ပွဲတွေဝင်ပြီး ပိုက်ဆံရှာခဲ့တာပါ။ အခုလည်း ကျွန်တော်တို့ မျှော်လင့်ထားတာက အမေရိကန်မှာ ကျွန်တော်တို့ Idea ကို ကောင်းကောင်းပြပြီး Angel Investor ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။

ပြိုင်ပွဲတွေကနေရတဲ့ အကျိုးကျေးဇူး . . .

ကျွန်တော့်အတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ကျွန်တော်က ဒီလိုလူအများနဲ့ အလုပ်လုပ်လေ့မရှိဘူး။ တစ်ယောက်တည်းပဲ လုပ်လေ့ရှိတယ်။ ပြိုင်ပွဲတွေမှာ Network တွေ အများကြီးရတယ်။ လက်ရှိလက်တွဲဖော်တွေဖြစ်တဲ့ လူကောင်းတွေနဲ့ တွေ့ခဲ့ရတယ်။ ပြီးတော့ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ နိုင်ငံခြားသားတွေနဲ့ စကားပြောရတာတွေက အစပေါ့။ အခုဆိုရင် ကျွန်တော့် Logika လုပ်ငန်းမှာလည်း နိုင်ငံခြားသား Customer တွေ တော်တော်များများ ရှိလာပါပြီ။ ကျွန်တော်တို့ကို Mentor လုပ်ပေးတဲ့သူလည်း အများကြီးပေါ်လာတယ်။ အင်္ဂလိပ်စကားမကျွမ်းကျင်တာက အရေးမကြီးဘူး၊ Communication က အဓိကဆိုတာ သိလာတယ်။

Logika အကြောင်းလည်း ပြောပြပေးပါ . . .

Logika ကုမ္ပဏီမှာတော့ ကျွန်တော်က Founder ပါ။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အတူတူလုပ်ခဲ့တော့ သူတို့ကလည်း Founder ပါပဲ။ Logika ကို စလုပ်တဲ့အချိန်က ကျွန်တော့်မှာ အရင်းအနှီးမရှိဘူး။ ကျွန်တော့်သူငယ်ချင်းနဲ့ ဆွေမျိုးတွေအပါအ၀င် ၁၈ ယောက်နဲ့စတင်ခဲ့တယ်။ တစ်ယောက်ကို ငါးသိန်းစီထည့်ပြီး လက်ထဲမှာ သိန်းရှစ်ဆယ်လောက် ရလာတယ်။ အဲဒီသိန်းရှစ်ဆယ်နဲ့ ကုမ္ပဏီရုံးခန်းတွေ ငှားတယ်၊ ကုမ္ပဏီမှတ်ပုံတင်တာတွေ လုပ်ခဲ့တယ်။ နှစ်နှစ်အတွင်းမှာ ရင်းနှီးထားတဲ့ပိုက်ဆံကို ပြန်မထုတ်ရဘူး၊ နှစ်နှစ်ကျော်လို့ ရှုံးသွားရင်း ပိုက်ဆံထပ်ထည့်မယ်လို့ သဘောတူညီမှု ယူထားတယ်။ နည်းပညာကုမ္ပဏီဖြစ်တဲ့အတွက် အလုပ်ရဖို့ကလည်း မလွယ်ပါဘူး။ ပထမရင်းနှီးငွေ သိန်းရှစ်ဆယ်လုံး ရှုံးခဲ့တယ်။ တစ်ပြိုင်တည်းရှုံးသွားတာ မဟုတ်ပေမယ့် တစ်လတစ်လ အခန်းငှားခ၊ ၀န်ထမ်းစရိတ်၊ အင်တာနက်ကြေး စတဲ့စရိတ်တွေ ရှုံးလာတယ်။ ကျွန်တော်တို့က အဓိက Customized Software ရေးတယ်။ မြန်မာနိုင်ငံမှာ Ready-made Software တွေကို သုံးတာများတယ်။ အဲဒါတွေက ကိုယ်သုံးမယ်ဆိုရင် ပြန်ပြီး Training တွေလုပ်ဖို့လိုတယ်။ ကျွန်တော်တို့ရေးပေးတဲ့ Software ကတော့ Software သုံးမယ့်လုပ်ငန်းမှာ ဘယ်လိုအလုပ်လုပ်နေသလဲဆိုတာ အရင်လေ့လာတယ်။ ပြီးမှ သူတို့လုပ်နေတဲ့ Procedure တွေအတိုင်း၊ သူတို့သုံးနေတဲ့ ဝေါဟာရတွေကို သုံးပြီး Software ရေးပေးတယ်။

လုပ်ငန်းမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ . . .

ရိုးရိုးလေးတွေးလိုက်ရင် ကုမ္ပဏီတစ်ခုမှာ အလုပ်ရှာပေးတာက Sales & Maketing ပါ။ ကျွန်တော်လုပ်ငန်းစလုပ်တဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင်က Sales & Maketing ၊ Software တွေကိုလည်း ကိုယ်တိုင် Download လုပ်တယ်၊ ကိုယ်တိုင်လည်း Training ပေးတယ်။ အစအဆုံး အကုန်လုပ်ရတယ်။ အဲဒီအချိန်က ပြဿနာက Customer ရှာမရဘူး။ အဲဒီနောက် ကျွန်တော် ကုမ္ပဏီမထောင်ခင် Freelance လုပ်ခဲ့တဲ့အချိန်တုန်းက Software ရေးပေးခဲ့ဖူးတဲ့သူတွေကို Followup ပြန်လိုက်ပြီး သူတို့ရဲ့ အချိတ်အဆက်တွေက Customer တွေ ဖြစ်လာတယ်။ သူငယ်ချင်းတွေရဲ့ အချိတ်အဆက်တွေနဲ့ Customer တွေ ရလာခဲ့တယ်။ အခု ကျွန်တော် Startup Weekend ပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့ခြင်းအားဖြင့် ကွန်ရက်တွေ ရလာတယ်။ အခုဆိုရင် အလုပ်ပြတ်တယ်ဆိုတာ မရှိတော့ဘူး။ ကိုယ်မလုပ်နိုင်လို့ Followup မလိုက်မိတဲ့ Customer တွေတောင် ရှိပါတယ်။

အနာဂတ်အစီအစဉ် . . .

ကျွန်တော်တို့ Logika ကုမ္ပဏီက စတည်ထောင်တဲ့အချိန်ကစပြီး ဒီတစ်နှစ်လုံး Customer တွေရဲ့ လိုအပ်ချက်တွေကို ၀န်ဆောင်မှုပေးတဲ့ပုံစံနဲ့ သွားနေတယ်။ အခုနောက်ပိုင်းမှာ Product တစ်ခုထုတ်ဖို့ စဉ်းစားနေပါတယ်။ Product ကတော့ Service နဲ့ မတူတော့ဘူး။ ဈေးနှုန်းတစ်ခု သတ်မှတ်ထားမယ်။ Service လို Customize လုပ်ပေးလို့ မရဘူး။ ကျွန်တော်တို့ အဓိကလုပ်ဖြစ်နေတာက Civil Business Solution ပါ။ အရောင်း၊ အ၀ယ်နဲ့ ဂိုဒေါင်၊ ဒီသုံးခုရဲ့ Accounting System ကို Customize လုပ်နေတယ်။ လောလောဆယ်မှာ Accounting System ကို မလုပ်နိုင်သေးခင်မှာ City Mart တို့၊ g & g တို့လိုမျိုးမှာ သုံးနေတဲ့ Point of Sale ဆိုတဲ့ Software ကို Product အနေနဲ့ထုတ်ဖို့လုပ်နေပါတယ်။ Service ကိုလည်း ရေရှည်လုပ်သွားပါမယ်။

ရေဗက္ကာ