ဈေးကွက်ရရန် ‘P’ လေးလုံး (The Four Ps of Marketing)

မိမိထုတ်ကုန်ဈေးကွက်တင်ရာတွင် အသုံးပြုရမည့် P လေးလုံးမှာ မည်သည့်အရာများဖြစ်သည်ကို အများလက်ခံနားလည်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ရိုးရှင်းသောစီမံခန့်ခွဲမှုနည်းပညာ ဖြစ်သည်ဟုပင် ဆိုရမည်။

Four Ps မှာ ဈေးကွက်ရရန် အခြေခံအကျဆုံးသဘောတရားဖြစ်သော်လည်း အမှန်မှာ ရောင်းချခြင်း (Selling) နှင့်သော်လည်းကောင်း၊ အရောင်း (Sales) နှင့်သော်လည်းကောင်း ထပ်တူသဘောမဟုတ်ပါ။ ရာစုနှစ် အစ Industry စက်မှုလုပ်ငန်းကြီးများ ဖြစ်ထွန်းစဉ်ကာလက ထုတ်လုပ်မှုကိုသာ အဓိကထားသည်။ မိမိထုတ်လုပ်နိုင်မှု အကောင်းဆုံးဖြစ်ရန်၊ ရောင်းရနိုင်သော ဈေးဖြင့် ရောင်းနိုင်ရန်ကိုသာ စဉ်းစားသည်။

ပထမကမ္ဘာစစ်ကြီးအပြီး အမြောက်အမြား ထုတ်လုပ်မှုမှာ အခက်အခဲမဟုတ်တော့ဘဲ စားသုံးသူများလည်း ထိုက်သင့်သလောက် နေနိုင်စားနိုင်သောအခါတွင် ပြိုင်ဆိုင်ရောင်းချမှုမှာ ရှေ့တန်းရောက်လာသည်။ ရောင်းချမှုတွင် အရေးပါလာသောမေးခွန်းများမှာ ရောင်းချနိုင်ခြေရှိမရှိနှင့် ဈေးနှုန်းစရိတ် ကာမိနိုင်ရန်ဖြစ်သည်။ ၀ယ်သူအမှန်တကယ် လိုအပ်မှု ရှိ-မရှိကို အရေးမထားပေ။ ကုန်များထုတ်လုပ်ပြီးမှသာ ဈေးကွက်ရရန်အတွက် ရောင်းပုံရောင်းနည်းများ ဖန်တီးယူသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်မှ ‘Marketing’ ဆိုသည့် သဘောတရားမှာ ထွက်ပေါ်လာသည်ဟု ဆိုနိုင်သည်။ စားသုံးသူများ၏ ၀ယ်အားကောင်းလာမှုကြောင့် စိတ်ကြိုက်ဝယ်ယူ စားသုံးလာကြသည်။ ကုန်ထုတ်လုပ်သူများအနေဖြင့် ၀ယ်သူလိုလားသည့်အရာကို သိဖို့လိုလာသည်။ သို့ဖြစ်၍ ဈေးကွက်ရရန် အရေးထားသည့် Marketing Concept ပေါ်ပေါက်လာသည်။ ၀ယ်သူများအလိုကို ဖြည့်ဆည်းရန်လိုအပ်မှုများမှာ 4Ps (P လေးလုံး) အဖြစ် စဉ်းစားလာရသည်။ ရောင်းအားကောင်းရန် ပါဝင်ရမည့် အမျိုးမျိုးတို့ကို Marketing Mix ဟု ညွှန်းသည်။

Marketing ၏ 'P' လေးလုံးမှာ . . .

Product – ရောင်းချမည့်အရာ

ကုန်ပစ္စည်း၊ ၀န်ဆောင်မှု၊ သွားလိုရာခရီး၊ အကြံဉာဏ်တို့ ဖြစ်နိုင်သည်။ ဤနေရာတွင် ဆုံးဖြတ်ရမည်တို့မှာ ကုန်ပစ္စည်း၏ပုံ၊ အရည်အသွေး၊ ထုပ်ပိုးမှုတို့နှင့် ရောင်းချပြီးနောက်ပေးသည့် ၀န်ဆောင်မှုတို့ဖြစ်သည်။

Price – ဈေးနှုန်း

ဝယ်သူများ မည်မျှပေးနိုင်မည်ကို ခန့်မှန်းရန်လိုသည်။ အရောင်းမှာ ၀င်ငွေရသည့် တစ်ခုတည်းသော အကြောင်းဖြစ်ပြီး ကျန်ကိစ္စများမှာ စရိတ်စက ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် အများဆုံးရနိုင်သည့် ဈေးဖြင့်ရောင်းပြီး နောက်ပိုင်းလျှော့ချပေးခြင်းဖြင့်လည်းကောင်း၊ ဈေးကွက်ကိုထိုးဖောက်ရန် ဈေးဦးလျှော့၍ ရောင်းခြင်းတို့ကို ရွေးချယ်ဆုံးဖြတ်ရမည်။ မည်သို့ Discount များပေးမည်၊ အချိန်အခါအလိုက် ဈေးလျော့ပေးခြင်းနည်းတို့ကို သုံးမည် မသုံးမည်ကို ဆုံးဖြတ်ရမည်။ ဈေးနှုန်းနှင့်ပတ်သက်၍ ဈေးတင်ခြင်း၊ ဈေးချခြင်းတို့မှာ လွယ်လွယ်ကူကူ လုပ်နိုင်သည်။ အခြေအနေ၊ အချိန်အခါအရ လုပ်ဖို့လည်း လိုလာတတ်မြဲဖြစ်သည်။

Place – ရောင်းချမည့်နေရာ

စားသုံးသူများလက်သို့ လွယ်ကူစွာရောက်နိုင်ရန်မှာ နေရာမှန်တွင်ရှိဖို့ အရေးကြီးသည်။ နေရာမှန်ဖြစ်ရန်မှာ မိမိရွေးချယ်ထားသော ဖြန့်ဖြူးမှုလမ်းကြောင်းအပေါ် မူတည်သည်။ အရောင်းကိုယ်စားလှယ်များထား၍ လည်းကောင်း၊ စာတိုက်သို့မဟုတ် ကုန်ပို့လုပ်ငန်းဖြင့်လည်းကောင်း၊ တယ်လီဖုန်း အင်တာနက် စသည်တို့မှ  မည်သို့အများဆုံးရောင်းချသည့်အပေါ် မူတည်သည်။ လက်လီလက်ကား ရောင်းသူများမှတစ်ဆင့်လည်း ဖြန့်ဖြူးနိုင်သည်။ ဈေးကွက်ကို မည်သို့ခြုံငုံဖြန့်ဖြူးလိုသည်ဆိုသည့် အချက်ကလည်း အရေးပါသည်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရန် အချို့နေရာများကို ရွေး၍သော်လည်းကောင်း၊ အထူးတလည်သီးသန့်နေရာများမှ ဖြန့်ဖြူးခြင်းသော်လည်းကောင်း လိုအပ်သလို ရွေးရမည်။

နေရာရွေးရာတွင် ကုန်သယ်ယူပို့ဆောင်မှု၊ သိုလှောင်မှုနှင့် အလုပ်လုပ်ရာနေရာတို့သည်လည်း အရေးကြီးသည့်အချက်များဖြစ်သည်။

Promotion – ဈေးကွက်မြှင့်တင်ခြင်း

အရောင်းမြှင့်တင်ရန် ကော်မရှင်ပေး၍ သတင်းစာ၊ ရေဒီယို၊ တီဗီ၊ ဆိုင်းဘုတ်စသည်တို့ဖြင့် ကြော်ငြာနိုင်သည်။ Sponsor ပေးခြင်း၊ ပြပွဲများလုပ်ခြင်း၊ ကြော်ငြာစာရွက်များကမ်းခြင်း၊ လက်ဆောင်ကမ်းခြင်းတို့ဖြင့် လုပ်နိုင်သည်။ Promotion လုပ်ခြင်းမှာ အချိန်အခါအလိုက် လုပ်ခြင်းဖြစ်သည်။

အင်တာနက်ခေတ်တွင် Promotion လုပ်ပုံများ ပြောင်းလာသည်။ Customization ဟုခေါ်သည့် ၀ယ်သူတစ်ဦးချင်းစီအရောက် ဆက်သွယ်မှုနည်းများ သုံးလာသည်။ သို့ရာတွင် 4Ps မှာ အသုံးတည့်ပြီး ယနေ့အထိ နည်းလမ်းကောင်းပင်ဖြစ်သည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း- ရန်ကုန်စီးပွားရေးတက္ကသိုလ်)