Oway ရဲ့ Founder & CEO ဦးနေအောင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်မှာ Mobile Application တွေကို အခြေခံပြီး ၀န်ဆောင်မှုပေးတဲ့ စီးပွားရေးလုပ်ငန်းတွေ တစ်စတစ်စ ပိုမိုများပြားလာပါပြီ။ ဒီအထဲမှာမှ လူတွေရဲ့နေ့စဉ် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ အလုပ်ရှာဖွေရေး၊ ဘဏ်လုပ်ငန်း၊ အစားအသောက်မှာယူနိုင်တဲ့ Application စတာတွေ ဒီနေ့ခေတ်ရဲ့ လူနေမှုဘ၀ပုံစံမှာ အရေးပါလာပါပြီ။ ဒီအတွက် Travel Booking App နဲ့ Taxi App နှစ်ခုကို ဆောင်ရွက်နေတဲ့ Oway ရဲ့ Founder & CEO ဦးနေအောင်နဲ့တွေ့ဆုံဖြစ်ခဲ့ပြီး လုပ်ငန်းရဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်းပုံ၊ စီးပွားရေးစီမံခန့်ခွဲမှုပိုင်းနဲ့ အတွေးအခေါ်တွေ၊ အနာဂတ်လုပ်ငန်း အစီအစဉ်တွေကို အခုလိုသိခွင့်ရခဲ့ပါတယ်။

OwayUNayAung

နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံများ . . .

ကျွန်တော်ဟာ University of Arizona ကနေ Bachelor in Law and Economic ရခဲ့ပြီး London School of Economics ကနေ Master in Economics နဲ့ Stanford University ကနေ Master in Management ဘွဲ့တွေ ရခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံကတော့ Google Product တွေရဲ့ အွန်လိုင်းငွေပေးချေမှု စနစ်ဖြစ်တဲ့ Google Wallet Product Team မှာ အစောပိုင်း အဖွဲ့ဝင်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် Google မှာပဲ Business Strategy and Operation Group မှာလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ Oway Inc ရဲ့ Founder and CEO အဖြစ် ဆောင်ရွက်လျက်ရှိပြီး Oway Travel နဲ့ Oway Rides ဆိုတဲ့ Product နှစ်ခုကို Run နေပါတယ်။

Oway လုပ်ငန်းတွေရဲ့ လက်ရှိအနေအထားကိုလည်း ပြောပြပေးပါ . . .

ကျွန်တော်တို့ Oway ကို၂၀၁၂ ခုနှစ်က စခဲ့ပါတယ်။ စခဲ့တုန်းကတော့ မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးမှာ လေကြောင်းလိုင်းတွေရဲ့ Booking ပိုင်းကို စတင်လုပ်ခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ အခြေခံပြီးတော့ ပလက်ဖောင်းတစ်ခုကို စတင်တည်ထောင်ခဲ့တာပေါ့။ ကျွန်တော်တို့ရဲ့ အဓိကအားသာချက်က နိုင်ငံခြားက Credit Card ရှိတဲ့သူတွေ ၀ယ်လို့ရတာပေါ့။ အခု Oway Travel မှာဆိုရင် Flight တွေ၊ Hotel တွေ၊ Ground Transport ဖြစ်တဲ့ Car Rental တွေပါပါတယ်။ မြန်မာပြည်ရဲ့ Travel Business နဲ့ Logistics Business ကို ပေါင်းထားတာပါ။ နောက်လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်မှာ ကျွန်တော်တို့ Oway Ride ဆိုတဲ့ Product ကို စတင်ခဲ့ပါတယ်။ Oway Ride ကတော့ Mobile Based Application တစ်ခုဖြစ်ပြီး ဒီ Application ကနေ အနီးအနားမှာရှိတဲ့ Taxi တွေကို ငှားလို့ရတဲ့ နည်းစနစ်တစ်ခုပါ။

ဒီလုပ်ငန်းနှစ်ခုရဲ့ ဖွဲ့စည်းပုံကကော ဘယ်လိုများလဲ . . .

သူ့ဟာနဲ့သူ Group ခွဲထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတွေကို အများကြီးမလုပ်ဘူး။ ကျွန်တော်တို့ တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင် အစအဆုံး In Depth လုပ်ပါတယ်။ သေချာ Focus လုပ်ပြီး Customer Experience ကို အဓိက ဦးစားပေးပါတယ်။ ကျွန်တော်တို့က Product တိုင်းကို အောင်မြင်အောင်လုပ်ဖို့ အချိန် နှစ်နှစ်ကနေ သုံးနှစ်အထိ ပေးထားတယ်။ ဖွဲ့စည်းမှုအနေနဲ့ကတော့ Business Unit တွေခွဲထားတာပေါ့။ Business Model အနေနဲ့ကတော့ မြန်မာနိုင်ငံထဲမှာ Marker Leader ဖြစ်ချင်တဲ့အတွက် Business Model တွေကို Market Share ကို အများဆုံးရနိုင်အောင် လုပ်ထားပါတယ်။

Oway Ride နဲ့ ပြိုင်ဘက်နိုင်ငံတကာ ကုမ္ပဏီတွေဖြစ်တဲ့ Uber နဲ့ Grab တို့ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာတဲ့အခါ စိုးရိမ်မှုရှိပါသလား။ ဒီအတွက်ကော ဘာတွေ ဘယ်လိုပြင်ဆင်ထားပါသလဲ . . .

စိုးရိမ်သလား မေးရင်တော့ စိုးရိမ်မှုရှိတယ်လို့ပဲ ပြောရပါမယ်။ ကမ္ဘာပေါ်က နည်းပညာချင်းတူတဲ့ အင်အားကြီးတဲ့ ကုမ္ပဏီနှစ်ခုရောက်လာတဲ့အတွက် ပိုပြီးတော့စိုးရိမ်စရာတွေ ဖြစ်တာပေါ့။ ဒီအတွက် အဓိက ကျွန်တော်တို့ ပြန်ကြည့်နေတာကတော့ ကျွန်တော်တို့ရဲ့ Customer Experience က ဘာလဲ၊ Customer ကို ဘယ်လိုဂရုစိုက်မလဲ၊ ဘယ်လို Differentiate တွေ လုပ်နိုင်မလဲ။ နောက်ပြီး End User Experience ကို ကျွန်တော်တို့ ကောင်းမွန်မှုရှိတာ သေချာအောင် ဘယ်လိုတွေလုပ်နိုင်မလဲဆိုပြီး အလုပ်ကိုပဲ ပိုပြီးတော့ Focus ထားပြီး လုပ်နေပါတယ်။ ဒီအချိန်က အင်မတန်ကို ပိုပြီးကြိုးစားရမယ့် အချိန်တစ်ခုရောက်နေပြီလို့ ယူဆထားပါတယ်။

Customer Loyalty ကို ဘယ်လိုရအောင်ယူပါသလဲ . . .

အဓိက Customer Loyalty ပိုင်းကို ရဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ Meter Based Taxi ဈေးနှုန်းက အင်မတန်ကို Competitive ဖြစ်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ယာဉ်မောင်းတွေကို တကယ့်ကို ကိုယ့်ရဲ့ Partner တွေလို သေသေချာချာ ဂရုစိုက်ပြီးတော့ Suppor လုပ်ပေးပါတယ်။ နောက်ပြီး အခုလောလောဆယ်မှာ ယာဉ်မောင်းတွေနဲ့ပူးပေါင်းပြီးတော့ လုပ်မယ့်လုပ်ငန်းတွေ ရှိတယ်။ ယာဉ်မောင်းတွေရဲ့ Livelihood ကို တစ်ချိန်ကျလို့ရှိရင် ပိုပြီးတော့တိုးတက်စေအောင် Traing Program တွေ ပေးထားတာ ရှိတယ်။ နောက်ပိုင်းကျရင် သူတို့ကို Independent တွေလို ဖြစ်လာအောင် ပံ့ပိုးသွားဖို့ ရည်ရွယ်ချက်တွေ ရှိတယ်။ တတိယတစ်ခုကတော့ Call Center နဲ့ Support လုပ်ထားတာတွေ ရှိတယ်။ နောက်ပြီး ကားတွေရဲ့ ပြုပြင်မှုအပိုင်း၊ သန့်ရှင်းမှုအပိုင်းတွေကို အများကြီး Focus လုပ်ထားပါတယ်။ ဒီတော့ နောက်လာမယ့် သုံးလကနေ ခြောက်လအတွင်းမှာ Program တွေ အများကြီးထပ်ချဲ့ပြီးတော့ Customer Experience ကို ပိုပြီးတော့ကောင်းအောင် ကြိုးစားနေပါတယ်။ လောလောဆယ်မှာဆိုရင်တော့ New User ဆိုလို့ရှိရင် Welcome 2000 ဆိုတဲ့ Code နဲ့ နှစ်ထောင်ကျပ် သက်သာစေမယ့် Promotion လုပ်နေပါတယ်။  Application ကို ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် သုံးလာအောင် ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာ ဒါကို တစ်ကြိမ်တည်း မဟုတ်ဘဲ နှစ်ကြိမ် ပေးဖို့ရှိပါတယ်။ နောက်ပိုင်းမှာ တခြား Program တွေ ဥပမာ – လစဉ်ငှားလို့ရတဲ့ အစီအစဉ်မျိုး၊ တစ်လအတွင်းမှာ ပုတ်ပြတ်ပေးမယ်၊ ငါးသောင်းဆို ဘယ်နှကြိမ် စီးလို့ရမယ်ဆိုတာမျိုးတွေ တွင်တွင်ကျယ်ကျယ် သုံးနိုင်အောင် လုပ်ဖို့ရှိပါတယ်။ ဒါမျိုးကျတော့ Power User တွေအတွက် ပိုပြီးတော့ အဆင်ပြေစေမယ်။ ပြီးတော့ သယ်ယူပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ Passenger မဟုတ်ဘဲနဲ့ တခြား Delivery ပိုင်းတွေလုပ်ဖို့လည်း မကြာခင် လာပါတော့မယ်။ ဥပမာ – မိတ္တူဆိုင်တစ်ဆိုင်က မိတ္တူပစ္စည်းတွေကို Customer ကို သွားပြီးတော့ ပေးဖို့ရှိတယ်ဆိုရင် Oway Ride က Delivery လုပ်ပေးမယ်။ ဒီလို Logistic Business တွေကိုပါ Support လုပ်ဖို့ ရှိနေပါတယ်။ နောက်ပြီး Airport Operation နဲ့ပတ်သက်ပြီး Shuttle Bus Service နဲ့ ရန်ကုန်မြို့အနှံ့ ပို့ဆောင်ပေးနိုင်မယ့် Service လည်း လုပ်သွားပါမယ်။ Oway Ride က ကိုယ်ပိုင်ကားတွေလည်း ထည့်သွားမယ့် အစီအစဉ်တွေ ရှိပါတယ်။

ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြည်တွင်း လိုအပ်ချက်အပေါ်မှာ အာရုံစိုက်ပြီး လုပ်ဆောင်မယ်ဆိုရင် တခြားနိုင်ငံက လုပ်ငန်းတွေနဲ့မတူဘဲ ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ကို အကြံပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။ တကယ့် တကယ်အခက်အခဲတွေ ဖြစ်တာကိုသိရတော့မှ ကျွန်တော်တို့ ပိုပြီးတော့ကောင်းကောင်းမွန်မွန် ပြင်ဆင်နိုင်မယ်။

အခုဆိုရင် တချို့ Taxi Driver တွေက Uber ၊ Grab တို့နဲ့လည်း ချိတ်ဆက်ထားသလို တစ်ချိန်တည်းမှာပဲ Oway နဲ့လည်း ချိတ်ဆက်ထားတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လို Conflict တွေရှိပါသလဲ။ ဒါကို ဘယ်လိုမျိုး ဖြေရှင်းသွားဖို့ရှိပါသလဲ . . .

ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ Operation ကနေပြီးတော့ ပိုပြီးတော့ ပြတ်ပြတ်သားသားနဲ့ ယာဉ်မောင်းတွေအနေနဲ့ ပိုပြီးတော့ Commit လုပ်အောင် ကြိုးစားနေတယ်။ နောက်ပြီး နည်းပညာနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာအောင် ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ ဆိုလိုတဲ့သဘောက နှစ်ခုသုံးလို့ မရဘူး။ တစ်ခုဆို တစ်ခုပဲ လုပ်ရမှာပေါ့။ အဲဒီအတွက် Challenge က များမလားဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ယာဉ်မောင်းတွေကို Incentives အနေနဲ့ ပေးထားတာတွေလည်း အများကြီးရှိတယ်။ နောက်ပြီး Training တွေလည်း အများကြီးရှိတယ်။ နောက်ပြီး Agreement အရလည်း ကျွန်တော်တို့ ပိုပြီးတော့ Committed ဖြစ်အောင် လုပ်ထားတယ်။ Agreement ကို လိုက်နာကြအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

နောက်ပြီး အခုဆိုရင် Taxi Application Company တွေကြား Promotion တွေ အပြိုင်အဆိုင် လုပ်ကြတာကို တွေ့ရတော့ ရေရှည်မှာ Deep Pocket သွားနိုင်တဲ့ Service ဖြစ်မယ့် အခြေအနေမျိုးများ ဖြစ်နေသလား . . .

Business Model တစ်ခုက Sustainable ဖြစ်ဖို့ဆိုတာကတော့ Regulation အရရော၊ Capital Rasing အရပါ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ Customer Loyalty နဲ့အားပေးမှုက ကျွန်တော်တို့အတွက် ပိုပြီးတော့အရေးကြီးပါတယ်။ Customer တွေရော၊ Driver တွေပါ အသုံးပြုဖို့ အဆင်ပြေနိုင်ဖို့က ပိုပြီးတော့ အရေးကြီးလာပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒီအတွက် အရင်ထက် အများကြီးပိုပြီးတော့ ပြင်ဆင်နေပါတယ်။ ပြင်လည်း ပြင်ဆင်ခဲ့ပါတယ်။

Pricing ပိုင်းနဲ့ ယှဉ်ပြိုင်မှုတွေရှိတဲ့ အပေါ်မှာကော သုံးသပ်ပေးပါ . . .

ကျွန်တော် သိရသလောက် နိုင်ငံခြားကုမ္ပဏီတွေက လမ်းကြောင်းတစ်ခုတိုင်းကို ၂၅ ရာခိုင်နှုန်း Commission Charge လုပ်တယ်။ ကျွန်တော်တို့ Oway Ride ကတော့  ၁၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီ Charges က ကျွန်တော်တို့ပေးတဲ့ Services ၊ Training ၊ Device နဲ့ Promotion တွေအတွက် သင့်တော်တယ်လို့ ယူဆထားပါတယ်။ နောက်ထပ် Road Map ထဲမှာ ထောက်ပံ့ပေးမယ့် Program တွေလည်း အများကြီးရှိနေသေးတယ်။ အဲဒီတော့ အဓိကကတော့ User အနေနဲ့ ဘယ် Product က အဆင်ပြေပြီးသုံးမလဲဆိုတာပဲ ဖြစ်ပါတယ်။

OwayUNayAung2

Oway Ride ရဲ့ ယှဉ်ပြိုင်နိုင်မှုအခြေအနေ . . .

ကျွန်တော်တို့နိုင်ငံရဲ့ Taxi Marker ကို ကြည့်တဲ့အခါ နိုင်ငံတကာက ကုမ္ပဏီရော၊ ပြည်တွင်းကုမ္ပဏီတွေပါ ရှိနေပါတယ်။ Car Rental ဘက်မှာဆိုလည်း Player တွေ အများကြီးရှိနေပါတယ်။ ဒီတော့ ဒီ Market က တအားကိုပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။

လုပ်ငန်းနှစ်ခုက Market Share ဘယ်လောက် ရာခိုင်နှုန်းများ ရထားသလဲဆိုတာကိုကော ပြောပြနိုင်မလား . . .

Oway Ride အတွက်က ပြောရခက်ပါတယ်။ ရန်ကုန်မှာ Taxi အရေအတွက်က ခုနစ်သောင်းလောက် ရှိပါတယ်။ အခုဆိုရင်တော့ Market Share က သေးသေးလေးပေါ့။ Taxi ပိုင်းမှာတော့ Market Share ဘယ်လောက်ရသလဲဆိုရင်တော့ ကျွန်တော်တို့က Booking Volume အရ Market ရဲ့ Top 5 ထဲမှာ  ပါနေပါပြီ။

လက်ရှိ Oway မှာ တာဝန်ယူထားတဲ့ Role နဲ့ Responsibility က . . .

ကျွန်တော့်ရဲ့ Role ကတော့ Founder & CEO ဖြစ်ပါတယ်။ တာဝန်ယူထားတဲ့အပိုင်းဆိုရင်တော့ ကျွန်တော်က Decision Making ပိုင်းရော၊ Operation ပိုင်းမှာပါ တော်တော့်ကို Involved ဖြစ်ပါတယ်။ Decision တွေ အစအဆုံး အကုန်လုံးတော့ မလုပ်နိုင်ပေမယ့် ကိစ္စအတော်များများမှာ ပါဝင်ဆောင်ရွက်ပါတယ်။

မြန်မာနိုင်ငံရဲ့ Service Industry မှာ Complaints တွေက ကြီးကြီးမားမားရှိနေတတ်တယ်။ Service ကလည်း အဓိကကုမ္ပဏီဖြစ်တဲ့အတွက် Service ပိုင်းကောင်းအောင် ဘယ်လိုဆောင်ရွက်ပါသလဲ။ ပေးတဲ့ Service ကောင်း၊ မကောင်းကိုကော ဘယ်လို Check လုပ်ပါသလဲ . . .

ဒါက ကျွန်တော်တို့အတွက် Ongoing Challenge ဖြစ်ပါတယ်။ Service ကုမ္ပဏီတစ်ခု စတင်ဖွဲ့စည်း တည်ထောင်ကတည်းက ရည်ရွယ်ချက်က ကျွန်တော်တို့ Customer ကို တကယ့်တကယ် ဘယ်လိုစိတ်ကျေနပ်မှု ပေးနိုင်မလဲဆိုတာ ဖြစ်ပါတယ်။ ကျွန်တော့်မှာ အဓိကစဉ်းစားတာ သုံးခုရှိပါတယ်။ ပထမတစ်ချက်က Customer ရဲ့ စိတ်ကျေနပ်မှုက ကျွန်တော်တို့အတွက် အမြဲတမ်း အရေးအကြီးဆုံးပဲ။ ဒုတိယ တစ်ချက်ကတော့ အမြဲတမ်း Innovate ဖြစ်ရမယ်။ တတိယအချက်ကတော့ ရေရှည်ကို ကြည့်ဖို့ပါ။ ဒီသုံးခုကို ပြန်ပြီးတော့ သေချာ Focus လုပ်မယ်ဆိုလို့ရှိရင် သူ့ဟာသူ အဆင်ပြေသွားပါလိမ့်မယ်။  ပြိုင်ဆိုင်မှုတွေက ဘယ်လိုပဲများများ Sustainable ဖြစ်တဲ့ Model တစ်ခုလည်း ရှိမယ်၊ ရှေ့မှာပြောသွားတဲ့ အချက်သုံးချက်ကိုလည်း Focus လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ရေရှည်မှာ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

အဲဒီအတွက် ၀န်ထမ်းတွေကို Training ပေးတဲ့အပိုင်း . . .

ဒါက ၀န်ထမ်းခန့်တဲ့နေရာမှာလည်း အများကြီးမူတည်ပါတယ်။ စခန့်ကတည်းက HR Process တွေနဲ့ New Technology ကို အားသာနိုင်တဲ့သူတွေကို ခန့်ထားတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်ထားတာကတော့ Goal တစ်ခုနဲ့ Objectives ကို ချပြထားတယ်။ ဒါကို အောင်မြင်အောင် ဘယ်လိုလုပ်လို့ရမလဲပေါ့။ အရေးအကြီးဆုံးကတော့ Passion ပဲ ဖြစ်ပါတယ်။ Passion ရှိပြီး တစ်ချိန်လုံး စဉ်းစားနေတယ်ဆိုရင် Solution တစ်ခုက ပေါ်လာမှာပဲ။ အဲဒီတော့ ဒီ Passion နဲ့ အလုပ်ပြီးမြောက်အောင်မြင်တာကို Ignite လုပ်လို့ရမလဲဆိုတာက ကျွန်တော့်ရဲ့ အဓိကအရေးကြီးတဲ့ Management တစ်ခုလို့ ပြောလို့ရပါတယ်။ Goal တွေ သတ်မှတ်တယ်၊ Vision တွေ ချမှတ်တယ်။ ၀န်ထမ်းတွေရဲ့ Workforce မှာ စိတ်ပါဝင်စားအောင် လုပ်ဖို့ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ၀န်ထမ်းတွေအားလုံးနဲ့ အမြဲတမ်းတော့ တိုက်ရိုက်မထိတွေ့နိုင်ဘူး။ Direct Manager တွေနဲ့ပဲ ထိတွေ့ဖြစ်တယ်ဆိုပေမယ့် Organization က Flat ဖြစ်တဲ့အတွက် တော်တော်လေးတော့ Accessible ဖြစ်ပါတယ်။ ၀န်ထမ်းတွေ အားလုံးနဲ့ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ သူတို့ပြောတဲ့ Feedback တွေကို အမြဲနားထောင်တယ်။

Expatriate တွေနဲ့ Repatriate တွေ ခန့်ထားမှုအပိုင်းနဲ့အတူ ၀န်ထမ်းတွေရဲ့စွမ်းဆောင်ရည်ပိုင်း . . .

Expatriate က ငါးယောက် ရှိပါတယ်။ Repatrite တွေလည်း များပါတယ်။ Local ကတော့ အများဆုံးပါပဲ။   ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုရင်တော့ Cross Functional ဖြစ်တာကို သဘောကျတယ်။ လူက တော်လို့ရှိရင် ဒီတစ်ခုတည်းမဟုတ်ဘဲ အများကြီး စဉ်းစားနိုင်တာပေါ့။ ဥပမာ – လူတစ်ယောက်ကို Marketing အတွက် ငှားခဲ့ပေမယ့် Operation ထဲလည်း ဆင်းပြီး Support လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ Core Concentration ကတော့ Marketing ပဲ။ ဒါမျိုးကိုတော့ ကျွန်တော်တို့ပိုပြီးသဘောကျတာပေါ့။ Technology ဘက်မှာဆိုရင်တော့ ပြောင်းလဲမှုတွေနဲ့ ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတဲ့သူမျိုးက နောက်ပိုင်းအောင်မြင်လာမှာပေါ့။ အဲဒီလို Personality မျိုးက အရေးကြီးပါတယ်။

တခြားကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းတဲ့အပိုင်း . . .

လက်ရှိမှာ Oway Ride ဆိုတဲ့ Product တစ်ခုကို Launch လုပ်တဲ့အခါ Process တွေ အများကြီးရှိပြီး အခက်အခဲတွေလည်း အများကြီးတွေ့ရပါတယ်။ အင်ဂျင်နီယာတွေနဲ့အတူတူ Product ကို Develop လုပ်ရတာရှိတယ်။ Customer တွေကို Educate လုပ်ရတာရှိတယ်။ အခုက ကျွန်တော်တို့အတွက် ဘာက ပိုခက်ခဲသလဲဆိုတော့ ကျွန်တော်တို့ Oway Ride က နေ့စဉ်နေ့တိုင်းသုံးနေတဲ့ Product ဖြစ်တာကြောင့် တစ်ခုခုလေး ထိမိသွားတာနဲ့ လူအများကြီးနဲ့ပတ်သက်ပြီး ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ပိုပြီးတော့ ဂရုစိုက်ရတယ်။

ကိုယ့်ရဲ့အသိပညာပိုင်းကိုကော အမြဲတမ်း Update ဖြစ်နေအောင် ဘယ်လိုပုံစံနဲ့လေ့လာပါသလဲ . . .

ကျွန်တော် အမြဲတမ်း စာဖတ်နေတယ်။ ကျွန်တော် အလုပ်လုပ်တဲ့ Industry စပေါ်လာတာကစပြီး Trend တွေ ဘယ်လိုပြောင်းသွားသလဲ။ Society ကကော ဘယ်လိုပြောင်းသွားသလဲ။ အဲဒီအတွက် ဘယ်လိုဖြစ်သွားသလဲဆိုတဲ့ Historical Perspective ကို လေ့လာတယ်။ Operation Process ပိုင်းအတွက်ကျတော့ နိုင်ငံခြားမှာ ဘာတွေဖြစ်နေပြီလဲဆိုတာတွေ သိရအောင် ခရီးတွေလည်း ထွက်ပါတယ်။ ကျွန်တော်တို့နဲ့ဆင်တဲ့ Industry ထဲမှာရှိတဲ့ Specialist တွေနဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်နေပါတယ်။ နောက်ဆုံးတစ်ခုကတော့ Customer တွေရဲ့ Pain Points တွေကို မြန်မြန်ဆန်ဆန်နဲ့သိပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းလို့ရမလဲ ဆိုတာပေါ့။ ဒီလိုဖြေရှင်းပြီးတော့ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ရဲ့ Business ကိုပါ Update ဖြစ်အောင် လုပ်ပါတယ်။ ဒါတွေကို မှန်မှန်နဲ့ ရေရှည်စဉ်ဆက်မပြတ် လုပ်နေပါတယ်။

ကိုယ်တိုင်ကျင့်သုံးနေတဲ့ စီမံခန့်ခွဲမှုပုံစံ . . .

ကျွန်တော်က Short Term နဲ့ Long Term ကို စဉ်းစားပါတယ်။ Short Term မှာဆိုရင် Acton ကို ပိုလိုချင်တယ်။ ဆိုလိုတာတာက Action တစ်ခုက မှားသွားတယ်ဆိုရင်တောင် လက်ခံတယ်။ ဒါပေမဲ့ Action မြန်တာကို ပိုကြိုက်တယ်။ ကျွန်တော်တို့အနေနဲ့ အချိန်တွေ အများကြီးကြာကြာ ဆုံးဖြတ်နေပြီး အလုပ်မပြီးတာကို ကျွန်တော်မကြိုက်ဘူး။ မြန်မြန်ဆုံးဖြတ်ပြီး အလုပ်စလိုက်တာကို ပိုကြိုက်တယ်။ ပြီးတော့မှ မှားသွားတယ်ဆိုရင် ကျွန်တော်တို့ ပြန်ပြင်သွာမယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ Measurement အနေနဲ့က Customer တွေရဲ့ Feedback ကိုကြည့်တယ်။ အဲဒီအတွက်ကြောင့် Adoption Cycle မြန်တာကို ပိုကြိုက်ပါတယ်။

အဲဒီတော့ Long Term Strategy တွေရှိရတယ်။ Short Term မှာကျတော့ Adaptability နဲ့ Flexibility ကို ပိုပြီးတော့ အားသာတယ်လို့ ပြောလို့ရပါတယ်။

မြန်မာနိုင်ငံ ပြန်ရောက်ပြီး နေ့စဉ်လုပ်ငန်းခွင်ဘ၀ . . .

ကျွန်တော် အခုဆိုရင် မြန်မာနိုင်ငံ ပြန်ရောက်တာ ငါးနှစ်ထဲမှာရှိနေပြီ။ သက်သာတဲ့နေ့၊ အနားရတဲ့နေ့ဆိုလို့ နှစ်ရက်၊ သုံးရက်ထက် ပိုပြီးမရှိဘူး။ Challenge တွေက တစ်ခုပြီး တစ်ခုရှိနေပြီး ခေါင်းထဲမှာ အမြဲစဉ်းစားနေရတယ်။ အခု လက်ရှိ Operation က ဘယ်လိုလဲ။ ဘယ်သူ့ကို ငှားရမလဲ။ သုံးထားတဲ့ Strategy က ဘယ်လိုလဲ။ နောက်တစ်နှစ်ရဲ့ Strategy ကကော ဘယ်လိုဖြစ်မလဲ။ ကျွန်တော့်အထင် ဒါဟာ Entrepreneur တွေတိုင်း အမြဲတမ်း ကြုံတွေ့ရတာပေါ့။ ဒါပေမဲ့ အရေးကြီးတာက ဘယ်လို Flexible ဖြစ်မလဲ၊ ဘယ်လို Adopt ဖြစ်မလဲဆိုတာပေါ့။

ဒါဆို Stress Management က ဘယ်လိုဖြစ်မလဲ . . .

အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော် Stress Management သိပ်မကောင်းဘူး။ ကျွန်တော် စာအုပ်ဖတ်တာ များတယ်။ ခရီးသွားတာ များတယ်။ နောက်ပြီး Gym သွားတယ်။

Oway ရဲ့ အနာဂတ်အစီအစဉ်များ . . .

မြန်မာပြည်မှာရော ဒေသတွင်းမှာပါ Transport Industry မှာဆိုရင် ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘတ်စ်ကားတွေ၊ သင်္ဘောခရီးစဉ်၊ လေယာဉ်ခရီးစဉ်တွေတိုင်း ပါတယ်။ အဲဒီ Eco System ကြီးတစ်ခုလုံးကို ပိုပြီးတော့ Technically ပိုင်းနဲ့ အောင်မြင်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်သွားပါမယ်။

နန္ဒာနေဝင်း