Organizational Excellence ထူးကဲပြောင်မြောက်သောဖွဲ့စည်းမှု

ထူးကဲပြောင်မြောက်သောကုမ္ပဏီများ၏ ကောင်းခြင်းလက္ခဏာ ရှစ်ဖြာ

Consultant Tom Peters နဲ့ Robert Waterman ရေးသားတဲ့ In Search of Excellence စာအုပ်ကနေ အထူးကျော် ကြားလာတဲ့ သဘောတရား လမ်းညွှန်မှုဖြစ်လာပါတယ်။
စီးပွားရေးကော်ပိုရေးရှင်းတွေအဖို့ အကောင်းဆုံးကော်ပိုရေးရှင်းကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ဖြစ်ဖို့မှာ မိမိရဲ့ဝယ်သူတွေကို အထူးအာရုံစိုက်ဖို့၊ မိမိအလုပ်သမားတွေရဲ့စွမ်းအားကို နားလည်အားယူပြီး အလုပ်ကိုအားကုန်သွင်းလုပ်ဖို့သာလိုပါတယ်လို့ ဆိုထားပါတယ်။

In Search of Excellence ရဲ့ သဘောတရားနဲ့ ကိုယ့်စွမ်းအားကို အကောင်းဆုံးအားထားလုပ်ဖို့ လမ်းညွှန်မှုမှာ ကမ္ဘာတစ်ဝန်းပျံ့နှံ့ကျော်ကြားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကာလအတွင်း ရေရှည်အောင်မြင်မှုရရှိတဲ့အဖွဲ့အစည်းပေါင်း ၄၁ ဖွဲ့ကနေ ၁၄ ဖွဲ့ စိစစ်ရွေးချယ်ပြီး အောင်မြင်ရတဲ့အကြောင်းရင်းတွေ ဖော်ထုတ် သုံးသပ်ခဲ့ပါတယ်။ ထူးချွန်အောင်မြင်တဲ့ Excellent အဖွဲ့အစည်းတွေအဖြစ် ရွေးချယ်တင်မြှောက်ပြခဲ့တဲ့ကုမ္ပဏီကြီး တွေကတော့ Boeing ၊ Caterpillar ၊ Dana ၊ Delta Air Lines ၊ Digital Equipment ၊ Emerson Electric ၊ Fluor ၊ Hewlett Packard ၊ IBM ၊ Johnson and Johnson ၊ McDonald’s ၊ Procter and Gamble နဲ့ 3M ဖြစ်ပါ တယ်။

အများစုဟာ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းကြီးတွေပဲ ဖြစ်ပါတယ်။ စီးပွားရေးကော်ပိုရေးရှင်းတွေရဲ့ အောင်မြင်မှု၊ ရပ်တည်မှုတို့မှာ များစွာရှုပ်ထွေးပြီး အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ အဆုံးမှာ တစ်ခုနဲ့တစ်ခုဆက်စပ်နေတဲ့ ”S” ခုနစ်လုံးပါတဲ့ ဘောင်တစ်ခုအဖြစ်ချုပ်ပြီး ထူးချွန်အောင်မြင်မှုအကြောင်းတွေ ဖော်ထုတ်ခဲ့ပါတယ်။

”S” ခုနစ်လုံးမှာ …

Structure ဆိုတဲ့တည်ဆောက်မှု၊
Strategy ဆိုတဲ့မဟာဗျူဟာ၊
System ဆိုတဲ့စနစ်၊ Staff ဆိုတဲ့ဝန်ထမ်းတွေ၊
Style ဆိုတဲ့ လုပ်ကိုင်တဲ့ဟန်
Skill ဆိုတဲ့ကျွမ်းကျင်မှုနဲ့
Shared Values ဆိုတဲ့ တူညီစွာလက်ခံကြတဲ့တန်ဖိုးထားမှုတို့ ဖြစ်ပါတယ်။

ဒါ့ပြင် စီမံခန့်ခွဲမှုဘာသာရပ်မှာ လက်ခံကျင့်သုံးနေတဲ့ ဓမ္မဓိဋ္ဌာန်အယူအဆတွေမှာ မှန်နိုင်တာထက် မှားနိုင်တာတွေလည်းရှိတာကိုထောက်ပြပြီး ထူးချွန်စွာကောင်း မွန်တဲ့ အဖွဲ့အစည်းတွေမှာတွေ့မြင်ရတဲ့ အချင်းလက္ခဏာတွေကို ထောက်ပြပါတယ်။


(၁) A Bias for Action – လုပ်စရာရှိရင် သိပ်မတွေဝေဘဲ ထလုပ်တဲ့ အလေ့အထတွေ့ရခြင်း

(၂) Close to the Customer – မိမိကုန်ပစ္စည်းကို ဝယ်ယူအသုံးပြုသူတွေနဲ့ နီးနီးကပ်ကပ်ရှိပြီး ယင်းတို့လိုအပ်ချက်ကို ထင်ဟပ်ထုတ်လုပ်ရောင်းချခြင်း

(၃) Autonomy and Entrepreneurship – လွတ်လပ်ခွင့်နှင့်စီးပွားရေးသဘောအရ စွန့်စားလုပ်ကိုင်မှု

(၄)Productivity Through People – လူတွေကိုအခြေခံပြီးထုတ်လုပ်မှုစွမ်းရည်ရယူခြင်း (ကုန်ထုတ်လုပ်မှု စွမ်းရည်နဲ့အရည်အသွေးကောင်းဖို့ လုပ်သားတွေနဲ့ ကြီးကြပ်သူတွေက အဓိကကျတယ်လို့ လက်ခံပြီး စက်အားနဲ့ ငွေရင်းနှီးမြှုပ်နှံမှုကို အဓိကမထားပေ။)

(၅)Hands-on, Value-driven- ”Management by Walking Around” ဆိုတဲ့ အသုံးအနှုန်းပေါ်ထွက် ရတဲ့အကြောင်းမှာ McDonald’s အပါအဝင် အချို့ ကုမ္ပဏီအကြီးအကဲတွေဟာ အလုပ်ခွင်နဲ့အရောင်းဆိုင် တွေဆီ ပုံမှန်သွားရောက်လေ့လာတဲ့အလေ့အကျင့်ရှိ တာကို ညွှန်းပါတယ်။

(၆)Stick to the Knitting – သိုးမွေးထိုးတတ်ရင် သိုးမွေးထိုးတာပဲလုပ်ပါလို့ဆိုတာကတော့ မိမိကျွမ်းကျင်ရာကိုသာလုပ်ပါလို့ဆိုလိုတာ ဖြစ်ပါ တယ်။ Johnson and Johnson နဲ့ Proctor and Gamble တို့ဟာ အဲဒီလိုကုမ္ပဏီမျိုးပါ။

(၇)Simple form, Lean Staff – လေ့လာတွေ့ရှိချက် နောက်တစ်ခုကတော့ အဲဒီကုမ္ပဏီတွေမှာ ဏမသနြခအ တွေနဲ့ လုပ်တာမျိုးမရှိဘဲ ရိုးရှင်းပြီး ထိပ်ပိုင်းအုပ်ချုပ်သူ လည်း နည်းပါတယ်။ ပုံစံရိုးရိုးနဲ့ဝန်ထမ်းသိပ်မမျာ တာကို ဆိုလိုတာပါ။

(၈)Simultaneous Loose – Tight Properties- တစ်ချိန်တည်းမှာချောင်လည်းချောင်၊ ကျပ်လည်းကျပ်တဲ့ အနေအထားကို ဆိုလိုတာပါ။ ဗဟိုကနေချုပ်ကိုင်တဲ့ ပုံစံမျိုးရှိသလို လုပ်ပိုင်ခွင့်ကို အောက်ခြေဝန်ထမ်းတွေနဲ့ ကြီးကြပ်သူတွေမှာပါ ပေးထားပါတယ်။ ဒါပေမဲ့ တကယ်အရေးပါတဲ့၊ တန်ဖိုးထားတဲ့ကိစ္စတွေကျရင်တော့ အလျော့မပေးပါဘူး။


ထူးကဲပြောင်မြောက်တဲ့ အဖွဲ့အစည်းတွေအဖြစ် ရွေးချယ်သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေဟာ လည်း သက်တမ်းရှည်မယ်လို့မပြောနိုင်တာတွေ့ရပါတယ်။ ကုမ္ပဏီတွေရဲ့ သုံးပုံနှစ်ပုံဟာ ငါးနှစ်ကာလအတွင်း အခက်အခဲအမျိုးမျိုးကို ဖြေရှင်းနေရပြီး အဲဒီထဲက တစ်ခုကတော့ တစ်ပုံကတော့ ဖျက်သိမ်းလိုက်ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ပျက်စီးမှုအမျိုးမျိုးကြားမှာ ရှင်သန်နိုင်ဖို့ လှုပ်ရှားကြရတာဖြစ်တယ်ဆိုတာ လူအများလက်ခံနိုင်တဲ့သဘောတရားတစ်ခု ဖြစ်လာပါတယ်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခချုပ်(ငြိမ်း)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)