အိုလံပစ်တွင် ဂေါက်သီး ဆက်လက်ပါဝင်ဦးမည်လော (၁)

olympic20161

ယခုနှစ် သြဂုတ်လက ဘရာဇီးနိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၆ ခုနှစ် နွေရာသီအိုလံပစ်ပွဲတော်ကြီး၌ ဂေါက်သီးအားကစား ပြန်လည်ပါဝင်ခဲ့ပါသည်။ အိုလံပစ်သမိုင်းတွင် ၁၉၀၀ ပြည့်နှစ်နှင့် ၁၉၀၄ ခုနှစ်များက နှစ်ကြိမ်သာ ပါခွင့်ရသော ဂေါက်သီးအားကစားကို နှစ်ပေါင်း ၁၁၂ နှစ်ကြာပြီးနောက် ပြန်လည်ပါဝင်ခွင့်ရအောင် ကမ္ဘာပေါ်ရှိ ဂေါက်သီးအသင်းအဖွဲ့များ စုစည်းတည်ထောင်ထားသည့် International Golf Federation က ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်၌ ပါဝင်ခွင့်ရစေရန် ၂၀၀၉ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့ကြရသည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သော International Olympic Committee ၏ ၁၂၁ ကြိမ်မြောက် အထွေထွေညီလာခံ အစည်အဝေးကြီးတွင် အဆုံးအဖြတ်ရခဲ့ပါသည်။ ဂေါက်သီးအားကစားကို ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် နွေရာသီအိုလံပစ်ပွဲတော်နှစ်ခု၌ ထည့်သွင်းရန်နှင့် ယင်းနှစ်ကြိမ်၏ အခြေအနေကို ကြည့်ပြီးမှ နောင်လာမည့် အိုလံပစ်ပွဲတော်များတွင် ဆက်လက်ပါဝင်ခွင့်ပြုရေး ဆက်စဉ်းစားရန်ဟု ဆုံးဖြတ်ခဲ့ပါသည်။

အိုလံပစ်ပွဲတော်၌ ဂေါက်သီးအားကစား ပါဝင်ခွင့်ရရန် ကြိုးပမ်းနေစဉ်တွင်ပင် ဗြိတစ်ရှ်အိုးပင်း ငါးကြိမ်အပါအ၀င် ဂေါက်သီးမေဂျာပွဲကြီး ရှစ်ကြိမ်အောင်နိုင်ထားသူ မော်ကွန်းဝင်အမေရိကန်ဂေါက်သီးသမားကြီး တွမ်ဝပ်တ်ဆင်က အိုလံပစ်တွင် ဂေါက်သီးအားကစား ပါဝင်ရန်မလိုဟု အတိအလင်းဝေဖန်ခဲ့ပါသည်။ ယနေ့  ၆၆ နှစ်ရှိပြီဖြစ်သည့် တွမ်ဝပ်တ်ဆင်သည် စကားပြောဆိုရာတွင် အလွန်ပြတ်သားသူဟု နာမည်ရပါသည်။ သူနှင့် ခေတ်ပြိုင်ဖြစ်သူ ကမ္ဘာကျော် တောင်အာဖရိကဂေါက်သီးသမား မော်ကွန်းဝင်တစ်ဦးပင်ဖြစ်သူ ဂယ်ရီပလေယာအား အခွင့်အရေးသမားဟု အတိအလင်း စွပ်စွဲခဲ့ဖူးသည်။ ဂေါက်သီးတွင် နှစ်စဉ်မေဂျာပွဲကြီး လေးပွဲရှိပြီးဖြစ်ရာ အိုလံပစ်တွင်ပါမည့် ဂေါက်သီးပြိုင်ပွဲမှာ မေဂျာပွဲကြီးများလောက် ကြီးကျယ်ခြင်းမရှိနိုင်သဖြင့် အပိုပဲဟု တွမ်ဝပ်တ်ဆင်က ဆိုခဲ့ခြင်းဖြစ်ပါသည်။

ယခုနှစ် အိုလံပစ်ပွဲတော်၏ ဂေါက်သီးပြိုင်ပွဲတွင် တစ်နိုင်ငံမှာ နှစ်ဦးစီ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြပါသည်။ သို့သော် အမျိုးသားတွင် လူ ၆၀ နှင့် အမျိုးသမီးတွင် လူ ၆၀ သာ လက်ခံပါသည်။ ကမ္ဘာ့အဆင့်ဂေါက်သီး မောင်မယ်များ၏ အဆင့်ဇယားအရ ပါဝင်ခွင့်ရမည့် နိုင်ငံများကို ဦးစားပေးရွေးချယ်သည်။ တစ်နိုင်ငံမှာ နှစ်ဦးဟုဆိုသော်လည်း ကမ္ဘာ့အဆင့် ၁၅ ဦးအတွင်း ၀င်သူများအတွက် တစ်နိုင်ငံလျှင် လေးဦးအထိ ပါခွင့်ပြုခဲ့သည်။ ဥပမာအားဖြင့် အမေရိကန်ဂေါက်သီးသမားများ လေးဦး၊ ကိုရီးယားဂေါက်သီးမယ်များ လေးဦးနှင့် အမေရိကန်ဂေါက်သီးမယ်များ သုံးဦးသည် နှစ်ဦးထက် ပို၍ပါခွင့်ရခဲ့ကြပါသည်။ ပြိုင်ပွဲမှာ အသင်းလိုက်ပုံစံ ပါရှိမည်မဟုတ်ဘဲ တစ်ဦးချင်းပွဲသာ ဖြစ်ပါသည်။

အမျိုးသားပွဲတွင် အာရှမှ ပါခွင့်ရသူများမှာ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ် (တိုင်ပေ) တို့မှ နှစ်ဦးစီအပြင် ဘင်္ဂလားဒက်ရှ်မှ တစ်ဦးဖြစ်ပြီး အမျိုးသမီးများတွင် ကိုရီးယားအပြင်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ တရုတ် (တိုင် ပေ)၊ မလေးရှားတို့မှ နှစ်ဦးစီနှင့် အိန္ဒိယ၊ ဟောင်ကောင် တို့မှ တစ်ဦးစီပါခွင့်ရခဲ့ကြသည်။

အချို့သော ကမ္ဘာကျော်ဂေါက်သီးသမားများသည် ပြိုင်ပွဲဝင်ရန် ငြင်းပယ်ခဲ့ကြသည်။ အဓိကအကြောင်းအချက်မှာ ဘရာဇီး၌စတင်ဖြစ်ပွားခဲ့ကာ ကမ္ဘာသို့ စတင်ပျံ့နှံ့နေသော ဇီကာအမည်ရှိ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည်။ ထိုဗိုင်းရပ်စ်သည် ခြင်မှ ကူးစက်သည်။ ဇီကာကြောင့်ဖြစ်ပ်ါသော အဓိကကြောက်လန့်စရာကိစ္စရပ်မှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးထံ ကူးစက်ခြင်းခံရပါက သန္ဓေသားထံသို့ပါ ရောက်ရှိပြီး မွေးဖွားလာသည့်အခါ ကလေး၏ဦးခေါင်းအရွယ်အစားသည် ပုံမှန်ထက်သေးငယ်ခြင်းနှင့် ဦးနှောက်လည်းပုံမှန်ကဲ့သို့ ဖွံ့ဖြိုးမှုမရှိတော့ခြင်း ဖြစ်ပါသည်။

olympic20162

ငယ်ရွယ်သောကလေးများရှိသည့် ကမ္ဘာ့အဆင့်တစ် ဂျေးဆင်ဒေး၊ လာမည့်နှစ်တွင် လက်ထပ်ရန်ရှိသည့် ကမ္ဘာ့အဆင့်တစ်ဟောင်းနှင့် လက်ရှိနံပါတ်လေး ရော်ရီမက်ကဲလ်ရွိုင်း၊ လက်ထပ်ပြီးစ အိုင်ယာလန်ဂေါက်သီးသမား ရှိန်းလော်ရီတို့က ပြိုင်ပွဲမ၀င်နိုင်ကြောင်း ဇွန်လတွင် ကြေညာခဲ့ကြသည်။ အိုင်ယာလန်မှ ဂရမ်မ်မက်ဂ်ဒေါလ်၊ ဖီဂျီမှ ကမ္ဘာ့နံပါတ်တစ်ဟောင်း ဗီဂျေဆင်း၊ တောင်အာဖရိကမှ လူးဝစ်စ်အူစ်သေဇင်၊ ချာလ်ရှဝပ်ဇယ်နှင့် ဘရင်ဒန်ဂရေ့စ်တို့လည်း ဇီကာကို လန့်ပြီး ဘရာဇီးသို့ မသွားတော့ကြောင်း ကြေညာခဲ့ပြန်ပါသည်။

ယင်းနောက်တွင် ဘရာဇီးသို့ မသွားနိုင်ဟုဆိုသည့် အခြားလူများလည်း ပေါ်ထွက်လာပါသည်။ သြစတြေးလျမှ ကမ္ဘာ့နံပါတ်တစ်ဟောင်း အဒမ်စကော့တ်မှာ ဇီကာကြောင့်မဟုတ်ဘဲ ပြိုင်ပွဲကျင်းပသည့် အချိန်အခါသည် အခြားပြိုင်ပွဲ ပွဲစဉ်များအရ ကျပ်တည်းနေသဖြင့် မသွားနိုင်ဟု အစောကြီးကတည်းက ဆိုခဲ့သူပါ။ သြစတြေးလျမှ ဂျေဆင်ဒေးနှင့် အဒမ်စကော့တ်တို့ မသွားသဖြင့် အစားထိုးခံရသော အခြားအဆင့်အမြင့်ဆုံး သြစတြေးလျပရိုဖြစ်သူ မတ်ခ်လိရှဲပင်ကလည်း မသွားနိုင်ဟုဆိုပြန်ပါသည်။ ပြင်သစ်မှ ဗစ်တာဒူဗစ်ဆင်နှင့် ကိုရီးယားမှ ကေတီကင်းမ့်တို့လည်း မသွားသူစာရင်းတွင် ပါဝင်လာပါသည်။

များမကြာမီ ဇူလိုင်လဆန်းတွင် ဂျပန်မှ ကမ္ဘာ့အဆင့် ၁၇ အိဒဲခိမာဆူယားမားက ဇီကာကိုစိုးရိမ်သဖြင့် ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက်ဆက်လာသည့် သီတင်းပတ်တွင်ပင် ကမ္ဘာ့အဆင့်နှစ် ဒပ်စ်တင်းဂျွန်ဆင်နှင့် ကမ္ဘာ့အဆင့်သုံး ဂျော်ဒန်စပိသ်တို့ကလည်း ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီး အကြိုသတင်းစာကွန်ဖရင့်စ်၌ ဇီကာကြောင့် မိမိတို့ ဘရာဇီးမသွားရန် ဆုံးဖြတ်ကြောင်း အသိပေးခဲ့ပါသည်။ အမျိုးသားများထဲမှ ကမ္ဘာ့အဆင့် တစ်၊ နှစ်၊ သုံး၊ လေး လေးဦးစလုံး အိုလံပစ်ပြိုင်ပွဲမ၀င်တော့ခြင်း ဖြစ်လာပါသည်။

ကိုလံဘီယာမှ ကာမီလိုဗီဂျေးဂတ်စ်နှင့် တောင်အာဖရိကမှ ဘရင်ဒန်ဒီယွန်းတို့ကမူ ဇီကာကြောင့်မဟုတ်ဘဲ ပီဂျီအေတိုးတွင် နောက်နှစ်ဆက်ကစားခွင့်ရရန် ယခုနှစ်ဆုကြေးဇယား၌ အဆင့်နိမ့်နေမှုကြောင့် ပီဂျီအေတိုးပွဲများကို အာရုံစိုက်ယှဉ်ပြိုင်နိုင်ပါရန် ဘရာဇီးသို့ မသွားတော့ကြောင်း ဆိုခဲ့ကြပါသည်။ ပီဂျီအေတိုးသည် သြဂုတ်လ ၂၁ ရက်နေ့တွင်ပြီးစီးမည့် Wyndham Championship အပြီး၌ ဆုကြေးအများဆုံး တစ်နည်းအားဖြင့် ဖက်ဒိတ်စ်အမှတ်အများဆုံး ၁၂၅ ဦးကို ဖြတ်ပါတော့မည်။ ထို ၁၂၅ ဦးသည် ဖက်ဒိတ်စ်ဖလား အပြီးသတ်လေးပွဲသို့ ပါဝင်ခွင့်ရကြမည့်အပြင် ရှေ့နှစ်တွင်လည်း ပီဂျီအေတိုး၌ အချိန်ပြည့်ကစားခွင့်ရပါမည်။ အဆိုပါ ၁၂၅ ဦးစာရင်းထဲ မပါဝင်လျှင်မူကား လာမည့်နှစ်၌ အချိန်ပြည့်ကစားခွင့် ရတော့မည်မဟုတ်ပါ။ ဆုကြေးအလွန်ကောင်းပြီး ကမ္ဘာပေါ်တွင် ဆုကြေးအများဆုံးဖြစ်သော ပီဂျီအေတိုး၌ အချိန်ပြည့်ကစားခွင့်မရပါလျှင် ၀င်ငွေများစွာ ထိခိုက်ပါလိမ့်မည်။ ထိုသို့သော ၀မ်းရေးကရှိနေသဖြင့် အိုလံပစ်ထက် ပီဂျီအေတိုးပွဲအား ရွေးရခြင်း ဖြစ်ပါသည်။

ဝင်းမြင့်သိန်း