မိမိရဲ့စွမ်းအားစုများကို သုံးစွဲရေးအတွက် သတင်းအချက်အလက်ကို အသုံးချပါ

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ် . . .

စစ်ဆင်ရေးနည်းပညာနဲ့ ပတ်သက်တဲ့အချက်တွေကတော့ ပထမအချက်အနေနဲ့ နေရာအကျယ်အ၀န်းတိုင်းတာခြင်း ဖြစ်တယ်။ ဒုတိယအချက်ကတော့ အရေအတွက် ခန့်မှန်းခြင်းဖြစ်တယ်။ တတိယအချက်က ကိန်းဂဏန်းများကို တွက်ချက်ကြည့်ခြင်းဖြစ်တယ်။ စတုတ္ထအချက်က အားသာချက်ချင်းနှိုင်းယှဉ်ကြည့်ခြင်းဖြစ်ပြီး ပဉ္စမအချက်ကတော့ အောင်ပွဲခံနိုင်တဲ့ အခွင့်အလမ်းများဖြစ်တယ်။

နေရာအကျယ်အ၀န်းအတိုင်းအတာများကတော့ မြေပြင်ကရရှိတာတွေဖြစ်တယ်။ အရေအတွက်ကိုတော့ တိုင်းတာကြည့်ရာမှရရှိတာဖြစ်တယ်။ အဲဒီအရေအတွက်တွေကို အခြေခံကာသုံးသပ်ရာမှ ကိန်းဂဏန်းတွေ ရလာတာဖြစ်တယ်။ အဲဒီကိန်းဂဏန်းတွေအရ နှိုင်းယှဉ်ချက်တွေ ထုတ်ယူနိုင်တယ်။ ဒီနှိုင်းယှဉ်ချက်များအရ ကြည့်ကာအောင်ပွဲခံနိုင် မခံနိုင်သိရမှာဖြစ်တယ်။

အင်အားတောင့်တင်းမှုမှာသာနေတဲ့တပ်ဟာ စစ်ဆင်တိုက်ခိုက်ရာမှာ ဘာနဲ့တူသလဲဆိုရင် ပိတ်ဆို့သိုလှောင်ထားတဲ့လူတွေကို အလွန်တရာနက်တဲ့ ချောက်ကြီးထဲက တအားဖွင့်ချပစ်လိုက်သလိုပါပဲ။

စစ်ဆင်တိုက်ခိုက်ရာမှာ အားသာချက်ကို အသုံးချခြင်းဆိုတာ အဲဒါပါပဲ။

szpowerforce

အထက်ပါ ဆွန်ဇူးရဲ့အဆိုအမိန့်ကို တချို့ဘာသာပြန်များက အောက်ပါအတိုင်းရှင်းပြကြတယ် . . .

စစ်ဆင်ရေးနည်းဆိုင်ရာ အဆင့် ၅ ဆင့်ကို အောက်ပါအတိုင်း အကျဉ်းချုံးဖော်ပြနိုင်သည်။

ပထမအဆင့် – ရေမြေတောတောင်အနေအထားကို ကြည့်ရှု့မှတ်သားခြင်း

ဒုတိယ – စစ်ဆင်ရေးစီမံချက်အရ ဆုံးဖြတ်ဆောင်ရွက်ခြင်း

တတိယ          – လူအင်အားကို တွက်ချက်ခြင်း

စတုတ္ထ – အခွင့်အလမ်းများကို ချိန်ဆခြင်း

ပဉ္စမ – အောင်ပွဲခံခြင်းနဲ့ပတ်သက်ပြီး ဆွေးနွေးခြင်း

– Tai Mien-Leng

 

စစ်ဆင်ရေးဆောင်ရွက်ရာမှာ အောက်ပါလုပ်ငန်းများ ၅ ရပ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမည်။

၁။ ထိန်းချုပ်နိုင်ရန်

၂။ ထုတ်လုပ်နိုင်ရန်

၃။ နှိုင်းယှဉ်ကြည့်နိုင်ရန်

၎။ ဆုံးဖြတ်နိုင်ရန်

၅။ အောင်နိုင်ရန်

 

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .

အားသာချက်တွေအများကြီးရရေးအတွက် သတင်းအချက်အလက်တွေကို အသုံးချပါ . . .

Robert Nardelli ဟာ General Electric ကုမ္ပဏီရဲ့ ဓာတ်အားပေးစနစ်ဌာနဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် သူ့ရဲ့ထိပ်တန်းဖောက်သည် အယောက်တစ်ရာကို သူတို့ဘာတွေအရေးတကြီးအလိုအပ်ဆုံးလဲ၊ အဲဒါတွေအတွက် ဘယ်လိုကူညီဖြည့်ဆည်းပေးရမလဲလို့ မေးပါတယ်။ ရရှိတဲ့အဖြေများအရ သူဟာလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများက မှာယူထားတဲ့ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများကို မြန်နိုင်သမျှ မြန်မြန်ပို့ပေးပါတော့တယ်။ ဒါ့အပြင် GE အတွက် အဆန်းမဟုတ်တော့ပေမယ့် အဲဒီလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းလေးများအတွက် အသစ်အဆန်းဖြစ်နေသေးတဲ့ လျှပ်စစ်ဓာတ်ပြည်ပတင်ပို့ရေးလုပ်ငန်း စတင်လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းကိုလည်း သူတို့အတွက် ဖန်တီးပေးခဲ့တယ်။

အွန်လိုင်းမှာ ကြော်ငြာတင်ကြသူအများအပြားဟာ ၀ယ်ယူသူတွေ ပိုရလာအောင် ကြော်ငြာရာမှာ ဖောက်သည်များနဲ့ပတ်သက်တဲ့ အချက်အလက်များကို အသုံးချကာ ကြော်ငြာကြပါတယ်။ အဲသလို ဖောက်သည်များရဲ့ အချက်အလက်များဟာ ကြော်ငြာတဲ့အချက်အလက်နဲ့ ဆီလျော်မှုရှိလေလေ ကုန်ပစ္စည်းတွေ အရောင်းလိုက်လေလေ ဖြစ်တယ်။ ဆီလျော်မှုမရှိရင်တော့ အကျိုးမရှိဘူး။ ဖောက်သည်နဲ့ပတ်သက်တဲ့ အချက်အလက်များသာမက၊ ဘဏ္ဍာငွေကြေးဆိုင်ရာ၊ ၀န်ထမ်းဆိုင်ရာ၊ တီထွင်ရေး၊ သင်ကြားလေ့လာရေးဆိုင်ရာတို့ကိုပါ ပေါင်းစပ်ဆောင်ရွက်သင့်တယ်။ အလွယ်ပြောရရင်တော့ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နိုင်မှုအပေါ် အခြေခံတဲ့ ရှေ့လုပ်ငန်းရည်ရွယ်ချက်ကသာ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ်။ အမြတ်အစွန်းရနိုင်ခြေလည်း များလာမှာ ဖြစ်ပါတယ်။

ညွန့်သောင်း