ဦးနှောက်ကို  နုပျိုလန်းဆန်းစေမယ့် နည်းလမ်းကောင်း ၁၂ သွယ်

ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာ အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲလာပါတယ်။ အဲဒီလိုပဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေလည်း ပြောင်းလဲလာတတ်ပါတယ်။ ဒီအသက်အရွယ်ကိုလိုက်ပြီး  မှတ်ဉာဏ်ဆုံးရှုံးမှုတွေကို လျော့နည်းအောင် ကူညီပေးမယ့် နည်းလမ်း ၁၂ ခုကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

novhealth1

၁။ ဦးနှောက်ကို အလုပ်ပေးပါ

လူတွေနဲ့ ကြွက်တွေကို အခြေခံပြီး ဆရာဝန်တွေ သုတေသနပြုချက်အရ ဦးနှောက်အသုံးပြုတဲ့အခါ ဦးနှောက်မှာရှိတဲ့ အာရုံကြောဆိုင်ရာဆဲလ်တွေ တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ ဆက်နွှယ်မှုအသစ်တွေကို လှုံ့ဆော်ပေးပါတယ်။ ပြီးတဲ့နောက် ဦးနှောက်အတွက် ဆဲလ်အသစ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ဦးနှောက်ကို အလုပ်ပေးတာက  ဦးနှောက်ဆဲလ်တွေ ဆုံးရှုံးမှုကို တားဆီးနိုင်ပါတယ်။ ဒါပြင် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းတာကလည်း ဦးနှောက်စွမ်းဆောင်ရည်မြင့်မားဖို့ အကူအညီပေးပါတယ်။ စာဖတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလုပ်ခြင်း (တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတွေ) လုပ်ဆောင်သင့်ပါတယ်။ စကားလုံးပဟေဠိဂိမ်းကစားတာ၊ ပုံဆွဲတာ၊ လက်မှုပစ္စည်းပြုလုပ်တာ၊ သင်္ချာဉာဏ်စမ်းပုစ္ဆာ တွက်ချက်တာတွေက ဦးနှောက်ကို ပိုမိုဖွံ့ဖြိုးစေပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဆဲလ်တွေကို အားကောင်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့အခါ သွေးကြောတွေက အောက်ဆီဂျင်ကို သယ်ပြီး ဦးနှောက်ဆီကို များများပို့ပေးတဲ့အတွက် စဉ်းစားတွေးခေါ်မှုတိုးလာပါတယ်။ သွေးဖိအားကို ကျစေပြီး ကိုလက်စထရောကိုလည်း ထိန်းညှိပေးပါတယ်။ ဆီးချိုရောဂါဖြစ်ပွားတာကိုလည်း ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုကိုပါ လျှော့ကျစေပြီး  ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို အများကြီးအထောက်အကူပြုပါတယ်။

၃။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ

အာဟာရမျှတအောင် စားသောက်တာက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး မှတ်ဉာဏ်ကိုကောင်းစေပါတယ်။ ကယ်လိုရီလျှော့ချတာက အသက်အရွယ်ကြောင့် စိတ်ဓာတ်ကျမှုကို လျှော့ချပေးနိုင်ပါတယ်။ သင့်တင့်မျှတအောင် စားသောက်နေထိုင်တာက မလိုအပ်တဲ့အဆီပိုတွေနဲ့ ကိုလက်စထရောကို လျှော့ချပေးပါတယ်။ ပြီးရင် ဗီတာမင်လိုအပ်ချက်ကို ဖြည့်ဆည်းပါ။ ဗီတာမင်ဘီ အုပ်စုသုံးမျိုးဖြစ်တဲ့ Folic Acid ၊ B6 နဲ့ B12 တွေက Homocysteine Level ကို လျှော့ချပေးပါတယ်။ Homocysteine Level သိပ်များလာရင် နှလုံးတိုက်ခိုက်ခံစားရမှု၊ နှလုံးဖောက်ပြန်မှုနဲ့ သွေးကြောပိတ်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၎။ သွေးတိုးတာကို ဂရုစိုက်ပါ

သွေးတိုးတာက မှတ်ဉာဏ်အားနည်းမှုကို ဖြစ်စေပါတယ်။  သွေးတိုးတာကိုလျော့အောင် ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲရပါမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ရမယ်။ အရက်သောက်တာကို အတတ်နိုင်ဆုံးရှောင်ရမယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး အစားအသောက်ကို မှန်ကန်အောင် စားသုံးရပါမယ်။

၅။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပါ

ဆီးချိုရောဂါကို မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်တာတို့က ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သွေးတွင်းသကြားဓာတ်က ဆက်လက်မြင့်မားနေရင်တော့ ဆေးသောက်ပေးဖို့ လိုပါတယ်။

novhealth12

၆။ Aspirin အနည်းငယ်သောက်ဖို့ စဉ်းစားနိုင်တယ်

Aspirin သောက်တာက မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါကို ၁၀ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

၇။ ဆေးရွက်ကြီးကို ရှောင်ပါ

ဆေးရွက်ကြီးနဲ့ ပြုလုပ်ထားတဲ့အရာတွေကို ရှောင်ကြဉ်ရပါမယ်။

novhealth13

၈။ ကိုလက်စထရောကို ထိန်းညှိပါ

ကိုလက်စထရောမြင့်မားတာက မှတ်ဉာဏ်လျော့နည်းစေပါတယ်။ အစားအစာကို ပုံမှန်စားမယ်။ အလေးချိန်ကို ထိန်းမယ်။ ဆေးလိပ်သောက်တာကို ရှောင်ရှားရပါမယ်။ ဒီထက်ပိုလိုအပ်မယ်ဆိုရင်တော့ ဆရာဝန်ရဲ့ လမ်းညွှန်မှုကို ခံယူသင့်ပါတယ်။

၉။ အရက်ကို အလွန်အကျွံ မသောက်ပါနဲ့

အရက်ကို အလွန်အကျွံ သောက်သုံးတာက မှတ်ဉာဏ်ပျောက်ဆုံးမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်း တစ်ခုပါ။ တကယ်လို့ မဖြစ်မနေသောက်ရမယ်ဆိုရင် နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။

၁၀။ စိတ်ခံစားမှုကို ဂရုစိုက်ပါ

စိုးရိမ်ကြောင့်ကြမှုများပြီး စိတ်ကျရောဂါ ခံစားနေရတာ၊ အိပ်မပျော်ဘဲ မောပန်းနွမ်းနယ်တာတွေက ဦးနှောက်အတွက် အင်မတန် အန္တရာယ်များပါတယ်။ ဒါကြောင့် အိပ်ရေး၀၀အိပ်ဖို့ လိုပါတယ်။

၁၁။ ဦးခေါင်းကို ဂရုစိုက်ပါ

မိမိဦးခေါင်းကို ထိခိုက်ဒဏ်ရာ မရအောင် အမြဲဂရုစိုက်ရပါမယ်။ ငယ်ရွယ်ချိန်မှာ ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာက အသက်ကြီးလာချိန်မှာ မှတ်ဉာဏ်ထိခိုက်မှုအတွက် အန္တရာယ်ပိုများပါတယ်။

၁၂။ လူမှုကွန်ရက် တည်ဆောက်ပါ

အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး ရယ်မောပျော်ရွှင်တာက ဖိစီးမှုတွေကို လျော့ကျစေပြီး အသက်ရှည်စေပါတယ်။

အယ်ဒီတာအဖွဲ့