Myanmar Young Entrepreneurs Association (MYEA)

MYEA1

မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုပုံဖော်သွားမယ့် လူငယ်လုပ်ငန်းရှင်တွေကိုပံ့ပိုးပေးဖို့အတွက် တက်ကြွစွာလှုပ်ရှားနေတဲ့ Myanmar Young Entrepreneurs Association နဲ့ ပတ်သက်လို့ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းနိုင်နဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

အသင်းဖြစ်ပေါ်လာပုံ . . .

MYEA က ၂၀၀၉ ခုနှစ်မှာ Group တစ်ခုအနေနဲ့ စဖွင့်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အသင်းတစ်ခုအနေနဲ့ ဖွဲ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကစပြီး ကျွန်တော်တို့ MYEA က တဖြည်းဖြည်းနဲ့ လူတွေသိလာတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်လာတယ်။ Private Sector  ရော၊ Public Sector ရော အားကိုးလာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာတယ်။ အဓိကကတော့ Private Sector Development  အတွက် ပေါ်လစီရေးဆွဲတဲ့အပိုင်းမှာ ၀ိုင်းပြီးတော့ကူညီပေးမယ်။ နောက်ပြီး Economic Policy ၊ Entrepreneurship Policy တွေလုပ်တဲ့အပိုင်းမှာ အစိုးရနဲ့ညှိနှိုင်းပြီးတော့ လုပ်သွားပါမယ်။

MYEA ရဲ့ Founding ရည်ရွယ်ချက် . . .

၂၀၀၉ ခုနှစ်၊ တရုတ်ပြည်မှာ Asean-China Business Forum လုပ်တယ်။ အဲဒီအချိန်မှာ တချို့နိုင်ငံတွေက အသင်းအဖွဲ့တွေစပြီးတော့ ဖွဲ့နေပါပြီ။ သူတို့နိုင်ငံတွေမှာက လူငယ်စီးပွားရေးသမားတွေကို ပိုပြီးဦးစားပေးတယ်။ အဲဒီကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူငယ်လုပ်ငန်းရှင်တွေအတွက် အဖွဲ့တစ်ခုကို ဖွဲ့စည်းစေချင်ပါတယ်။ ဒါကြောင့် UMFCCI မှာ လူငယ်လည်းဖြစ်တယ်၊ Active လည်းဖြစ်တဲ့ ကိုဝေဖြိုးတို့ ဒေါက်တာဝင်းစည်သူတို့ကနေ စခဲ့တာဖြစ်တယ်။ ပထမစခဲ့တာကတော့ ဒေါက်တာဝင်းစည်သူပါ။

၂၀၁၇-၂၀၁၉ အတွက် MYEA ရဲ့ Plan တွေ . . .

Startup တွေရော၊ Entrepreneur တွေရော လိုအပ်နေတာက Access to Finance ဖြစ်ပါတယ်။ Finance ရရှိဖို့ ကျွန်တော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်း Angel  Investment Forum ဆိုပြီး လုပ်တယ်။ လုပ်ငန်းရှင်တွေကိုလည်း Investor Training ဆိုပြီးတော့ Training ပေးတယ်။ သူတို့အနေနဲ့လည်း လုပ်ငန်းအသေးလေးတွေမှာ ပိုက်ဆံထည့်လို့ရအောင်ပါ။ နောက်တစ်ခုက ဘဏ်တွေနဲ့ ချိတ်ဆက် ပြီး SME နဲ့ ပတ်သက်တဲ့ Funding ရအောင်လုပ်တယ်။ အဲဒီကမှတစ်ဆင့် လုပ်ငန်းအသေးလေးကနေ လုပ်ငန်းအကြီးကြီးအထိ အဆင့်ဆင့်ကဏ္ဍတွေမှာ ပိုက်ဆံဘယ်လိုရအောင်လုပ်ပေးရမလဲဆိုတာ ကော်မတီတစ်ခုဖွဲ့ပြီး ဒီ ၂၀၁၇ ခုနှစ်မှာ စလုပ်နေပါပြီ။

ဒုတိယတစ်ခုက Market ဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခုပဲဖြစ်ဖြစ်၊ ၀န်ဆောင်မှုတစ်ခုပဲဖြစ်ဖြစ် Market နဲ့ Network ကို ပေါင်းလိုက်ပါတယ်။ ကျွန်တော်တို့ MYEA ရဲ့ အားသာချက်တစ်ခုက MYEA မှာပါတဲ့ အသင်းသားတွေက ကဏ္ဍပေါင်းစုံ၊ Industry ပေါင်းစုံကလာတာဖြစ်တယ်။ ကျွန်တော်တို့ သက်ဆိုင်ရာအသင်းတွေနဲ့ ချိတ်ပြီးတော့ ပြည်တွင်းပြည်ပ Market ကို ပိုချဲ့သွားမယ်။ နိုင်ငံတကာအသင်းအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး Network ကို ပိုချဲ့သွားပါတယ်။ အဲဒီမှာမှ Industry အလိုက် ကျွန်တော်တို့ လုပ်သွားတယ်။ ဥပမာ- ဆေးဝါးနဲ့ပတ်သက်တဲ့ Industry ၊ အစားအသောက်နဲ့ပတ်သက်တဲ့ Industry တွေကို Industry အလိုက် Market နဲ့ Network ကို ပေါင်းပြီးတော့ လုပ်သွားပါတယ်။

Access to finance ၊ Market – Network ပြီးတဲ့အခါ နောက်တစ်ချက်က HR ပါ။ HR ကို ကျွန်တော်တို့အနေနဲ့ Capacity Building ပိုင်းကို ဒီနှစ်မှာ စလုပ်ပါမယ်။ အဓိကကတော့ ကျွန်တော်တို့မှာရှိတဲ့ Startup တွေ၊ Entrepreneur တွေက Entrepreneurship ဆိုတာ ဘာလဲဆိုတာကိုသိအောင် သင်တန်းကျောင်းတွေနဲ့ ချိတ်ဆက်ပြီး Certificate Program တွေ လုပ်သွားမယ်။ နောက်တစ်ခုက အခုမှစပြီးလုပ်ငန်းလုပ်တဲ့ လူငယ်တွေအတွက် Incubation Program ကို လုပ်ပါမယ်။ တစ်ပတ်မှာ တစ်ရက်နဲ့ ဆယ်ပတ်လုပ်သွားပါမယ်။ နောက်နှစ်တွေမှာလည်း ကျွန်တော်တို့ဆက်ပြီးလုပ်သွားမှာပါ။ နောက်တစ်ခုက University နဲ့ High School တွေမှာ ပူးတွဲသင်ကြားနိုင်ဖို့ Entrepreneurship Curriculum ကို ကျွန်တော်တို့ ဆွဲဖို့လုပ်နေပါတယ်။ ဒါကိုဆွဲလိုက်ပြီဆိုရင် စီးပွားရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တွေ၊ သမ၀ါယမကောလိပ်တွေမှာ ဒါကိုဘာသာရပ်တစ်ခုအနေနဲ့ သင်နိုင်အောင်အထိ ကျွန်တော်တို့လုပ်သွားမယ်။ ဒါကတော့ HR နဲ့ ပတ်သက်ပြီး ကျွန်တော်တို့လုပ်နေတာတွေပါ။

ပေါ်လစီပိုင်းကတော့ ကျွန်တော်တို့ ပေါ်လစီရေးဆွဲနေပါတယ်။ အဓိက Entrepreneurship ပေါ်လစီဆိုတာ ဘာလဲဆိုတော့ ဘယ်နေရာမှာမဆို အံဝင်ခွင်ကျဖြစ်အောင် လုပ်ရပါတယ်။ ဥပမာ- မြန်မာနိုင်ငံက စိုက်ပျိုးရေးကိုအခြေခံတဲ့ စီးပွားရေးဖြစ်တာကြောင့် အခုကစိုက်ပျိုးရေး Master Plan ဆိုပြီး ရေးဆွဲနေပါတယ်။ အဲဒီစိုက်ပျိုးရေးပေါ်လစီတွေမှာလည်း Entrepreneur တွေက ဘယ်လိုလုပ်လို့ရမလဲ၊ နောက်ပြီး ကျန်းမာရေးဘက်မှာ ဘယ်လိုလုပ်လို့ရမလဲ၊ နိုင်ငံတော်ဘက်မှာ ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့ ကဏ္ဍပေါင်းစုံပါဝင်တဲ့ Entrepreneurship ပေါ်လစီကို ကျွန်တော်တို့ ရေးဆွဲနေပါတယ်။ နောက်ပြီး  လူတော်တော်များများက Entrepreneur လို့ပြောရင် စွန့်ဦးတီထွင်လုပ်ငန်းရှင်လို့ နားလည်ကြပါတယ်။ အဲဒီမှာ သူတို့မသိသေးတာက Social Entrepreneur ပါ။ အဲဒီအတွက် ၂၀၁၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ Social Entrepreneur Forum ကိုလည်း လုပ်ခဲ့ပါတယ်။ နောက်တစ်ခုက Youth Entrepreneurship ပါ။ Youth Entrepreneurship ဆိုတာက Teenager တွေဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်၊ အထက်တန်းအရွယ်ကတည်းက စီးပွားရေးကို စိတ်ဝင်စားအောင် Camp လေးတွေ လုပ်ပေးတယ်။ စီးပွားရေး Mindset ရှိအောင်၊ Social နဲ့ပတ်သက်တာတွေကိုသိအောင် ကျောင်းပိတ်ရက်တွေမှာ Youth Camp တွေ လုပ်သွားမယ်။ ဒီနှစ်ကတော့ မမီတော့တဲ့အတွက် နောက်နှစ်ကစပြီး လုပ်သွားမှာပါ။ ဒါတွေကတော့ ၂၀၁၇-၂၀၁၉ ခုနှစ်အတွက် ကျွန်တော်တို့လုပ်မယ့် Plan တွေ ဖြစ်ပါတယ်။

MYEA မှာ အသင်းဝင်တွေရရှိနိုင်တဲ့အကျိုးကျေးဇူးများ . . .

MYEA မှာ အသင်းဝင်ခြင်းကနေ အဓိကသုံးခုရမယ်။ ပထမအနေနဲ့ Access ရမယ်။ နောက်တစ်ခု အကြီးမားဆုံးရမှာကတော့ Network ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့ အတွေ့အကြုံရမယ်။ Network လို့ပြောရင် ကျွန်တော်တို့ MYEA က Networking Party  ဆိုပြီး လုပ်လာတာ ငါးကြိမ်ရှိပါပြီ။ နောက်ဆုံးတစ်ကြိမ် Chatrium Hotel မှာလုပ်ခဲ့ပြီး Industry ပေါင်းစုံက လူပေါင်းတစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။ ကိုယ့်ရဲ့ Network ကို ချဲ့လို့ရတယ်။ အဲဒီ Network မှာမှ အပိုင်းသုံးပိုင်းခွဲပါတယ်။ တစ်ပိုင်းကတော့ B to B  Network ပါ။ B to B  Network ဆိုတာက ကိုယ်လုပ်ငန်းတစ် ခုမှာဝင်လိုက်ရင် ကိုယ့်လုပ်ငန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်း Network ပါ။ ဒုတိယတစ်ခုကတော့ Government Relation Network ပါ။ တတိယ Network ကတော့ International Network ပါ။ International ဆိုရင် MYEA က Asean Young Entrepreneur Association မှာ Founding Member  အသင်းအနေနဲ့ ပါပါတယ်။ အဲဒီလိုပါတဲ့အတွက် အာဆီယံမှာရှိတဲ့ တခြားလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လို့ရသလို အာဆီယံနဲ့ တရုတ်၊ အာဆီယံနဲ့ ဂျပန်၊ အာဆီယံနဲ့ သြစတြေးလျ၊ အာဆီယံနဲ့ အမေရိကန် ဆိုတဲ့ ကျန်တဲ့နိုင်ငံတွေနဲ့လည်း ချိတ်ဆက်လို့ရပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ သူတော်တော်များများက ကိုယ်ပိုင်အလုပ်ထဲမှာပဲ နစ်မွန်းနေကြတယ်။ MYEA မှာ အသင်းဝင်တာကြောင့် အသင်းအဖွဲ့နဲ့လုပ်တဲ့ စိတ်ဓာတ်လေးတွေ ရလာတယ်။ MYEA ရဲ့ ပွဲအကြီးကြီးတွေကို Organize လုပ်ရတဲ့အတွက် အတွေ့အကြုံကောင်းတွေ ရမယ်။ နောက်ပြီး ကော်မတီတွေမှာပါပြီး ပေါ်လစီရေးဆွဲတာတွေလုပ်ရလို့ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်တွေမှာ ပါဝင်ခွင့်ရလာမယ်။ ဒီတော့ ပြန်ချုပ်ရမယ်ဆိုရင် အသင်းဝင်တွေအနေနဲ့ အတွေ့အကြုံတွေရတယ်၊ Network တွေ ရတယ်၊ Access to Finance တွေရတယ်။

အသင်းမှာရှိတဲ့ Entrepreneur တွေအတွက် ဆက်လုပ်ပေးသွားမယ့် Activities တွေ . . .

ကျွန်တော်တို့ MYEA က Asean Young Entrepreneur Association မှာ Founding Member အသင်းဖြစ်တဲ့အတွက် MYEA မှာ အသင်းဝင်တဲ့သူတွေက အာဆီယံရဲ့အသင်းသားအလိုလိုဖြစ်ပါတယ်။ ကနဦးက ကျွန်တော်တို့အသင်း သားငါးဆယ်က အာဆီယံအသင်းသား အလိုလိုဖြစ်ပြီးသွားပါပြီ။ တကယ်လို့ ငါးဆယ်ထက်ကျော်ပြီး အာဆီယံအသင်းသားဖြစ်ချင်တယ်ဆိုရင် အသင်းသားတစ်ယောက်ကို တစ်နှစ်မှာငါးဒေါ်လာပဲ ကောက်ပါတယ်။ ငါးဒေါ်လာကောက်ခြင်းအားဖြင့် Asean Young Entrereneur Association  ရဲ့ အသင်းသားဖြစ်သွားပါပြီ။ အဲဒီလို အသင်းသားဖြစ်သွားပြီဆိုရင် အာဆီယံဆယ်နိုင်ငံလုံးမှာရှိတဲ့ အသင်းအဖွဲ့တွေနဲ့ တိုက်ရိုက်ချိတ်ဆက်လို့ရတယ်။ နောက်တစ်ခုက ကျွန်တော်တို့ Application တစ်ခု တည်ဆောက်နေပါတယ်။ အဲဒီ App က ပြည်တွင်းမှာရှိတဲ့ MYEA အသင်းသားအချင်းချင်းချိတ်ဆက်လို့ရသလို အာဆီယံမှာရှိတဲ့ လူတွေနဲ့လည်း ချိတ်လို့ရမယ်။ နောက်ပြီး Asean Young Entrepreneur Carnival ဆိုတာရှိတယ်။ အဲဒါကလာမယ့် စက်တင်ဘာလမှာ ဖိလစ်ပိုင်မှာလုပ်ပါမယ်။ Asean Young Entrepreneur ရဲ့ သဘောက နှစ်စဉ်နှစ်တိုင်း အာဆီယံဥက္ကဋ္ဌနဲ့ အမြဲတမ်းတွဲတယ်။ ဒီနှစ်က အာဆီယံဥက္ကဋ္ဌက ဖိလစ်ပိုင်ကဖြစ်တဲ့အတွက် Asean Young Entrepreneur Association  အသင်းဥက္ကဋ္ဌကလည်း ဖိလစ်ပိုင်ကဖြစ်ပါတယ်။ အသင်းရဲ့ Activities တွေနဲ့ အစည်းအဝေးတွေကို ဖိလစ်ပိုင်မှာလုပ်တယ်။ အဲဒီ Carnival မှာ အာဆီယံဆယ် နိုင်ငံလုံးက ပူးပေါင်းပါဝင်မှုတွေပါတယ်။ Seminar တွေ ပါတယ်။ Trade Show တွေ အကုန်လုံးပါတယ်။ အဲဒါတွေက နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့အထဲမှာ ပါပါတယ်။ အဲဒီအတွက်လည်း International Relation ဆိုတဲ့ ကော်မတီတစ်ခုဖွဲ့ထားပါတယ်။ အသင်းဝင်တွေအနေနဲ့ ပိုပြီးအကျိုးရှိအောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။

MYEA ရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအကြောင်း . . .

၂၀၁၇-၂၀၁၉ ခုနှစ်အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၂၁ ယောက် ရှိပါတယ်။ အမှုဆောင်ဆိုရင် အယောက်ငါးဆယ်ရှိပါတယ်။

MYEA အသင်းဝင်အဖြစ်လက်ခံဖို့ ဘယ်လို Criteria တွေ လိုအပ်ပါသလဲ . . .

အရင်တုန်းကတော့ Ordinary Member နဲ့ Associate Member ဆိုပြီး နှစ်မျိုးပဲရှိပါတယ်။ အခုကတော့ အသင်းသားလေးမျိုး ထပ်တိုးထားပါတယ်။ နံပါတ်တစ်ကတော့ Corporate Member  ပါ။ ကျွန်တော်တို့ MYEA မှာ အသက် ၄၅ နှစ်အောက် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ရမယ်ဆိုတဲ့ အသက်ကန့်သတ်ချက်ရှိပါတယ်။ တချို့က ၄၅ နှစ်ထက်ကျော်သွားတဲ့သူတွေ အသင်းဝင်ချင်တယ်ဆိုရင် Corporate Member ဆိုတဲ့ ကုမ္ပဏီအနေနဲ့ ၀င်လို့ရတယ်။ ဒုတိယတစ်ခုကတော့ Foreign Member ပါ။ Foreign ဆိုတဲ့အထဲမှာ မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်တဲ့ နိုင်ငံခြားသားလည်း ဖြစ်ကောင်းဖြစ်မယ်။ တစ်ခါတလေမှာ ငယ်စဉ်တုန်းက မြန်မာနိုင်ငံသားဖြစ်ပေမယ့် နိုင်ငံခြားမှာအနေကြာသွားတယ်။ အခုမြန်မာနိုင်ငံကို ပြန်လာပြီး စီးပွားရေးလာလုပ်တဲ့အခါ မှတ်ပုံတင်မရှိတော့ဘဲ Passport ကိုင်ပြီး  အလုပ်လာလုပ်ကြတယ်။ အဲဒီလို လူမျိုးတွေကို  Foreign Member ဆိုပြီး လက်ခံတယ်။ တတိယတစ်ခုကတော့ Executive Member ပါ။ Executive Member က အရင်ကတည်းက လုပ်ငန်းရှင်ဖြစ်ပြီး အသင်းအဖွဲ့မှတ်တမ်းတွေမှာ ပါဝင်ရတဲ့လုပ်ငန်းရှင်ဆို ကျွန်တော်တို့လက်ခံတယ်။ နောက်ဆုံးတစ်ခုက Associate Member ပါ။ လုပ်ငန်းရှင် မဟုတ်သေးတဲ့ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေက လုပ်ငန်းရှင်လုပ်မယ့် စီနီယာမန်နေဂျာအဆင့်တွေအထိ လက်ခံတယ်။ နောက်တစ်ခုက ၄၅ နှစ်ထက်ကျော်သွားတဲ့ အသင်းသားဟောင်းတွေကို လက်ခံတယ်။ အသင်းသားတွေအနေနဲ့ကတော့ ဒီလိုခွဲပြီး လက်ခံပါတယ်။ အသင်းဝင်ပုံကတော့ လွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ myea.org.mm ဆိုတဲ့ Website နဲ့ Facebook မှာ အသင်းဝင်ပုံစံတွေ Download ဆွဲပြီး ဓာတ်ပုံနဲ့အနောက်မှာ Attach လုပ်ရမယ့်လုပ်ငန်းမှတ်ပုံတင်တွေနဲ့ ပုံစံဖြည့်ပြီးတော့ ကျွန်တော်တို့ရဲ့ရုံးမှာ လူကိုယ်တိုင်ဖြစ်စေ၊ ဒါမှမဟုတ် Email နဲ့ဖြစ်စေ တင်လို့ရပါတယ်။ ကျွန်တော်တို့က နှစ်ပတ်တစ်ခါ Process လုပ်တာဖြစ်တဲ့အတွက် အနည်းဆုံးအချိန်နှစ်ပတ်လောက်တော့ ကြာပါတယ်။

အသင်းဝင်ကြေး . . .

အသင်းဝင်ကြေးက ပထမနှစ်မှာ ကျပ် ၁၃၀,၀၀၀ ပါ။ နောက်နှစ်တွေမှာတော့ နှစ်စဉ်ကြေး ရှစ်သောင်းပါ။ ဒါတွေကတော့ နောက်ပိုင်းကျရင် အပြောင်းအလဲရှိနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က အသင်းသားဦးရေကို ကန့်သတ်ပြီး လက်ခံတာမျိုးမရှိပါဘူး။ အသင်းသားများလေ ကောင်းလေပါပဲ။

MYEA3

အအောင်မြင်ဆုံး Activities တွေ . . .

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်မှာ လုပ်ခဲ့တဲ့ Entrepreneurship Summit ကတော့ အအောင်မြင်ဆုံးပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး Keynote Speech လည်း ပြောသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပထမဆုံးတွေ့တဲ့ ပွဲလည်းဖြစ်တဲ့အတွက် ပွဲမှာလူနှစ်ထောင်ကျော် တက်ရောက်ခဲ့တယ်။ MICC II  နှစ်ထပ်လုံးလူပြည့်ပါတယ်။ ဒုတိယအောင်မြင်ခဲ့တဲ့ Activities တွေကိုပြောရရင်တော့ ကျွန်တော်တို့ နှစ်လတစ်ခါလုပ်တဲ့ Networking Party တွေပါ။ ကျွန်တော်တို့ လူ တစ်ရာ၊ နှစ်ရာလောက်စလုပ်လာခဲ့တဲ့ ပွဲတွေက အခုဆိုရင် လူရှစ်ရာ၊ တစ်ထောင်အထိလာတက်ကြတဲ့ ပွဲတွေဖြစ်လာပါပြီ။ အခုဆိုရင် လူတော်တော်များများက MYEA ပွဲတွေကို သိကြပါတယ်။

အသင်းသားဟောင်းတွေအနေနဲ့ ဘယ်လို Contribution လုပ်ပေးပါသလဲ . . .

အသင်းသားဟောင်းတွေအနေနဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ ကော်မတီတွေမှာ ပါဝင်ပြီးတော့ Contribute လုပ်ပေးလို့ ရပါတယ်။ ဒုတိယတစ်ခုကတော့ ကျွန်တော်တို့ပွဲတွေမှာ အသင်းသားဟောင်းတွေက Resource Person ၊ Mentor ၊ Speaker တွေ အနေနဲ့လုပ်ပေးတယ်။ တချို့ကလည်း ပွဲဖြစ်မြောက်ဖို့အတွက် Sponsor တွေပေးကြတယ်။ ဒါကြောင့် အသင်းသားဟောင်းတွေက အသင်းနဲ့ အမြဲတမ်းအဆက်အသွယ်မပြတ်ပါဘူး။ အမြဲ Active ဖြစ်ပြီး ပါဝင်နေပါတယ်။

MYEA နဲ့ ပတ်သက်ပြီး ထပ်လောင်းပြောချင်တာတွေ . . .

ကျွန်တော်တို့ MYEA က Young Entrepreneur လို့ ပြောပေမယ့် မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတဲ့ Culture နဲ့ Eco System တစ်ခုပေါ်ပေါက်အောင်လုပ်နေပါတယ်။ အဲဒီမှာ ကျွန်တော်တို့က နယ်တွေအထိဆင်းပြီး ဆောင်ရွက်နေပါတယ်။ ကယားပြည်နယ်သွားတုန်းကလည်း ကယားပြည်နယ်မှာရှိတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့တွေ့ပါတယ်။ အဓိကကတော့ စီးပွားရေးမလုပ်တတ်သေးတဲ့သူတွေကို စီးပွားရေးလုပ်တတ်လာအောင် ကျွန်တော်တို့က သင်ပေးတယ်။ Market တွေ ရှာပေးတယ်။ နောက်ပြီး စီးပွားရေးလုပ်နေတဲ့သူတွေကိုလည်း ပိုပြီးအောင်မြင်အောင် Idea တွေပေးတယ်။ လိုအပ်တဲ့ Finance တွေရအောင် ချိတ်ဆက်ပေးတယ်။

MYEA အသင်းဝင်ခြင်းအားဖြင့် Network ၊ Finance တွေရပါတယ်။ နောက်တစ်ခု Exprience တွေ ရနိုင်ပါတယ်။ နောက်ပြီး MYEA ကို မြန်မာနိုင်ငံအသင်းမှာဖြစ်ဖြစ်၊ ပြည်နယ်နဲ့တိုင်းတွေမှာဖြစ်ဖြစ် ပါဝင်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရော၊ Network ရော တိုးချဲ့နိုင်ပါတယ်။

MYEA ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လူငယ်တွေအလုပ်အကိုင် ရွေးချယ်တဲ့နေရာမှာ ဘယ်အချက်ကို အဓိကထားစဉ်းစားသင့်သလဲဆိုတာ ပြောပြပေးပါ . . .

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောတာတစ်ခုကို ကျွန်တော်မှတ်သားထားမိတာက လူငယ်နဲ့လူကြီးဘာကွာသလဲဆိုတော့ အခွင့်အရေးကွာတယ်လို့ ပြောပါတယ်။ မှန်ပါတယ်။ လူငယ်ဖြစ်တဲ့အတွက် အသက်ငယ်တယ်။ အသက်ငယ်တဲ့အတွက် ကိုယ့်မှာအချိန်ပိုရှိတယ်။ လုပ်ရမယ့်အခွင့်အလမ်း ပိုများတယ်။ နောက်တစ်ခုက လူငယ်တွေက ပိုပြီး Risk ယူနိုင်တယ်။ ပိုပြီးရဲရဲဝံ့ဝံ့လုပ်နိုင်လို့ လုပ်ငန်းမှာ ပိုပြီးအောင်မြင်တာ ရှိပါတယ်။ ကျွန်တော်တို့ လေးစားရတဲ့ Alibaba ရဲ့ CEO Jack Ma ကတော့ အလုပ်ရှင်ကိုပဲ ကြည့်ပါလို့ပြောပါတယ်။ ဘာဖြစ်လို့ အလုပ်ရှင်ကိုပဲ ကြည့်ခိုင်းလဲဆိုတော့ အလုပ်ရှင်ကောင်းမှ ကိုယ့်ကိုသင်ပေးနိုင်မှာပါ။ အခုခေတ်မှာ တွေ့နေရတာကတော့ လူငယ်တွေက ပိုက်ဆံကိုပဲ ကြည့်တယ်။ ကျွန်တော်ကတော့ ပိုက်ဆံတစ်ခုတည်းကိုပဲ မကြည့်နဲ့လို့ ပြောချင်ပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ လူငယ်တွေက အခွင့်အလမ်း၊ အခွင့်အရေးအများကြီးရှိတဲ့အတွက် ပိုက်ဆံနောက်ကိုပဲ လိုက်နေမယ်ဆိုရင် ကိုယ့်ရဲ့အခွင့်အလမ်းတွေ ပျောက်သွားနိုင်ပါတယ်။ လူငယ်တွေက အချိန်အများကြီးရတဲ့အတွက်ကြောင့် ငယ်တဲ့အချိန်မှာ Experience တွေရဖို့ များများသင်ပါ။ ကိုယ် Experience ရနိုင်တဲ့ လုပ်ငန်းတစ်ခုမှာ ဇောက်ချပြီး လုပ်ကိုင်ပါ။ ပညာရအောင်သင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ Leadership ၊ Leadership လို့ပြောပြီး သင်တန်းတွေတက်နေကြပြီး Good Follower ဖြစ်အောင် မသင်ကြဘူးလို့ ပြောတာကိုလည်း မှတ်သားဖူးပါတယ်။ အခုလုပ်ငန်းခွင်မှာရှိနေတဲ့ လူငယ်တွေက Good Follower ဖြစ်ဖို့ လိုအပ်ပါတယ်။ Good Follower ဖြစ်မှ နောင်တစ်ချိန် ကိုယ်ကတာဝန်ယူလာရတဲ့အချိန်၊ အသက်အရွယ်ကြီးလာတဲ့အချိန်၊ စီနီယာအဆင့်ကို ရောက်လာတဲ့အချိန်မှာ Good Leader ဖြစ်လာမှာပါ။ ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ Experience ကို ဦးစားပေးပါ။ Good Follower ဖြစ်အောင် ကြိုးစားပါဆိုတာပါပဲ။

အယ်ဒီတာအဖွဲ့