Startupလုပ်ငန်းသစ်ကို ပျိုးထောင်ခြင်း

startup0

ကနဦးလုပ်ငန်းသစ်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ အသေးစားအလတ်စားစီးပွားရေး၊ နည်းပညာအခြေပြု လုပ်ငန်းသစ်များ၊ စိတ်ကူးစိတ်သန်းကောင်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်သည့် လုပ်ငန်းငယ်များ … စသဖြင့် အမျိုးမျိုးသော လုပ်ငန်းသစ်များအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ကိုယ်တိုင် ကျားကုတ်ကျားခဲ  ကြိုးစားကြရမည်ဖြစ်သလို အထောက်အပံ့ကောင်းများလည်း လိုအပ်သည်။

အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သည့် ငွေကြေးအရင်းအနှီး စိုက်ထုတ်ရင်းနှီးမြှုပ်နှံသူများရရှိရန်ကလည်း ကနဦးလုပ်ငန်းသစ်များအတွက် ရေသောက်မြစ်ဖြစ်သည်။ ဤနေရာတွင် လုပ်ငန်းတည်ထောင်သူများ၏ အပြုအမူ၊ အပြောအဆို၊ အမူအကျင့်၊ စီမံခန့်ခွဲပုံ၊ ကတိက၀တ်နဲ့ ဦးဆောင်နိုင်စွမ်း စသဖြင့် ကိုယ်ရည်ကိုယ်သွေးအမျိုးမျိုးက စကားပြောလာသည်။ ဒါအပြင် လုပ်ငန်းကျွမ်းကျင်မှု၊ နည်းပညာကို အကောင်းဆုံးအသုံးချနိုင်မှု၊ ကြော်ငြာ /PR စသည့် မိမိလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးမည့် နည်းလမ်းများကိုလည်း အပြည့်အ၀ ဖော်ထုတ်အသုံးပြုရမည်ဖြစ်သည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို ကိုယ်တိုင်လည်းရင်းနှီးမြှုပ်နှံမှုများ လုပ်နေသူ Myanmar Investment International Limited မှ Managing Director ဦးအောင်ထွန်းကို ကနဦးလုပ်ငန်းသစ်များအနေဖြင့် မှတ်သားလိုက်နာရန်၊ ဆောင်ရန် ရှောင်ရန်များ၊ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုရပြီးသော လုပ်ငန်းသစ်များအနေဖြင့် မိမိ၏ရင်းနှီးမြှုပ်နှံသူနှင့် ဆက်ဆံရေးကို မည်ကဲ့သို့ ထိန်းသိမ်းထားသင့်သည်ကိုလည်း အကြံပြုဆွေးနွေးပေးထားပါသည်။

ထို့အပြင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဥက္ကဌ၊ Blue Ocean Operating Management Co Ltd  ရဲ့ Founder နဲ့ CEO ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်ကလည်း လုပ်ငန်းစတင်တည်ထောင်စဉ်ကစလို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ ကနဦးလုပ်ငန်းသစ် စတင်တည်ထောင်လုပ်ကိုင်လိုသူများအတွက် အကြံကောင်းများကို ပြောပြပေးထားပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းရဲ့ ဥက္ကဋ္ဌ၊ Information Matrix Co Ltd (7Day News) ရဲ့ CEO ဦးသောင်းစုငြိမ်း၊ Thura Swiss Co Ltd ရဲ့ CEO ဒေါက်တာအောင်သူရတို့ကလည်း မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများပေါ်အခြေခံပြီး ကနဦးလုပ်ငန်းသစ်တည်ထောင်သူတို့ သိသင့်သည်များကို အကြံပြုဆွေးနွေးပေးထားပါသည်။

ဤဆောင်းပါးဟာ ကနဦးလုပ်ငန်းတည်ထောင်သူများအတွက် ကဏ္ဍစုံနဲ့ပတ်သက်လို့ စုစည်းပေးဖို့ ရည်ရွယ်တာဖြစ်သည့်အတွက် လုပ်ငန်းတည်ထောင်သူတွေ သိသင့်တဲ့စိတ်နေစိတ်ထား၊ စွမ်းဆောင်ရည်တွေ၊ ရှိသင့်တဲ့နည်းစနစ်ဆိုင်ရာကျွမ်းကျင်မှုတွေ၊ ရင်းနှီးမြှုပ်နှံငွေ ရပိုင်ခွင့်အရင်းအမြစ်တွေကစလို့ ကနဦးလုပ်ငန်းတွေ မအောင်မြင်ရတဲ့အကြောင်းရင်းတွေ၊ လုပ်ငန်းကို နောက်ဆုံးဘယ်လိုမျိုးအဆင့်ထိ သွားမလဲဆိုတာတွေအပြင် ကိုယ်နဲ့အတူလက်တွဲလုပ်ငန်းတည်ထောင်သူတွေနဲ့ ဘယ်လိုအခြေအနေမှာ လမ်းခွဲရမလဲဆိုတာတွေကို စုံစုံလင်လင်ဖော်ပြပေးလိုက်ပါသည်။


ကနဦးလုပ်ငန်းသစ်တွေ အောင်မြင်ဖို့ဆိုတာ

————————-

အရိုးရှင်းဆုံးကတော့ ကိုယ့်စိတ်အားထက်သန်ရာလုပ်ငန်းကို လုပ်ပါဆိုတာပါပဲ။ ဒါဆိုရင် အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။ လူတွေက သူတို့နှစ်သက်ရာအလုပ်ကို အကောင်းဆုံးလုပ်ကြပါတယ်။

ကျွန်တော်က လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက လန်ဒန်နဲ့ ဘန်ကောက်မှာ အများပိုင်ကုမ္ပဏီနှစ်ခုကို တည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်က စီမံခန့်ခွဲမှုနဲ့ ငွေကြေးပိုင်းကိုတင် လုပ်ကိုင်ခဲ့သူတစ်ယောက် မဟုတ်ဘဲ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီနှစ် ၂၀ ကျော်အချိန်ကတည်းက ကနဦးက လုပ်ငန်းသစ်လုပ်ကိုင်ခြင်းနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော်ရေးသားချင်ခဲ့ပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အထိ အကြောင်းအမျိုးမျိုးကြောင့် အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ကျွန်တော် ပထမဆုံးရေးထားတဲ့အခန်းကတော့ ဘာကြောင့်လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ချင်တာလဲဆိုတာနဲ့ပတ်သက်လို့ မင်းစဉ်းစားခဲ့ဖူးသလားဆိုတဲ့ မေးခွန်းနဲ့အစပြုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများက ဘာကြောင့်ရယ်အတိအကျမဟုတ်ဘဲ အလုပ်တစ်ခုကို စဖြစ်သွားကြတာများပါတယ်။ ဥပမာပြောရရင် လက်ရှိအလုပ်ကနေထုတ်ခံလိုက်ရတယ်။ ၁၉၉၆ ခုနှစ်တုန်းက ထိုင်းမှာ ငွေကြေးကဏ္ဍစီးပွားပျက်ကပ်ဖြစ်တော့ လူတော်တော်များများ အလုပ်ပြုတ်ကုန်ကြပါတယ်။ သူတို့ အလုပ်သစ်တစ်ခုမရှာနိုင်ဘူး။ ကျွေးမွေးစောင့်ရှောက်ရမယ့် မိသားစုတွေကလည်း ရှိနေတယ်။ အဲဒီမှာ သူတို့ရွေးချယ်စရာမရှိတော့ပါဘူး။ မဖြစ်မနေ လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ကြရတော့တာပါပဲ။ ဒါကြောင့် လူတစ်ချို့ကသာလျှင် ဈေးကွက်လိုအပ်ချက် တစ်စုံတစ်ရာကိုတွေ့မိပြီး အဲဒါကို ဖြည့်ဆည်းပေးချင်စိတ်နဲ့ စိတ်အားထက်သန်မှုတွေကြောင့် လုပ်ငန်းစတင်လုပ်ကိုင်ဖြစ်တာမျိုးရှိပါတယ်။ လူတစ်ချို့ကသာလျှင် ငွေကြေးဥစ္စာကြွယ်ဝချင်လို့ လုပ်ငန်းစတင်လုပ်ကိုင်ကြတာရှိပါတယ်။ တချို့ကျတော့ လူတွေက ကိုယ်စိတ်အားထက်သန်ရာကိုလုပ်ပြီး ငွေရှာချင်ကြပါတယ်။ တချို့ကတော့ သူတို့အတွက် ငွေကြေးအားဖြင့် အကျိုးအမြတ်များမယ့်လုပ်ငန်းလုပ်ချင်ကြတယ်။ ဒါပေမယ့် ရေရှည်လုပ်ကိုင်လိုတာမဟုတ်ဘူး။ သူတို့က လုပ်ငန်းတစ်ခုကို စတင်တည်ထောင်လုပ်ကိုင်ပြီး အဆင့်တစ်ခုကိုရောက်တဲ့အခါ ရောင်းလိုက်ပါတယ်။ အဲဒါမျိုးက အမေရိကမှ အများဆုံးတွေ့ရပါတယ်။ ကိုယ်ဘာကြောင့် လုပ်ငန်းစလုပ်တာလဲဆိုတာကို သိထားရင် အလုပ်လုပ်ရတာလွယ်ပါတယ်။ တကယ်လို့ ကိုယ်ကလုပ်ငန်းကို တည်ထောင်ရောင်းချဖို့ စတင်ခဲ့တာဆိုရင် ကိုယ့်ရဲ့လုပ်ငန်းလုပ်ကိုင်ပုံကလည်း ကွဲပြားသွားပါမယ်။ အဲဒီလိုလုပ်ငန်းမျိုးဆိုရင် ကိုယ့်အနေနဲ့ ဈေးကွက်ကောင်းကောင်းချဲ့ထွင်မယ်၊ အမှတ်တံဆိပ်နာမည်ကောင်းရအောင်လုပ်မယ်၊ PR ကောင်းကောင်း လုပ်ပါမယ်။ အမြတ်ရဖို့ကို သိပ်ဂရုစိုက်မှာမဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့ ၀ယ်ယူမယ့်သူတွေကို ဆွဲဆောင်နိုင်မယ့်နည်းလမ်းတွေကို စဉ်းစားရှာဖွေလုပ်ကိုင်မှာဖြစ်ပါတယ်။

အချုပ်အနေနဲ့ပြောရရင် ကိုယ်ဘာကြောင့် ကနဦးလုပ်ငန်းသစ်ကို စတင်တည်ထောင်မှာလဲဆိုတာ၊ ကိုယ့်ရဲ့အနိမ္တရည်မှန်းချက်ကို သိတဲ့အခါ၊ အလုပ်လုပ်ရ လွယ်သွားပါတယ်။ အဲဒါနဲ့ကိုက်ညီအောင် ကိုယ့်လုပ်ငန်းကို ဖွဲ့စည်းတည်ထောင်တော့မှာဖြစ်ပါတယ်။

လူတိုင်းက နည်းပညာနဲ့ပတ်သက်တဲ့လုပ်ငန်းသစ်တွေ အောင်မြင်နေတာတွေကိုတွေ့ပြီး အဲဒါကို အားကျကြတာ မှန်ပါတယ်။ တကယ်တော့ ကျရှုံးသွားတဲ့ လုပ်ငန်းတွေ ဘယ်နှခုတောင်ရှိသလဲဆိုတာကို မသိကြပါဘူး။ ဒါကြောင့် ဒီလိုအောင်မြင်တဲ့ နည်းပညာလုပ်ငန်းတွေကို လူတိုင်းလုပ်နိုင်တာတော့ မဟုတ်ပါဘူး။ ပြီးတော့ သူများစိတ်ကူးကို ပုံတူကူးယူအကောင်အထည်ဖော်ရုံနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ကိုယ့်ရဲ့ပြည်တွင်းဈေးကွက်နဲ့ ကိုက်ညီသလားဆိုတာလည်း သိရပါမယ်။ အဲဒါမျိုးကို ကျွန်တော် အားမပေးပါဘူး။

စွန့်ဦးတီထွင်သူဖြစ်ချင်တယ်ဆိုပြီး လုပ်တိုင်းလည်း စွန့်ဦးတီထွင်သူဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်မှာ အတွေ့အကြုံဗဟုသုတမရှိဘူးဆိုရင်တောင်မှ ကိုယ်စိတ်အားထက်သန်ပြီး ဖန်တီးချင်တဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှုတစ်ခုခုကြောင့် လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ရာကနေ ဖြစ်လာသူတွေပါ။

Angel Investor နဲ့ Lead Investor

———————

ထက်သန်တက်ကြွတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဆိုတာက နဂိုသဘောသဘာဝကိုက အကောင်းမြင်စိတ်ရှိသူတွေပါ။ သဘာဝအရကို စွန့်ဦးတီထွင်သူတွေနဲ့ လုပ်ငန်းတည်ထောင်သူတွေက အကောင်းမြင်စိတ်နဲ့ လုပ်နိုင်တယ်ဆိုတဲ့စိတ် အလွန်ရှိကြပါတယ်။ အဲဒီစိတ်မရှိရင်လည်း အဲဒီလူက စွန့်ဦးတီထွင်သူမဟုတ်ပါဘူး။

ကျွန်တော်သူတို့ကို အကြံပြုချင်တာတစ်ခုက တစ်ခါတစ်လေမှာ ခြေတစ်လှမ်းလောက်နောက်ဆုတ်ပြီး လက်တွေ့ကျတဲ့ လုပ်ငန်းဈေးကွက်ပတ်ဝန်းကျင်အနေအထားကို မိတ်ဆွေတွေ၊ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်တွေကတစ်ဆင့် နားထောင်စုံစမ်းသင့်ပါတယ်။

စွန့်ဦးတီထွင်သူတွေဆိုတာက ကိုယ့်လုပ်ငန်းတည်ထောင်ရေးမှာပဲ အလုံးစုံအာရုံစိုက်ထားသူတွေပါ။ လုပ်ငန်းသေးတွေမှာဆို လုပ်ငန်းတည်ထောင်သူက တစ်ချိန်တည်းမှာ တာဝန်များစွာယူထားကြရသူတွေပါ။ ကနဦးလုပ်ငန်းသစ်တွေမှာဆိုရင် လုပ်ငန်းတည်ထောင်သူ တွေက အရာရာပါပဲ။ သူတို့က ဈေးကွက်ရှာဖွေရေးတာဝန်ခံ၊ ငွေကြေးစီမံခန့်ခွဲသူ၊ အတွင်းရေးမှူးကအစ ကိစ္စအ၀၀ကို တာဝန်ခံနေရသူတွေပါ။ အဲဒီလို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေမှာ အချိန်မရှိဘူးဆိုတာက ပုံမှန်ပါပဲ။ သူတို့က တစ်ရက် ၂၅ နာရီ၊ တစ်ပတ်ရှစ်ရက် အလုပ်များနေကြသူတွေဖြစ်ပါတယ်။ သို့သော်လည်း သူတို့အနေနဲ့ ခြေတစ်လှမ်းဆုတ်ပြီး လက်တွေ့လုပ်ငန်းဝန်းကျင်အနေအထားကို လေ့လာဆန်းစစ်ဖို့ကလည်း တကယ်အရေးကြီးပါတယ်။  သူတို့က အလုပ်ရှုပ်လွန်းတဲ့အတွက် အရေးကြီးသတိပေးချက်တွေကို အလွယ်တကူ လွတ်သွားနိုင်ပါတယ်။ စီးပွားရေးဆိုတာမျိုးကလည်း ကောင်းတာရှိသလို ဆိုးတာလည်းရှိတယ်။ ခက်ခဲတဲ့အချိန် ရှိသလို လုပ်ရကိုင်ရ လွယ်ကူတဲ့အချိန်လည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်ဘေးပတ်ဝန်းကျင်၊ ကိုယ်လုပ်ငန်းပြင်ပစီးပွာရေး အခြေအနေတွေကို သိရှိနားလည်နေဖို့လိုပါတယ်။

လုပ်ငန်းသေးတွေဆိုတာက ပျက်စီးလွယ်ပါတယ်။ သူတို့က ငွေကြေးမလုံလောက်ဘူး၊ ၀န်ထမ်းမလုံလောက်ဘူး၊ ပြီးတော့ သူတို့အတွက် အချိန်ကလည်း မလုပ်လောက်ဘူးဆိုတာ အမြဲတမ်းဖြစ်နေတာပါ။ ဒါကြောင့် စွန့်ဦးတီထွင်သူတွေအနေနဲ့ သတိကြီးကြီးထားရပါမယ်။ စီးပွားရေးက သိပ်မသွက်လက်မကောင်းဘူးဆိုရင် သူတို့ပိုပြီး သတိထားရပါမယ်။ သတိထားတယ်ဆိုတာက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ သွေးသားထဲမှာ မပါပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုပါပဲ။ ဒါပေမယ့် သတိထားဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က လုပ်ငန်းမြန်မြန်ဆန်ဆန် တိုးတက်ဖို့လုပ်နေပေမယ့် ဘာကြောင့်ဒီလိုလုပ်နေမိမှန်း သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ်ရှိပြီး သတိလည်းထားပါ။ ပြီးတော့ ကြောက်တတ်ဖို့လည်း လိုပါတယ်။

ကျွန်တော့် ပထမဆုံးကုမ္ပဏီဖြစ်တဲ့ ဘဏ်တစ်ခုကို ထိုင်းနိုင်ငံမှာ စတင်တည်ထောင်တုန်းကဆိုရင် လုံးဝ သုံညကနေ သူငယ်ချင်းမိတ်ဆွေ ၃ ၊ ၄ ယောက်ရဲ့ အကူအညီနဲ့ ကျွန်တော် စတင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒါက ၁၉၈၇ ခုနှစ်လောက်တုန်းကဖြစ်ပါတယ်။ အဲဒီကနေ ခုနစ်နှစ်ကျော်အကြာ ၁၉၉၅ ခုနှစ်မှာ ကုမ္ပဏီကို ထိုင်းစတော့အိတ်ချိန်းတင်တော့ ကျွန်တော်တို့ တော်တော်လေး ကြီးထွားနေပါပြီ။ အဲဒီတုန်းကဆို စတော့အိတ်ချိန်းမှာ Listed လုပ်ထားတဲ့ Finance Comany ကြီး ၄ ခုပဲရှိပါသေး တယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ ငွေကြေးပိုင်းအရ ပိုမိုကြီးထွားလာပါတယ်။ အဲဒီတုန်းက ကျွန်တော့်ကို ဒီလိုကုမ္ပဏီကြီးတစ်ခုဖြစ်အောင် တည်ထောင်နိုင်ခဲ့တာ တော်တော်လေး စိတ်လှုပ်ရှားပင်ပန်းခဲ့မှာပဲ၊ အဲဒီလိုတည်ထောင်နိုင်ခဲ့တာ ဘာကြောင့်ပါသလဲဆိုတဲ့ မေးခွန်းအမြဲတမ်းမေးခံခဲ့ရပါတယ်။ ကျွန်တော့်အဖြေက တကယ်တော့ ပထမပိုင်းခုနစ်နှစ်လုံးမှာ လတိုင်း ကျွန်တော်စိုးတထိတ်ထိတ်ဖြစ်ခဲ့ရတယ်ဆိုတာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က အလွန်လျင်လျင်မြန်မြန်ကြီးထွားနေတာဆိုတော့ လစဉ်ငွေကြေးအ၀င်အထွက်ကို စီမံဖို့ မလွယ်ကူခဲ့ပါဘူး။ အလျင်အမြန်တိုးတက်နေတဲ့ကုမ္ပဏီတိုင်းမှာ ငွေကြေးလည်ပတ်မှုပြဿနာရှိပါတယ်။ လစဉ်တိုင်းပေးဆောင်ရမယ့်ဘေလ်တွေကို ပေးဆောင်နိုင်ဖို့အတွက် ကျွန်တော်စိုးရိမ်ရတယ်။ ဒါက ငွေမရှိလို့မဟုတ်ဘဲလျင်မြန်စွာတိုးတက်နေတဲ့အတွက် ငွေလည်ပတ်မှုပိုင်းမှာ စိတ်ပူပန်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီနဲ့ အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က Managing Director တစ်ယောက်အနေနဲ့ စိုးထိတ်ပူပန်စိတ်ရှိခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီစိုးရိမ်စိတ်က ကျွန်တော့်ကို မရပ်တန့်စေခဲ့ပါဘူး။ ဒါကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်း စိုးရိမ်ပူပန်စိတ်ရှိဖို့လိုပါတယ်။ စိုးရိမ်ပူပန်ပါ။ သတိကြီးကြီးထားပါ။ အကောင်းမြင်စိတ်ရှိပါလို့ သူတို့ကို ပြောချင်ပါတယ်။

ကနဦးလုပ်ငန်းသစ်စတင်တည်ထောင်သူတွေအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုရရှိမှု၊ Angel Investor Network ဘာကြောင့်လိုအပ်ပါသလဲ

——————————-

ကနဦးလုပ်ငန်းသစ်တွေနဲ့ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေက ငွေကြေးအရင်းအနှီး ရှာဖွေတဲ့နေရာမှာ အခက်အခဲရှိပါတယ်။ ဒါကအမြဲအလိုလိုကြုံတွေ့နေရမယ့် စိန်ခေါ်မှုပါ။ ဒါက အာဆီယံနိုင်ငံတွေရော၊ အနောက်နိုင်ငံတွေပါ ကြုံတွေ့ကြရတာပါပဲ။ ကျွန်တော် ကိုယ်တိုင်ကလည်း Angel Investor တစ်ယောက်ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါတယ်။ အင်္ဂလန်မှာက တကယ့်ကို စီမံခန့်မှုကောင်းတဲ့၊ ကောင်းကောင်းပုံစံချလည်ပတ်နေတဲ့ Angel Network ရှိပါတယ်။ ထိုင်းနိုင်ငံမှာကတော့ အဲဒီလောက်ပုံစံမကျပေမယ့် Angel Network ကတော့ ရှိတာပါပဲ။ ဒါ ကြောင့် ကျွန်တော်မြန်မာနိုင်ငံမှာလည်း Angel Network ရှိစေချင်ပါတယ်။ ဒါမျိုးကွန်ရက်တစ်ခုဖန်တီးထားဖို့က အရေးကြီးပြီး မြန်မာနိုင်ငံအတွက်လိုလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့အခြေခံ အဆောက်အအုံတွေ ဖြည့်ဆည်းပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ အ၀န်းအ၀ိုင်းလေးတစ်ခု ဖန်တီးတည်ဆောက်ထားကာ စံနှုန်းတွေ၊ နည်းလမ်းတွေနဲ့ ပွင့်လင်းမြင်သာမှုတွေကို သတ်မှတ်ထုတ်ပြန်ထားဖို့လိုပါတယ်။ ထိုင်းနိုင်ငံက အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောရရင် ဒါကခက်ခဲတယ်၊ အချိန်ယူရတယ်ဆိုပေမယ့် စထားသင့်နေပါပြီ။

ကျွန်တော်က အဲဒီလို Angel Network တွေ ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာတွေကို လန်ဒန်နဲ့ ထိုင်းနိုင်ငံကွန်ရက်တွေနဲ့ပတ်သက်လို့ သိထားပါတယ်။ နောက်ပြီး ကျွန်တော်က မြန်မာနိုင်ငံမှာ ၅ နှစ်ကျော်လုပ်ငန်းလုပ်ကိုင်ပြီးနောက်မှာ ဒီကဈေးကွက်အကြောင်းကိုလည်း သိထားသင့်သလောက်သိနေပြီးသားဖြစ်တဲ့အတွက် ဒီလိုမျိုး ကွန်ရက်တစ်ခုက မဖြစ်မနေလိုနေပြီလို အတပ်ပြောနိုင်ပါတယ်။

လုပ်ငန်းသေးတွေဆိုတာက စီးပွားရေးတစ်ခုလုံးအတွက် အသက်သွေးကြောတွေပါပဲ။ ထိုင်းနိုင်ငံသာမက အင်္ဂလန်နိုင်ငံမှာတောင် စီးပွားရေးကို အသေးစားအလတ်စားလုပ်ငန်းတွေက မောင်းနှင်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတယ်၊ ငွေကြေးရှာပေးတယ်၊ နိုင်ငံအတွင်း လူမှုစီးပွားကဏ္ဍတွေမှာ လှုပ်ရှားသက်ဝင်မှုတွေကို ဖန်တီးပေးပါတယ်။ ဒီအတွက်ကြောင့် ကနဦးလုပ်ငန်းသစ်တွေအတွက် အင်အားပြည့်ဝတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ၀န်းကျင်အနေထားတစ်ခုကို ဖန်တီးပေးဖို့လိုပါတယ်။

Angel  Investor တွေကိုလည်း မွေးထုတ်ပေးဖို့ လိုပါတယ်။ သူတို့က သူတို့ရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အ၀ နားလည်ဖို့လိုပါတယ်။ သူတို့တာဝန်က ငွေထုတ်လက်မှတ်ရေးရုံတင်မဟုတ်ပါဘူး။ ငွေထုတ်လက်မှတ် ရေးပေးတာကလည်း တကယ့်အရေးကြီးတဲ့အလုပ်ပါ။ ဒါပေမယ့် Angel  Investor တွေက လုပ်ငန်းငယ်လေးတွေကို ကူညီပျိုးထောင်ပေးချင်စိတ်ရှိဖို့ လိုပါပါတယ်။ တချို့ကတော့ Mentor လုပ်ပေးပါတယ်။ တချို့ကျတော့ ကိုယ့်ငွေအနည်းငယ်စိုက်ထုတ်ထည့်ဝင်ပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုရအောင် လုပ်ပေးပါတယ်။ အဲဒီလိုလူမျိုးတွေကိုတော့ Lead Investor တွေလိုခေါ်ပါတယ်။ သူတို့က ငွေအများကြီး ထည့်တာမဟုတ်ပေမယ့် သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ ဂုဏ်သတင်းကြောင့် သူတို့ငွေကြေးရင်းနှီးလိုက်တဲ့လုပ်ငန်းကို နောက်ထပ်ရင်းနှီးမြှုပ်နှံမယ့်သူတွေ လိုက်လာစေပါတယ်။ သူတို့ကအဲဒီလိုလုပ်ငန်းငယ်လေးတွေမှာ Non-Executive Director ၊ ဒါမှမဟုတ် Advisor အဖြစ်ပါဝင်ပေးရုံနဲ့ ကုမ္ပဏီကို ကူညီပေးရာရောက်ပါတယ်။

လုပ်ငန်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းအတွက် Angel  Investor တွေ အားလုံးဝိုင်းပြီး ငွေကြေးထည့်ဝင်ပေးဖို့ မလိုအပ်ပါဘူး။ လုပ်ငန်းတစ်ခု ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ Lead Investor တစ်ယောက်ရှိရင် ရပါတယ်။ ကျွန်တော့်ရဲ့လန်ဒန်က အတွေ့အကြုံတွေအရ ပုဂ္ဂိုလ်တစ်ယောက်က သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အတွေ့အကြုံကောင်းတွေအများကြီးရှိပြီး သူအများကြီးနားလည်ထားတဲ့ လုပ်ငန်းနယ်ပယ်က လုပ်ငန်းသစ်တစ်ခုမှာ ဦးဆောင်ရင်းနှီးငွေထည့်ဝင်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီလုပ်ငန်းကို ဦးဆောင်နေသူတွေကို Coach လုပ်ပေးပါတယ်။ အရေးကြီးအချက်အလက်ကိန်းဂဏန်းတွေကို စစ်ဆေးပေးပါတယ်။ ပြီးတော့ တခြားရင်းနှီးမြှုပ်နှံသူတွေကိုလည်း အချိန်ပေးစုံစမ်းပါတယ်။  ဒါနဲ့ ကျွန်တော်တို့က အဲဒီပုဂ္ဂိုလ်ကိုသိတဲ့အတွက် အဲဒီလုပ်ငန်းအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ချင်တဲ့သူတွေနဲ့အတူ Webinar တစ်ခုလုပ်ပြီး သူ့အနေနဲ့ ဘာကြောင့် Lead Investor ကို ဒီ Deal ကိုလုပ်ရသလဲဆိုတာအပါအ၀င်သိချင်တာတွေကို မေးမြန်းကြပါတယ်။ နောက်ပိုင်းအဲဒီလုပ်ငန်းမှာ ငွေကြေးထည့်ဝင်ပေးမလားဆိုတာကတော့ တစ်ပိုင်းပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း Angel  Investor တွေကို ဘယ်လိုလုပ်မှ Angel  Investor ဖြစ်တယ် ဆိုတာကိုသိအောင် သင်ကြားပို့ချပေးဖို့လိုပါတယ်။ တ ချို့ Investor တွေကတော့ Lead Investor အဖြစ် လုပ်နိုင်ချင်မှ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် Angel Investor ဆိုတာ ချက်လက်မှတ်တစ်စောင် ရေးပေးတာထက်ပိုတယ်ဆိုတာတော့ သိအောင်လုပ်ပေးရပါမယ်။ ဘာကြောင့်ဆို ကုမ္ပဏီတစ်ခုဆိုတာကလည်း ချက်လက်မှတ်တစ်စောင်ထက် လိုအပ်တာတွေအများကြီးရှိပါတယ်။ အတွေ့အကြုံရှိရင်းနှီးမြှုပ်နှံသူတွေ ပူးပေါင်းပြီး သင့်တင့်လျောက်ပတ်တဲ့ Ecosystem နဲ့ အခြေခံအဆောက်အအုံတွေကို ဖန်တီးပေးဖို့လိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုရပြီးတဲ့ ကနဦးလုပ်ငန်းတွေအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်

———————-

ရင်းနှီးမြှုပ်နှံသူတစ်ဦးစီကနေ ရင်းနှီးငွေကြေးရပြီးတဲ့ လုပ်ငန်းငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံသူဆီကို တစ်လတစ်ကြိမ်မဟုတ်တောင် လေးလတစ်ကြိမ်လောက်တော့ အစီရင်ခံစာတစ်ခုလောက် ပို့သင့်ပါတယ်။ အဲဒီအစီရင်ခံစာကိုလည်း ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအခြေအနေပေါ်ကိုလိုက်ပြီး အသေးစိတ်ပို့သင့်သလား၊ သိထားသင့်တဲ့ အချက်လောက်ပဲ ပို့သင့်သလားဆိုတာကို ဆုံးဖြတ်ရေးသားရမှာပါ။ ဒါမျိုးကိုယ့်ရင်းနှီးမြှုပ်နှံသူနဲ့ အဆက်အသွယ်မပြတ်အောင် ပုံမှန်ဆက်သွယ်အစီရင်ခံနေသင့်ပါတယ်။ တစ်လတစ်ကြိမ်ကတော့ လုပ်ငန်းအခြေနေ Update နဲ့ပတ်သက်လို့ သိသင့်သလောက် အစီရင်ခံစာပို့ပေးတာဖြစ်ပြီး လေးလတစ်ကြိမ်လောက်တော့ အနည်းငယ် အသေးစိတ်ကျတဲ့ ငွေကြေး၊ အမြတ်/အရှုံးစသဖြင့် ကိန်းဂဏန်းတွေပါတဲ့ အစီရင်ခံစာတစ်ခုလောက် ပို့သင့်ပါတယ်။

ဒီလိုကိုယ့်ရင်းနှီးမြှုပ်နှံသူနဲ့ အဆက်အသွယ်မပြတ်အောင်နေဖို့လိုတယ်ဆိုတဲ့ အသိကိုလည်း ကနဦးလုပ်ငန်းသစ်တွေက သိထားသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံငွေမရခင်မှာ လုပ်ငန်းရှင်တွေက ကိုယ့်ရင်းနှီးမြှုပ်နှံသူတွေနဲ့ အဆက်အသွယ်ကောင်းကောင်းရှိပြီး ရင်းနှီးငွေရပြီးတာနဲ့ စိတ်ချသွားရတာကြောင့် ကိုယ့်ရဲ့လုပ်လက်စ လုပ်ငန်းတာဝန်တွေကြားထဲ ပြန်လည်အာရုံစိုက်နစ်မြုပ်လုပ်ကိုင် ကုန်တတ်ကြပါတယ်။ တကယ်တော့ သူတို့အနေနဲ့ ကုမ္ပဏီအတွက် ပိုပြီးအားစိုက်ထုတ်အလုပ်လုပ်ရတာမှန်ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကျတော့ သူတို့ထက်ပိုပြီး ငွေကြေးစိုက်ထုတ် ထည့်ဝင်ထားကြရတာဖြစ်တဲ့အတွက် သူတို့ရဲ့ငွေကြေးက ဘယ်ရောက်သွားပြီလဲ၊ လုပ်ငန်းက ဘယ်လောက်အတိုင်းအတာဖြစ်နေပြီ စသဖြင့် သိချင်ကြတယ်။ သူတို့မှာ သိလည်းသိခွင့်ရှိပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တာက ရင်းနှီးမြှုပ်နှံသူတွေက သူတို့ထက်ငွေကြေးပိုင်းမှာ စွန့်စားမှုတွေ ပိုလုပ်ထားရတယ်ဆိုတာကို သိဖို့ပါပဲ။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ သတိထားရမယ့် နောက်တစ်ချက်က ရင်းနှီးမြှုပ်နှံသူတွေကို လိုတာထက်ပိုပြီး ကတိမပေးဖို့ပါပဲ။ ကျွန်တော် Coach လုပ်ပေးတဲ့ ကုမ္ပဏီတွေကိုဆို Under Promise, Over Deliver ဆိုတာကို လက်ကိုင်ထားဖို့ အမြဲပြောပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတာမျိုးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတတ်ကြတာဖြစ်တဲ့အတွက် သူတို့လုပ်နိုင်လောက်မယ်ထင်တဲ့ ကတိမျိုးတွေကို လွယ်လွယ်ပေးတတ်ကြပါတယ်။ တကယ်တမ်းဈေးကွက်မှာ လုပ်ကိုင်ကြည့်တဲ့အခါ မဖြစ်လာတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုအခါမျိုးမှာလည်း ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံသူတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ပြတိုင်ပင်ဖို့ ပြောချင်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားပြီဆိုကတည်းကိုက သူတို့ကကိုယ်လိုပဲ ဒီလုပ်ငန်းအတွက် သူတို့ရဲ့ငွေကြေးကို စွန့်စားရင်းနှီးခဲ့ရပြီ။ ဒါကြောင့် လုပ်ငန်းက မှန်းထားသလောက်မဖြစ်လာခဲ့ရင် သူတို့ကူညီကောင်း ကူညီပေးပါလိမ့်မယ်။

ကိုယ့်ဘက်က ဘယ်လိုအကြောင်းတွေကြောင့် ပြောထားတဲ့အတိုင်း မဖြစ်လာတာပါဆိုတဲ့ဟာကို ချက်ကျလက်ကျတော့ ပြောပြနိုင်ရပါမယ်။ ရင်းနှီးမြှုပ်နှံသူတွေက လုပ်ငန်းအကြောင်းအမြဲတမ်း သိချင်တယ်ဆိုတာက တကယ်လို့ တစ်စုံတစ်ရာမှားယွင်းခဲ့ရင် သူတို့အနေနဲ့ကူညီထောက်ပံ့ပေးချင်လို့ပါ။ စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်သူတွေက စိတ်ကူးစိတ်သန်းကောင်းတွေရှိတယ်၊ အကောင်းမြင်စိတ်နဲ့ ယုံကြည်ချက်တွေ ရှိတယ်ဆိုပေမယ့် ငယ်ရွယ်မှု၊ အတွေ့အကြုံမရင့်ကျက်မှု၊ ကိုယ့်အဖွဲ့က ကိုယ့်စိတ်ကူးကို လိုချင်သလို အကောင်အထည်မဖော်နိုင်တဲ့အတွက် ကြုံတွေ့ရတဲ့ အခက်အခဲ စတာတွေကတော့ ရှိနေမှာပါပဲ။ ဒါကြောင့် Investment Deal တွေမှာလည်း လိုအပ်ချက်နဲ့ အမှားတွေရှိနေမှာပါ။ ဒါပေမယ့် ဒါတွေကို ရင်ဆိုင်ကျော်လွှားပြီး ရှေ့ဆက်တက်လှမ်းရမှာပါပဲ။ ဒါကြောင့် စွန့်စားရင်းနှီးမြှုပ်နှံဝံ့တဲ့ Angel  Investor တွေနဲ့ ဖွဲ့စည်းထားတဲ့ အသိုက်အ၀န်းလိုအပ်ပြီး အဲဒီလို Angel -Investing Network တွေရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ အဲဒါရဲ့ အလုပ်ဖြစ်ထွန်းမှုတွေကို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သိအောင်လုပ်ပေးရပါမယ်။


Entrepreneur တစ်ယောက်ဖြစ်ဖို့ အဆင့်မြင့်ဘွဲ့ပညာရေး လို၊မလိုနဲ့ပတ်သက်ပြီး

————————————-

လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ချင်တယ်၊ လုပ်ချင် တယ်၊ Entrepreneur တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အဓိကပြောချင်တဲ့အကြောင်းအရာကတော့ အဆင့်မြင့်ပညာရေး လောလောဆယ်မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် သူ့မှာ Passion နဲ့ Knowledge ရှိဖို့လိုအပ်ပါတယ်။ အဲဒါက အဓိကအရေးကြီးပါတယ်။ ကျွန်တော်ဆိုရင် ဆယ်တန်းမအောင်ခင်ကတည်းက စီးပွားရေးစလုပ်နေပါပြီ။ ကျွန်တော် စပြီးတော့ ကိုယ်ပိုင်စီးပွားရေးစလုပ်တဲ့အချိန်မှာ ရိုးရိုးတန်းတန်း အဝေးသင်တက္ကသိုလ်က ဘွဲ့ရတာပဲရှိပါသေးတယ်။ လုပ်ငန်းမှာ တကယ်လိုအပ်တာက Domain Knowledge လို့ခေါ်တဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့၊ Market နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက သင်ယူချင်စိတ်လိုပါတယ်။ အဲဒီသင်ယူချင်စိတ်က ကျောင်းတွေ၊ သင်တန်းတွေ သွားတက်ပြီးမှ၊ MBA တွေတက်ပြီးမှ မဟုတ်ပါဘူး။ ကိုယ့်ဆီက Experience ရှိတဲ့သူတွေဆီကလည်း သင်ယူလို့ရပါတယ်။ အခုခေတ်မှာတော့ အင်တာနက်ကနေ အများကြီးသင်ယူနိုင်ပါတယ်။ YouTube မှာလည်း သင်လို့ရသလို တခြား Learning Platform တွေကလည်း သင်လို့ရပါတယ်။ အကောင်းဆုံးသင်ယူတဲ့ Method ကတော့ အမှားကနေ သင်ယူတာဖြစ်ပါတယ်။ လုပ်ငန်းလုပ်တဲ့သူတော်တော်များများက အမှားတွေကို ကြုံတွေ့ရပါတယ်။ အဲဒီအမှားတွေကနေ သင်ခန်းစာယူကြပါ။ ပထမတစ်ခါလုပ်ရင် မှားမယ်။ ဒါပေမဲ့ အဲဒီအမှားကို ဒုတိယတစ်ခါ မမှားဖို့လိုပါတယ်။ ကျွန်တော်တို့လုပ်ငန်းစတင်လုပ်ကိုင်တဲ့အချိန်မှာ မှားခဲ့တာတွေအများကြီးပါ။ အဲဒီမှားခဲ့တာတွေကနေ တဖြည်းဖြည်းပြန်ပြုပြင်ပြီးတော့ လုပ်ငန်းကို ကောင်းအောင်လုပ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ထက်အောင်မြင်တဲ့လုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေက ဘာတွေမှားခဲ့လဲဆိုတာကို သင်ယူပါ။ အဲဒီလိုသင်ယူခြင်းအားဖြင့် ကိုယ့်ရဲ့လုပ်ငန်းထဲမှာလည်း အောင်မြင်မှုတွေရရှိနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ အချိန်ပေးနိုင်မယ်ဆိုရင် Structure ကျကျ Business ကို သင်သင့်ပါတယ်။ ဘာလဲဆိုတော့ အခုခေတ်စားနေတဲ့ MBA Program တွေရှိသလို Management School တွေလည်းရှိပါတယ်။ သင်တာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့အတူတူပဲ စာတွေ့ကလည်း လိုအပ်ပါတယ်။ ဥပမာ- Marketing Plan ကို ဘယ်လိုဆွဲမလဲ။ Business Plan ကို ဘယ်လိုဆွဲမလဲ။ Accounting Knowledge ဆိုတာ ဘာလဲ။ Financial Plan ဆိုတာ ဘာလဲဆိုတာမျိုးတွေ သိထားတဲ့အတွက်ကြောင့် လုပ်ငန်းမှာ ပိုမိုအထောက်အကူပြုပါတယ်။ ဒါပေမဲ့ အဲဒါတွေတတ်ပြီးမှ အလုပ်လုပ်မယ်ဆိုရင်တော့ စာသင်တဲ့အချိန်သာ ကုန်သွားပြီးတော့ အလုပ်လုပ်တဲ့အချိန်က နည်းနေမှာဖြစ်ပါတယ်။ အလုပ်က လုပ်မယ်ဆိုရင် အရင်သာ စလုပ်လိုက်ပါ။

Entrepreneur ဖြစ်ဖို့ အသက်အရွယ်က အရေးကြီး၊ မကြီးနဲ့ပတ်သက်ပြီး

———————-

တကယ်တမ်းစီးပွားရေးတစ်ခုစလုပ်မယ်ဆိုရင် အသက်အရွယ်က အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်မှာ စီးပွားရေးစတင်လုပ်ကိုင်ဖို့အတွက် အခွင့်အလမ်းပေးတယ်၊ မပေးဘူးဆိုတာမှာ မူတည်ပါတယ်။ အဲဒီအခွင့်အလမ်းကို ကိုယ်က ဘယ်လောက်ထိအသုံးချနိုင်လဲပေါ်မူတည်ပါတယ်။ အခွင့်အရေးတစ်ခုဖြစ်လာတဲ့အခွင့်အလမ်းကို စီးပွားရေးတစ်ခုအနေနဲ့၊ လုပ်ငန်းတစ်ခုအနေနဲ့ အသွင်ပြောင်းမယ့်နေရာမှာ ဘာတွေလိုအပ်လာပြီလဲဆိုတော့ အဲဒီရဲ့လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းရဲ့ Domain Knowledge ကို သိရဲ့လား။ အဲဒီဈေးကွက်တွေ အကောင်အထည်ဖော်ဖို့အတွက် ကိုယ့်မှာထိုက်သင့်တဲ့ Experience ရှိလားဆိုတာကလည်း စကားပြောပါတယ်။ အဲဒီမှာ လူငယ်နဲ့လူကြီးက ဘာကွာသွားသလဲဆိုတော့ လူကြီးတွေကတော့ ထိုက်သင့်တဲ့ Experience ရှိသလို လူငယ်တွေကတော့ Experience မရှိဘဲနဲ့ လုပ်ငန်းတွေကို စတင်နေတာလည်း တွေ့ရတတ်ပါတယ်။ အဲဒီလိုလုပ်ငန်းတွေကို စတင်တဲ့အခါမှာ Experience ရှိတာဖြစ်စေ၊ မရှိတာဖြစ်စေ တကယ်တမ်းအောင်မြင်တယ်၊ မအောင်မြင်ဘူးကတော့ ဘယ်ပေါ်မှာ သွားတိုင်းလဲဆိုရင် နံပါတ်တစ်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ Passion ဘယ်လောက်ရှိလဲဆိုတာအရေးကြီးပါတယ်။ Passion မရှိဘဲနဲ့ ဘယ်အလုပ်ကိုလုပ်လုပ် မအောင်မြင်ပါဘူး။ တချို့ကတော့ စီးပွားရေးအရ ဖြစ်နိုင်တယ်ဆိုပြီးလုပ်ကြတယ်။ Passion မရှိတဲ့အခါမျိုးတွေမှာ လုပ်ငန်းတွေ ကျရှုံးတာအများကြီးကြုံတွေ့ရပါတယ်။ Passion က အရေးကြီးပါတယ်။ နောက်တစ်ခုက Entrepreneur ဆိုတာက ဘယ်တော့အခါမှ အခုချက်ချင်းအောင်မြင်တဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။ အဲဒါကြောင့် Risk ကို ဘယ်လောက်ထိယူနိုင်တယ်ဆိုတာအပေါ်မူတည်ပါတယ်။ Risk ကို များများယူနိုင်ရင် အောင်မြင်ပါတယ်။ လူငယ်တွေကတော့ အမှားလုပ်ဖို့အတွက် အခွင့်အရေးတွေအချိန်ရသလို လူကြီးတွေကျ အမှားလုပ်ဖို့ အခွင့်အလမ်းနည်းသွားကြပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒါတွေကို အောင်မြင်အောင်လုပ်ဖို့အတွက် Energy က အရေးကြီးပါတယ်။ Energy ရဲ့ Level များတဲ့အတွက်မှာလည်း အောင်မြင်မှုရဲ့ Level က ပိုပြီးမြင့်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်လုပ်ငန်းရှင်ဖြစ်ဖြစ်၊ လူကြီးလုပ်ငန်းရှင်ဖြစ်ဖြစ် ခုနကအချက်တွေကိုသာ ပြည့်စုံတယ်ဆိုရင်တော့ အောင်မြင်တဲ့လုပ်ငန်းရှင်တွေ အားလုံးပဲဖြစ်ကြမှာပါ။

လုပ်ငန်းတစ်ခု စလုပ်ဖို့အတွက် Right Timing စောင့်သင့်၊ မစောင့်သင့်

———————————

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပြောဖူးတဲ့ Quote လေးတစ်ခုကို ကျွန်တော်ပြန်ပြောပြပါမယ်။ လူတိုင်းလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ Jack Ma ပါ။ Alibaba ရဲ့ Founder & CEO ဖြစ်ပါတယ်။ သူက ပြောတာက ဈေးကွက်မှာ အားလုံးအဆင့်သင့်ဖြစ်တယ်ဆိုရင် သင့်အတွက် အခွင့်အလမ်းမရှိတော့ပါဘူး။ အဲဒီစကားကို ကျွန်တော်အပြည့်အ၀ထောက်ခံပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီ Blue Ocean ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ၂၀၀၉ ခုနှစ်မှာ IT လောကမှာ သိပ်မဖွံ့ဖြိုးသေးပါဘူး။ နောက်တစ်ခုက MPT ဆိုတဲ့ Operator တစ်ခုတည်းပဲ ရှိပြီးတော့ ကျန်တဲ့ Operator တွေလည်း မရှိပါဘူး။ ၂၀၁၁ ခုနှစ်မှာ Call Center စတည်ထောင်တုန်းက မြန်မာနိုင်ငံမှာ ပထမဆုံး Call Center ဖြစ်ပါတယ်။ ကျွန်တော် Call Center စတည်ထောင်တဲ့အချိန်မှာ ခေါ်မယ့်လူလည်း ကျွန်တော်တို့ဆီမှာမရှိဘူး။ အဲဒီအချိန်မှာ ဘာလုပ်ရလဲဆိုတော့ Idea ပြောင်းပြီးတော့ လူတွေအားလုံးမေးလို့ရတဲ့၊ လွယ်လွယ်ကူကူ၊ အချိန်မရွေးသိချင်တာမေးဆိုတဲ့ Call Center မျိုးကို Hotline အနေနဲ့ အသွင်ပြောင်းရပါတယ်။ ဒါကတော့ ကျွန်တော့ကိုယ့်တွေ့အနေနဲ့ ပြောတာဖြစ်ပါတယ်။ တခြားလုပ်ငန်းလုပ်ချင်တဲ့ ညီ၊ ညီမတွေအနေနဲ့ကတော့ ကိုယ့်မှာ Idea ရှိတယ်ဆိုရင် အဲဒီ Idea တွေကို သူများထက် ကိုယ်ကစပြီးတော့ လုပ်ကိုင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်ကိုယ်တိုင်က Entrepreneur ဆိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အားလုံးဈေးကွက်အခြေအနေအဆင်သင့်ဖြစ်မှ လုပ်မယ်၊ ပေါ်လစီငြိမ်မှလုပ်မယ်၊ တိုင်းပြည်စီးပွားရေးကောင်းမှ လုပ်မယ်ဆိုရင် သူများနောက်လိုက်ဖြစ်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော့်အနေနဲ့ အဆိုပြုချင်တာက ကိုယ့်မှာ Idea ကောင်း၊ အကြံဉာဏ်ကောင်းတွေ ရှိတယ်ဆိုရင် သူများမလုပ်ခင် ကိုယ်က စွန့်ဦးတီထွင်ကို လုပ်ခြင်းအားဖြင့် အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။

Partnership/ Co-founder

——————————

လူငယ်တော်တော်များများမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လုပ်ငန်းစပြီး တည်ထောင်ကြတာကို တွေ့ရပါတယ်။ ကောင်းတဲ့အချက်ကတော့ Load Sharing ကိုလုပ်နိုင်ပါတယ်။ တစ်ယောက်မလုပ်နိုင်တဲ့ အလုပ်တွေကို နောက်တစ်ယောက်က လုပ်နိုင်တယ်။ Idea တွေမတူတဲ့အတွက်ကြောင့် အမြင်အသစ်တွေ ရနိုင်ပါတယ်။ ဆွေးနွေးမှုတွေရနိုင်ပြီးတဲ့အခါကျတော့ အတူတကွ Teamwork လုပ်တဲ့အခါ အောင်မြင်မှုတွေ ရနိုင်ပါတယ်။ မကောင်းတဲ့အပိုင်းမှာ လူတွေရဲ့လုပ်ငန်းတွေရဲ့ အမျိုးအစားတွေ မတူတဲ့အပေါ်မှာ မူတည်ပြီးမှ သူ့ရဲ့လုပ်ဆောင်ချက်ရဲ့ JD တွေ၊ သူ့ရဲ့လုပ်ရတဲ့ Role တွေ Clear မဖြစ်တဲ့အခါမှာ သူလုပ်လိုလို၊ ငါလုပ်လိုလိုနဲ့ Conflict တွေဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က သူငယ်ချင်းမိတ်ဆွေဆိုတာ ကျောင်းမှာ စားဖို့၊ သောက်ဖို့၊ ပျော်ပျော်ပါးပါးသွားပေမယ့် တကယ်အလုပ်လုပ်တဲ့အခါမှာ Critical ကြုံရတာတွေရှိပါတယ်။ အဲဒီအခက်အခဲတွေကို ဖြေရှင်းတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အငြင်းပွားမှုတွေဖြစ်လာပြီးတော့ တစ်ယောက်နဲ့တစ်ယောက် Conflict တွေဖြစ်လာပါတယ်။ အဲဒီ Conflict တွေဖြစ်လာရင်လည်း ဘယ်လိုဖြေရှင်းမလဲဆိုတာ အခုကတည်းက စဉ်းစားသင့်ပါတယ်။ ကျွန်တော့အနေနဲ့ အကောင်းဆုံးအကြံပေးချင်တာကတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စလုပ်တဲ့အခါမှာ အလုပ်မစခင်ကတည်းက ဘယ်သူဘာလုပ်မလဲဆိုတဲ့ Clear Role တွေရှိသင့်ပါတယ်။ နောက်တစ်ခုက သူလုပ်မယ့် JD တွေကိုလည်း သေသေချာချာရေးထားသင့်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လုပ်တဲ့အခါမှာ အောင်မြင်လာတဲ့အခါ အငြင်းမပွားရအောင် စာချုပ်စာတမ်းတွေနဲ့လုပ်သင့်ပါတယ်။ အဲဒီလို စာချုပ်စာတမ်းတွေ လုပ်တဲ့အခါမှာ Shareholder Agreement လိုမျိုးလုပ်ပြီးတော့ သူက Share ဘယ်လောက်ထည့်တယ်၊ ကိုယ်က Share ဘယ်လောက်ထည့်တယ်၊ သူ့ Role က ဘာအောင်မြင်လာလို့ မတော်တဆ ကိုယ်က ရှယ်ယာခွဲထွက်သွားမယ်၊ ကုမ္ပဏီကြီးပျက်သွယ်တယ်ဆိုရင်တောင်မှ မိတ်ဆွေသူငယ်ချင်းတွေ မိတ်မပျက်ဘဲ ခင်ခင်မင်မင်နဲ့ အလုပ်ကို ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကနဦးလူငယ်လုပ်ငန်းရှင်တွေကို အကြံပေးချင်တာက ဘာပဲစလုပ်လုပ်၊ သူငယ်ချင်းတွေနဲ့ လုပ်တဲ့အခါမှာ စနစ်တကျလုပ်ဖို့က အရေးကြီးပါတယ်။

Entrepreneur တစ်ယောက်အနေနဲ့ နည်းပညာအကြောင်း သိဖို့လို၊ မလို

————————————

Entrepreneur တွေတော်တော်များများက တခြားလူတွေနဲ့ မတူဘဲနဲ့ တီထွင်ဆန်းသစ်မှုအသစ်တွေနဲ့ လုပ်နေရတဲ့လူတွေဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် နည်းပညာက မရှိမဖြစ်၊ မသင်မဖြစ် သင်သင့်ပါတယ်။ ပထမဆုံးတတ်သင့်တဲ့နည်းပညာအခြေခံကတော့ Microsoft Office ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လိုပါတယ်။ အဲဒီမှာ ငွေစာရင်းဇယားတွေ၊ ကုန်ပစ္စည်းစာရင်းဇယားတွေကို ဘယ်လိုထည့်မယ်ဆိုတဲ့ Excel ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လိုပါတယ်။ Microsoft Powerpoint ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လိုပါတယ်။ Powerpoint မှာမှ ကိုယ့်ရဲ့ Presentation တွေကို Customer တွေကို လှလှပပနဲ့ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်၊ Customer တွေ ရဲ့အထင်ကြီးမှုကို ရရှိနိုင်အောင် Powerpoint Presentation က တအားအရေးကြီးပါတယ်။ ပြည်တွင်းပြည်ပ မိမိရဲ့ကုန်ပစ္စည်း Partner တွေနဲ့ရော၊ ဖောက်သည်တွေနဲ့ရော ဆက်သွယ်တဲ့အခါမှာ အီးမေးလ်ကလည်း အရေးကြီးပါတယ်။ အဲဒီအီးမေးလ်ကိုလည်း အကျိုးရှိရှိအသုံးချသင့်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ Entrepreneur တွေက အီးမေးလ်တွေ၊ အင်တာနက်တွေ အသုံးချတတ်တဲ့အပြင်ကို ဆိုရှယ်မီဒီယာတွေကိုပါ အသုံးချသင့်ပါတယ်။ ဆိုရှယ်မီဒီယာတွေကတော့ အများဆုံးသုံးဖြစ်တဲ့ Facebook ကို ကိုယ့်ရဲ့ Personal အတွက် မသုံးဘဲနဲ့ လုပ်ငန်းအတွက်မှာလည်း အသုံးချနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လူဦးရေသန်းငါးဆယ်ကျော် ရှိတဲ့အထဲမှာ တစ်ဝက်က အင်တာနက်သုံးတဲ့သူဖြစ်ပြီးတော့ Facebook နဲ့ တခြားဆိုရှယ်မီဒီယာသုံးတဲ့သူက ၁၈ သန်းနဲ့ သန်းနှစ်ဆယ်ကြားထဲမှာ ရှိပါတယ်။ အဲဒီလိုမျိုး သန်းနှစ်ဆယ်နီးပါးရှိတဲ့ Market ကြီးကို ကိုယ်ကသာ နည်းပညာကို အသုံးပြုပြီးတော့ လိုက်ယူနိုင်မယ်ဆိုရင် အခုမှစလုပ်မယ့် Entrepreneur တွေအတွက်ကို၊ ဈေးကွက်ကို လွယ်လွယ်ကူကူနဲ့ အချိန်တိုအတွင်းမှာ ရနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော့အနေနဲ့ အကောင်းဆုံးအကြံပေးချင်တာကတော့ သူများနဲ့မတူဘူး။ သူများထက်အောင်မြင်ချင်တယ်ဆိုရင် နည်းပညာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လိုပါတယ်။


ကနဦးလုပ်ငန်းရှင်များအတွက် အကြံပေးစကား

——————————–

ကနဦးလုပ်ငန်းရှင်တွေအတွက် အကြံပေးချင်တာကတော့ ကိုယ့်ရဲ့စိတ်ကူးကိုကောင်းကောင်းရှိတယ်လို့ ယုံကြည်တယ်ဆိုရင် အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဇွဲလုံ့လ၀ီရိယအပြည့်နဲ့ ကြိုးစားဖို့လိုတယ်။ နောက်ပြီးဖြစ်ချင်တဲ့ဆန္ဒကို တော်တော်လေး ပြင်းပြင်းပြပြထားပြီးတော့ လုပ်ဖို့လိုတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေအနေနဲ့ ကနဦးတွေ တွေ့ရတဲ့အခါ အားမရတဲ့အချက်တစ်ခုက ကိုယ့်ဘာကိုယ်သိမ်ငယ်ပြီးတော့ သိပ်ပြီးတော့ မမြှင့်တင်တာပဲ ဖြစ်တယ်။ ဒီလိုပွဲတွေ၊ အခမ်းအနားတွေဆိုရင်လည်း ကနဦးတွေက ရှေ့ကိုထွက်ပြီးတော့ လူတကာနဲ့လိုက်ပြီးတော့ မိတ်ဆက်တာ၊ ကိုယ့်လုပ်ငန်းအကြောင်းကိုပြောဆိုတာ၊ လူကြီးတွေနဲ့ မရရအောင်တွေ့ပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီးတော့ စကားပြောတာ အဲဒီလိုမျိုးတွေ လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ပုံမှန်တွေ့နေရတာတွေကကျတော့ အနောက်မှာပဲ နေနေတာများ တယ်။ ကိုယ့်လုပ်ငန်းလေးက သေးလွန်းပါတယ်။ သူများတွေကို မပြောပြချင်သေးဘူးဆိုတာမျိုးဖြစ်နေတော့ လုပ်ငန်းကသေးနေတဲ့အဆင့်ကနေ ဆက်ပြီးတော့ မတက်လာနိုင်တော့တဲ့ အနေအထား ဖြစ်တယ်။ အဲဒီတော့ လူငယ်တွေအနေနဲ့ ပိုပြီးတော့ ရှေ့ထွက်ဖို့ကို အားပေးချင်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းစတင်ချိန် လုပ်ကိုင်ခဲ့တုန်းက ရခဲ့တဲ့အတွေ့အကြုံတချို့

—————————-

ကျွန်တော်တို့လုပ်ငန်းစလုပ်တော့ ဘာအတွေ့အကြုံမှ မရှိခဲ့ဘူး။ အသက်ကလည်း ၂၃ နှစ်ပဲ ရှိသေးတယ်။ ကိုယ်အတွေ့အကြုံရှိတာက အင်တာနက်နဲ့ ဆော့ဖ်ဝဲရေးတာ။ အဲဒီတော့ အင်တာနက်ဝက်ဘ်ဆိုက်တွေ ရေးတယ်။ ဆော့ဖ်ဝဲတွေရေးတယ်။ အဲဒါတွေကို ကျွန်တော်လုပ်ရင်းနဲ့ မီဒီယာလုပ်ငန်းလုပ်ဖို့ဆိုပြီး စပြီးဖြစ်လာတော့ ကိုယ့်မှာ ဘာမှအတွေ့အကြုံမရှိတဲ့လုပ်ငန်း ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ဘယ်လိုယုံကြည်လဲဆိုတော့ ကျွန်တော်က ဂျာနယ်ထုတ်ဖူးတဲ့သူတော့ မဟုတ်ဘူး။ ဒါပေမဲ့ နည်းပညာကို နားလည်တဲ့သူ၊ အင်တာနက်နဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့သူလို့ ကိုယ့်ဘာသာကိုယ် ခံယူထားတယ်။ ဒါကြောင့် အင်တာနက်နဲ့ ပတ်သက်တဲ့အကြောင်းအရာကို စပြီးထုတ်ဝေတဲ့အခါ လုပ်ငန်းရဲ့ တစ်ဝက်ကိုတော့ ကိုယ်ကပိုင်ပြီးသားဖြစ်နေတယ်။ အဲဒီတော့ လူငယ်တွေကိုလည်း ကျွန်တော်က အကြံပေးချင်တာက လုပ်ငန်းအသစ်တစ်ခုကို လုပ်တော့မယ်ဆိုရင် လုပ်ငန်းတစ်ခုလုံးကို ၁၀၀ ရာခိုင်နှုန်း လုပ်ဖူးပြီးသားဆိုတဲ့ အတွေ့အကြုံ ဘယ်သူမှာမှ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ တစ်ဝက်လောက်ကိုတော့ ကိုယ်က အတွေ့အကြုံရှိတယ်ဆိုရင် အဲဒီလုပ်ငန်းကိုရွေးချယ်ပြီးတော့ လုပ်လိုက်ရင် အများကြီးအောင်မြင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အတွေ့အကြုံမရှိတဲ့ လုပ်ငန်းကိုစတဲ့အခါမှာ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကို အရင်ဖြည့်ပြီး စလိုက်ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ နည်းပညာအကြောင်း၊ အင်တာနက်အကြောင်း၊ ကွန်ပျူတာအကြောင်းတွေကို  ဂျာနယ်ထဲမှာထည့်ပြီးတော့ ရေးတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ ဦးဆောင်ပြီးလုပ်ရာကနေ တစ်ဖြည်းဖြည်းနဲ့ နောက်တစ်နှစ်၊ နှစ်နှစ်ကြာတော့ 7Days News ဂျာနယ်ထုတ်ဖို့ ကျွန် တော်တို့လုပ်တဲ့အခါကျတော့ ကိုယ်က ဂျာနယ်ထုတ်ဖူးပြီးသားသူဖြစ်သွားတယ်။ အဲဒီလိုမျိုးနဲ့ ကျွန်တော်တို့ စခဲ့တာဆိုတော့ လူငယ်တွေကိုလည်း ကိုယ်ကျွမ်းကျင်တဲ့ တစ်နိုင်တစ်ပိုင်အခန်းလေးတွေကနေ စပြီးလုပ်ဖို့အတွက် အကြံပေးချင်ပါတယ်။


ကနဦးလုပ်ငန်းရှင်တွေအတွက် အကြံပေးစကား

——————————–

ကနဦးလုပ်ငန်းလုပ်မယ်ဆိုရင် လုပ်ငန်းအတွေ့အကြုံလေးနည်းနည်း ရှာထားတော့ ပိုကောင်းပါတယ်။ ကုမ္ပဏီတစ်ခုခုမှာ ၀င်လုပ်ထားတာပဲဖြစ်ဖြစ် အတွေ့အကြုံတစ်ခုခု ရထားရင်ပိုကောင်းတယ်။ ကုမ္ပဏီတစ်ခုမှာ လုပ်တယ်ဆိုရင်ကိုယ်က အဲဒီမှာကတည်းက ကြိုပြီးတော့ လစာလည်းရတယ်။ နောက်ပြီးတော့ Testing စလုပ်ထားနှင့်လို့ရနေပြီ။ ဒါမျိုးဆိုရင် ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ်က ကိုယ့်လုပ်ငန်းလုပ်သလိုမျိုးပဲ ကြိုးစားပြီးတော့ လုပ်ထားပြီးတော့မှ တကယ်ကိုယ်အဆင်သင့်ဖြစ်ပြီဆိုတဲ့အချိန်ကျရင် ကိုယ်ခွဲထွက်သွားလို့ရတယ်။ အဆင်သင့်မဖြစ်သေးဘဲ ကိုယ်ခွဲထွက်သွားပြီ၊ ကနဦးလုပ်သွားပြီဆိုရင် Idea ကောင်းရင်ကောင်းမယ်။ ဒါပေမဲ့ တကယ့် Execution လုပ်တဲ့အတွေ့အကြုံကျမရှိဘူးဆိုရင် တစ်ခါတလေ ခက်တတ်တယ်။

ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်ခဲ့တုန်းက ရခဲ့တဲ့အတွေ့အကြုံတချို့

———————–

ကျွန်တော်တို့ လုပ်ငန်းစလုပ်ခဲ့တဲ့ အချိန်တုန်းကတော့ အခက်အခဲတွေက အများကြီးရှိပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း စီးပွားရေးလုပ်ရတာ မြန်မာပြည်က ဒီလောက်မလွယ်ကူသေးဘူး။ အခက်အခဲတွေ ပိုများတယ်။ ကြိုးနီစနစ်တွေ ပိုများသေးတယ်။ အဓိကကတော့ ကိုယ်က တကယ်ကောင်းတဲ့သူတွေကို ရှာနိုင်တယ်။ ၀န်ထမ်းကောင်းတွေ ရှာနိုင်တယ်။ သူတို့ကိုလည်း ဒီကုမ္ပဏီထဲမှာ ကိုယ်ကိုယ်တိုင် လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ Sense တစ်ခု ပေးထားရင် သူတို့ပိုပြီးတော့ အလုပ်ကြိုးစားလုပ်တယ်။ ကိုယ့်လုပ်ငန်းလိုသဘောထားပြီး ၀င်ရောက်လုပ်ကိုင်ကြ တဲ့အတွက် တော်တော်များများ တချို့အခက်အခဲတွေက ကိုယ်ကိုယ်တိုင်ဖြေရှင်းလိုက်ဖို့မလိုဘူး။ သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းသွားတာတွေရှိတယ်။ အကုန်လုံး ကိုယ်ကိုယ်တိုင်ပဲလုပ်မယ်။ ကုမ္ပဏီပိုင်ရှင်ကပဲ ပြသနာမှန်သမျှ အကုန်လုံးကို ဖြေရှင်းမယ်။ ဘယ်သူကိုမှမယုံဘူးဆိုရင် တော်ရုံသိပ်မလွယ်ပါဘူး။

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ အရည်အချင်းကောင်း ၅ မျိုး

————————————–

၁။ သူတို့တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရည်မြင့်မားတယ်။

——————

အောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့ နောက်ကွယ်မှာ ဆန္ဒတစ်ခုအရင်းပြုနေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ၊ စွန့်ဦးတီထွင်သူတွေအနေနဲ့ ကိုယ်စိတ်ကူးကောင်းရင်ကောင်းသလို၊ လုပ်ငန်းချဲ့ထွင်တတ်သလို ကိုယ့်လုပ်ငန်းကလည်း အောင်မြင်လာမှာပါပဲ။

နောက် ၅ နှစ်၊ ၁၀ နှစ်တိုင်အောင် လုပ်ငန်းတစ်ခုတည်းမှာပဲ အချိန်ကုန်ခံမယ့်လူတွေမဟုတ်ပါဘူး။ သူတို့ရဲ့လွတ်လပ်ခွင့်၊ ရည်မှန်းချက်တွေနဲ့အတူ နေ့ရက်တိုင်းမှာ လန်းဆန်းတက်ကြွလို့နေပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စဉ်းစားမိတာ ၁၂ လလောက်ရှိပြီဆိုရင် သင်လုပ်ငန်းစဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ။ ဘာလို့လဲဆိုတော့ သင်အချိန်ယူပြီး စဉ်းစားနေချိန်မှာ တီထွင်ဖန်တီးကြည့်နေပြီးသားဖြစ်လို့ပါပဲ။

၂။ သူတို့ရဲ့ အားသာချက်တွေကို သိမြင်တယ်။

———————————-

ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ့်အားသာချက်တွေကို သိရှိထားဖို့လိုပါတယ်။ တချို့လူတွေက ကိုယ်ပိုင်လုပ်ငန်းလုပ်နေကြပေမယ့် ကိုယ့်အားသာချက်တွေကို ပိုင်ပိုင်နိုင်နိုင်အသုံးမချတတ်တဲ့အတွက် ရေရှည်မှာ မအောင်မြင်ကြပါဘူး။ အခက်အခဲတွေကြုံတွေ့လာတာနဲ့ အရှုံးပေးတတ်ကြပါတယ်။ ဒါကြောင့် တတ်ကျွမ်းတဲ့အသိပညာ၊ အတတ်ပညာကို အသုံးချပါ။ စာရေးတာ၊ စကားပြောတာ၊ အနုပညာခံစားချက်ရှိတာ၊ စီစဉ်တာ၊ ဘယ်လိုအရာပဲဖြစ်ဖြစ် တတ်ကျွမ်းမှုကို အပြည့်အ၀အသုံးချပါ။ ကိုယ်ပိုင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံပါ။

၃။ ဈေးကွက်ကို နားလည်တယ်။

——————

ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ဆောင်မှုတွေကို အသုံးပြုမယ့်ဖောက်သည်တွေရှိနေရင်တော့ အကျိုးအမြတ်ရတဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်မှာ မလွဲဧကန်ပါပဲ။ ဘယ်သူတွေက ဘာတွေလိုအပ်နေသလဲ၊ ကိုယ်ကသူတို့ကို ဘာပေးနိုင်မလဲဆိုတာသိဖို့အတွက် ဈေးကွက်အခြေအနေကို အချိန်ယူလေ့လာပါ။

၎။ သူတို့တွေဟာ အများနဲ့ကွဲထွက်ပြီး လုပ်ကိုင်လေ့ရှိတယ်။

——————–

လုပ်ငန်းရှင်တစ်ယောက်ဟာ သုံးစွဲသူတွေကို ဆွဲဆောင်ဖို့ သူ့အကြိုက်ဆုံးတွေမှာ စာမူ၊ ဆောင်းပါးတွေ စပြီးတင်ပါတယ်။ သူ့ရဲ့စိတ်ကူးတွေကို လုပ်ဖော်ကိုင်ဖက်တွေက တွေ့လာတဲ့အခါ သူတို့ကိုယ်ပိုင်ပရောဂျက်တွေစလုပ်ဖို့ အကြံဉာဏ်တွေတောင်းလာပါတယ်။ အပြင်ထွက်ပြီး လိုက်ကြေညာနေမှ အလုပ်ဖြစ်တာမဟုတ်ပါဘူး။

 စိတ်ကူးရှိသလို ကိုယ့်လုပ်ငန်းကို စတင်လုပ်ဆောင်လို့ရပါတယ်။ အများနဲ့ကွဲထွက်ပြီး လုပ်ငန်းလုပ်ဆောင်ဖို့ ကိုယ့်စိတ်ကူးစိတ်သန်းကို အသုံးချပါ။

၅။ လုပ်ငန်းကို ချက်ချင်းအကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ကြတယ်။

—————–

အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တိုင်းဟာ တွေဝေမနေဘဲ လုပ်ငန်းကို အကောင်အထည်ဖော်လေ့ရှိကြပါတယ်။ ကိုယ့်ရဲ့လက်ရှိအခြေအနေ ဘယ်လိုပဲဖြစ်နေဖြစ်နေ လုပ်ငန်းကို ချက်ချင်းအကောင်အထည်ဖော်ပါ။ ကိုယ့်လုပ်မယ့် လုပ်ငန်းသဘောတရားကို နားလည်ပြီဆိုတာနဲ့ အချိန်မဆွဲနေပါနဲ့တော့။ အခုပဲစတင်လုပ်ဆောင်လိုက်ပါ။

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ယောက်မှာ ရှိထားသင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ၄ ခု

———————

အောင်မြင်တဲ့ ကနဦးတစ်ခုထူထောင်နိုင်ဖို့ ရှိထားသင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ၄ ခုကို ဖော်ပြပေးချင်ပါတယ်။

Search Engine Optimiation (SEO)

———————————

SEO ဆိုတဲ့ စကားလုံးကို နေရာတိုင်းမှာ ကြားနေရပါတယ်။ အခုဆိုရင် SEO ဟာ ကုမ္ပဏီတိုင်း မရှိမဖြစ် အသုံးပြုသင့်တဲ့ အရာတစ်ခုဖြစ်လာပါပြီ။ အထူးသဖြင့် ကနဦးလုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။ Search Result တွေမှာ ကိုယ်က ထိပ်ဆုံးမှာ ပေါ်နေခြင်းအားဖြင့် Customer တွေရဲ့ စိတ်ဝင်စားမှုများများရရှိနိုင်ခြင်း၊ ကိုယ့် Product နဲ့ ကိုက်ညီမယ့်ဈေးကွက် မြန်မြန်ရှာဖွေနိုင်ခြင်း၊ ကိုယ့်ရဲ့ Website ကို ကောင်းကောင်းပြင်ဆင်ထားခြင်းဖြင့် Customer တွေထံ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်း၊ လုပ်ငန်းအကြောင်းများ လွယ်ကူစွာရောက်ရှိစေနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

Digital Marketing

———————-

ကိုယ့်မှာ အိုင်ဒီယာကောင်းကောင်းတစ်ခုရှိဖို့ လိုအပ်သလို ဈေးကွက်ထဲမှာ အောင်မြင်ပြီးသားကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ Digital Marketing က စီးပွားရေးလုပ်ငန်းတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ အဓိကကျတဲ့နေရာက ပါဝင်ပါတယ်။ Digital Marketing က Social Media တစ်ခုတည်းတင် မဟုတ်ပါဘူး။ အဲထက်အများကြီးပိုပါတယ်။ ဒစ်ဂျစ်ကမ္ဘာထဲမှာ Social Media ၊ ဗီဒီယိုတွေ၊ SEM (Search Engine Marketing) ၊ Geotargeting နဲ့ အခြားအရာတွေ အများကြီးပါဝင်ပါသေးတယ်။ ကနဦးအနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ချိန်ညှိပြီး သင့်လျော်တဲ့ Tool တွေနဲ့ Platform တွေမှာသာ ရင်းနှီးမြှပ်နှံမှုတွေ ပြုသင့်ပါတယ်။

Outsourcing

—————-

Outsource လုပ်တယ်ဆိုတာက လုပ်ငန်းအကြီးကြီးတွေနဲ့ ဘတ်ဂျတ်အကန့်အသတ်မရှိရတဲ့ Multinational Corporation တွေအတွက်ပဲ မဟုတ်ပါဘူး ကုမ္ပဏီငယ်လေးတွေ၊ Startpup လုပ်ငန်းတွေအနေနဲ့လည်း Outsource လုပ်နိုင်ပါတယ်။ Virtual Office တွေ တဖြည်းဖြည်းတိုးပွားလာတာနဲ့အမျှ Outsourcing လုပ်တာကလည်း ရေပန်းစားမှုမြင့်တက်လာပါတယ်။ Startup တွေအတွက်ဆိုရင်လည်း ၀န်ထမ်းငှားခ၊ ရုံးခန်းငှားခတွေအပြင် Operating Cost တွေကိုပါ သက်သာစေတဲ့အတွက် Outsource လုပ်တာက တစ်နည်းတစ်ဖုံ အကျိုးရှိစေပါတယ်။ Human Resource ၊ Accounting ၊ Web Design ၊ Blog Management ၊ Market Research အစရှိသဖြင့် ကိုယ်လိုအပ်တဲ့ကဏ္ဍကို  Third Party Company တွေကို Outsource လုပ်နိုင်ပါတယ်။ ဒီနည်းအားဖြင့် ကိုယ့်ရဲ့ဝန်ထမ်းတွေအနေနဲ့ အသစ်အသစ်သော အိုင်ဒီယာတွေ၊ တီထွင်ဖန်တီးမှုတွေအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ဆောင်ရွက်ဖို့ အချိန်ပိုရမှာ ဖြစ်ပါတယ်။

Productivity

—————-

ကိုယ်တိုင်စွန့်စားပြီး ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်တာနဲ့အညီ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှုက ကိုယ်ဘယ်လောက်အထိ Productivityဖြစ်သလဲဆိုတာကို ထင်ဟပ်စေနိုင်ပါတယ်။ Virtual Assistant တွေကို ကောင်းကောင်းအသုံးချနိုင်တာ၊ အချိန်ဆွဲပြီး အလုပ်လုပ်တတ်တဲ့ အကျင့်ကို ပယ်ဖျက်တာ၊ ကိုယ့်ရဲ့ Inbox ကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်တာ၊ ငြင်းဆိုဖို့ အားမနာတတ်ခြင်း၊ ကိုယ်ပိုင် Dead Line သတ်မှတ်ထားတာ၊ အလုပ်ချိန်အတွင်း ပုံမှန်မိနစ်ပိုင်းမျှ အနားယူခြင်းစတဲ့ နည်းလမ်းတွေအပြင် အလုပ်ကို ဘယ်လို Productive ဖြစ်ဖြစ် ဆောင်ရွက်နိုင်မလဲဆိုတာကို သိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် Productivity နဲ့ပတ်သက်ပြီး အထောက်အကူပြုမယ့် Tools တွေကိုလည်း Startup လုပ်ငန်းရှင်တွေအနေနဲ့ လေ့လာထားဖို့ လိုအပ်ပါတယ်။

ကနဦးလုပ်ငန်းသစ်အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံငွေ ဘယ်ကရလေ့ရှိသလဲ

~~~~~~~~~~~~

၁။ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု (Personal Investment)

—————————-

လုပ်ငန်းတစ်ခု စလုပ်တဲ့အခါ ပထမဆုံးရင်းနှီးမြှုပ်နှံရှင်က ကိုယ်ကိုယ်တိုင်ပဲဖြစ်သင့်ပါတယ်။ ကိုယ်ပိုင်ငွေကြေးပဲဖြစ်ဖြစ်၊ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ အပေါင်ပစ္စည်းထားပြီးပဲဖြစ်ဖြစ်ပါ။ ဒါက ကိုယ့်လုပ်ငန်းအပေါ် ကိုယ်တိုင်က ရေရှည်ရည်မှန်းချက်ရှိတယ်၊ စွန့်စားရဲတယ်ဆိုတာကို ရင်းနှီးမြှုပ်နှံရှင်တွေနဲ့ ဘဏ်လုပ်ငန်းတွေကို သက်သေပြပြီးသားဖြစ်သွားပါတယ်။

၂။ ချစ်ခင်ရသူတွေဆီက ငွေကြေး (Love Money)

—————————

ကိုယ့်အိမ်ထောင်ဘက်၊ မိဘ၊ မိသားစုနဲ့ သူငယ်ချင်းတွေဆီက ချေးငွေပါ။ ဒီရင်းနှီးမြှုပ်နှံငွေကတော့  ကိုယ့်လုပ်ငန်းအကျိုးအမြတ်များလာတာနဲ့ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးချစ်ခင်ရသူတွေဆီက ငွေချေးတဲ့အခါ သိထားသင့်တဲ့အချက် ၃ ချက်က

– ကိုယ့်လုပ်ငန်းမှာ ရှယ်ယာရချင်ကြလိမ့်မယ်။

– သူတို့နဲ့ လုပ်ငန်းဆက်ဆံရေးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။

၃။ စွန့်စားရင်းနှီးမြှုပ်နှံငွေ (Venture Capital)

—————————-

Venture Capital တွေက နည်းပညာဆိုင်ရာလုပ်ငန်းတွေနဲ့ IT၊ ဆက်သွယ်ရေး၊ ဇီဝနည်းပညာရပ်ဆိုင်ရာကဏ္ဍတွေမှာ တိုးတက်ဖို့ အလားအလာရှိတဲ့ကုမ္ပဏီတွေကိုပဲ ရှာဖွေကြပါတယ်။ သူတို့က ရင်းနှီးမြှုပ်နှံမှုအတွက် ရှယ်ယာပိုင်ခွင့်နေရာကိုရယူကြပြီး သူတို့ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ အကျိုးအမြတ်ကောင်းကောင်းရတာကို မျှော်လင့်ကြပါတယ်။

၎။ လုပ်ငန်းငယ်တွေမှာ ရင်းနှီးမြှုပ်နှံသူ (Angel)

————————-

များသောအားဖြင့် Angel တွေက တခြားသူတွေပိုင်တဲ့ ကုမ္ပဏီငယ်လေးတွေမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ သူဌေးတွေနဲ့ အငြိမ်းစားကုမ္ပဏီအမှုဆောင်တွေပါ။ သူတို့ရဲ့လုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံ၊ အဆက်အသွယ်နဲ့ စီမံခန့်ခွဲမှုဗဟုသုတတွေရှိတဲ့ ခေါင်းဆောင်တွေဖြစ်ပါ တယ်။ Angelတွေက လုပ်ငန်းငယ်တွေရဲ့ ပထမအဆင့်တွေမှာ ဒေါ်လာ ၂၅ç၀၀၀ ကနေ ဒေါ်လာတစ်သိန်းထိ ငွေကြေးရင်းနှီးမြှုပ်နှံလေ့ရှိကြပါတယ်။ သူတို့ရဲ့ရင်းနှီး မြှုပ်နှံမှုအတွက် ဒါရိုက်တာဘုတ်အဖွဲ့ဝင်နေရာ၊ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုပိုင်းမှာ ပါဝင်ခွင့်ရကြပါတယ်။

၅။ လုပ်ငန်းငယ်တွေကိုထောက်ပံ့ပေးတဲ့ကုမ္ပဏီ (Business Incubator)

————————–

Business Incubator တွေက တိုးတက်မှုအဆင့်အမျိုးမျိုးရှိတဲ့ လုပ်ငန်းငယ်တွေကို နည်းပညာကဏ္ဍမှာ အဓိကကူညီပေးနေတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်။ များသောအားဖြင့် Incubator တွေက ကုမ္ပဏီအသစ်တွေကို ဖိတ်ခေါ်ပြီးနေရာ၊ စီမံခန့်ခွဲမှုပိုင်း၊ Logistics ပိုင်းနဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ဝေမျှပေးတယ်။

၆။ အစိုးရရဲ့ထောက်ပံ့ငွေကြေး (Government Grants & Subsidies)

———————————-

အစိုးရတွေရဲ့ ကိုယ့်လုပ်ငန်းမှာ ထောက်ပံ့ကြေးကလည်း ရင်းနှီးမြှုပ်နှံငွေပဲဖြစ်ပါတယ်။ အဲလိုထောက်ပံ့မှုရဖို့က မလွယ်ကူပါဘူး။ ရရှိမယ့်ရင်းနှီးမြှုပ်နှံမှုငွေကြေးအပေါ် စံနှုန်းသတ်မှတ်ချက်တွေရှိကြပါတယ်။ ဒါတွေကတော့

– အသေးစိတ်ရေးဆွဲထားတဲ့ပရောဂျက်ပုံစံ

– ပရောဂျက်ကရမယ့် အကျိုးရလဒ်အပေါ် ရှင်းလင်းချက်

– လုပ်ဆောင်သွားမယ့် အစီအစဉ်အသေးစိတ်နဲ့ ကုန်ကျစရိတ်

– မန်နေဂျာတွေရဲ့ အတွေ့အကြုံရှိမှုနဲ့ နောက်ခံအကြောင်းအရာ

– လိုအပ်မယ်ဆိုရင် ပြီးပြည့်စုံတဲ့လျှောက်လွှာပုံစံများစတဲ့ လိုအပ်ချက်တွေ ပြင်ဆင်သွားရမှာဖြစ်ပါတယ်။

၇။ ဘဏ်ချေးငွေ (Bank Loans)

———————————–

ဘဏ်ချေးငွေကတော့ လုပ်ငန်းအငယ်နဲ့ အလတ်စားတွေအတွက် အသုံးများဆုံးရင်းနှီးမြှုပ်နှံမှုပေးတဲ့နေရာပါ။ ဘဏ်ကနေ ချေးငွေပေးပုံအမျိုးမျိုးရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ဘဏ်ကို ရှာဖွေပါ။ ငွေချေးမယ့် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအတွက် စိတ်ကူးကောင်းရှိရုံတင်မကဘဲ ခိုင်မာတဲ့လုပ်ငန်းအစီအစဉ် ရှိထားတဲ့သူကိုသာ ဘဏ်တွေ ချေးငွေပေးတာဖြစ်ပါတယ်။

ကနဦးလုပ်ငန်းသစ်အများစု မအောင်မြင်ကြတာဘာကြောင့်လဲ

~~~~~~~~~~~~~~

ကနဦးလုပ်ငန်းသစ်အများစုဟာ မအောင်မြင်ကြပါဘူး။ အဲဒီလိုမအောင်မြင်အများဆုံးဖြစ်ရတဲ့ အကြောင်းရင်းခုနှစ်ခုနဲ့ အောင်မြင်မှုအခွင့်အလမ်းတွေ တိုးလာအောင် သင်ခံယူကျင့်သုံးရမယ့် မဟာဗျူဟာတွေဟာ ဘာတွေလဲဆိုတာကို လေ့လာကြည့်ပါမယ်။

————————

မအောင်မြင်တဲ့အကြောင်းကို ဘယ်သူမှမစဉ်းစားချင်ကြပါဘူး။ အထူးသဖြင့် လုပ်ငန်းအသစ်တစ်ခုကို စလုပ်တဲ့ လူတွေဟာ ဒီအကြောင်းကို မစဉ်းစားချင်ကြပါဘူး။ အမေရိကန်အသေးစားစီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ လေ့လာမှုတစ်ခုမှာ လုပ်ငန်းသစ်တွေရဲ့ ငါးပုံတစ်ပုံဟာ လုပ်ငန်းစလုပ်တဲ့ ပထမတစ်နှစ်အတွင်းမှာပဲ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်သွားရတယ်ဆိုတာကို တွေ့ခဲ့ပါတယ်။

၁။ မှားယွင်းသည့်အကြောင်းရင်းများဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ခြင်း

——————————————

ဘယ်လုပ်ငန်းမဆိုမအောင်မြင်ရတဲ့ အဓိကအကြောင်းရင်းဟာ အဲဒီလုပ်ငန်းကို စလုပ်ခြင်းရဲ့ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ ဆက်စပ်နေတာများပါတယ်။ ငွေတွေအ များကြီးရဖို့ ကိုယ့်ရဲ့လုပ်ငန်းကို စလုပ်ခဲ့ပါသလား။ ကိုယ်ပိုင်အလုပ်ကိုစပြီး လုပ်တဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက် အချိန်ပေးနိုင်ပါရဲ့လား။ သင့်ရဲ့အလုပ်ကို စလုပ်လိုက်တဲ့အတွက် နောက်ထပ်ဘယ်သူ့ကိုမှ ဖြေရှင်း ပြစရာမလိုတော့ဘူးလား။

ဒါတွေဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခြင်းကြောင့်ရတဲ့ အခွင့်အရေးတွေဖြစ်နိုင်ပေမယ့် စွန့်ဦးတီထွင်သူအများစုဟာ နှစ်တော်တော်ကြာအောင် တသမတ်ထဲကြိုးပမ်းအားထုတ်ပြီးမှသာ ဒီအကျိုးကျေးဇူးတွေကို တွေ့ကြုံပါတယ်။ ဒါတွေဟာ သင့်ရဲ့လုပ်ငန်းကို စပြီးလုပ်ဖို့အတွက် အဓိကအကြောင်းရင်းတွေမဖြစ်သင့်ပါဘူး။

လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ဖို့အတွက် သင့်တော်မှန်ကန်တဲ့ အကြောင်းရင်းတွေ တစ်နည်းအားဖြင့် တိုးတက်ကြီးပွားတဲ့ ကုမ္ပဏီတစ်ခုတည်ဆောက်မှုကို ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတွေထဲမှာ အောက်မှာ ဖော်ပြထားတဲ့အရာတွေ ပါဝင်ပါတယ်။

– ဆန္ဒပြင်းပြမှုရှိပြီး ကိုယ်လုပ်တဲ့အရာကို ချစ်မြတ်နိုးပါတယ်။ ကိုယ့်ရဲ့ဝန်ဆောင်မှု (ဒါမှမဟုတ် ကုန်ပစ္စည်း) တွေဟာ ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းလိမ့်မယ်လို့ သင်အခိုင်အမာယုံကြည်ပါတယ်။

– စိတ်ဓာတ်တက်ကြွမှုရှိပါတယ်။ ပြတ်သားမှုရှိသလို စိတ်ရှည်ပြီး အကောင်းမြင်တဲ့အမြင်နဲ့ ကြည့်တတ်ပါတယ်။

– မအောင်မြင်မှုတွေကြောင့် နှောင့်နှေးကြန့်ကြာတာကို ကိုယ်ကခွင့်မပြုပါဘူး။ ကိုယ့်ရဲ့အမှားတွေဆီက သင်ယူတာ၊ နောက်တစ်ကြိမ်မှာ အောင်မြင်မှုတွေကို ရယူဖို့ ဒီသင်ခန်းစာတွေကို အသုံးချတာကို သင်ယုံကြည်ပါတယ်။

– ကိုယ်ကလွတ်လပ်မှုရှိပြီး ကိုင်တွယ်ဆောင်ရွက်ရမယ့် အရာတစ်ခုကို ဘယ်အချိန်မှပဲဖြစ်ဖြစ် တာဝန်ယူပါတယ်။

၂။ ညံ့ဖျင်းသောစီမံခန့်ခွဲမှု

—————————-

ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုကြောင့် ကနဦးလုပ်ငန်းသစ်တွေ ရှုံးနိမ့်ရတဲ့အကြိမ်တွေဟာ အများကြီးပါပဲ။ လုပ်ငန်းသစ်တွေမှာ သူတို့အတွက် လိုအပ်တဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ များသောအားဖြင့် မရှိကြပါဘူး။ သူတို့ရဲ့ချို့ယွင်းအားနည်းချက်တွေ ကိုချင့်ချိန်တွက်ဆပြီး သင့်တော်တဲ့ အကူအညီကိုမရှာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရှုံးနိမ့်သွားကြပါတယ်။ ဒါမှမဟုတ်ရင် လုပ်ငန်းထဲက မြန်မြန်ထွက်သွားကြရပါတယ်။

ပြင်ပက အကူအညီကိုရှာဖွေပါ။ ကနဦးလုပ်ငန်းသစ်တွေတော်တော်များဟာ ရုံးလုပ်ငန်းတွေကို ပြင်ပက စီစဉ်ပေးသူတွေကို တာဝန်ပေးပြီး လုပ်ကိုင်ကြပါတယ်။  ဒီဝန်ဆောင်မှုလုပ်ငန်းတွေဟာ စာရင်းကိုင်လုပ်ငန်း၊ အချက်အလက်စီမံခန့်ခွဲမှု၊ နည်းပညာ၊ ကြော်ငြာလုပ်ငန်း၊ ဒါမှမဟုတ် သုတေသနနဲ့ သရုပ်ခွဲစိစစ်မှုလုပ်ငန်းတွေနဲ့တောင် ဆက်စပ်နေနိုင်ပါတယ်။ ဒီလိုစီစဉ်ပေးသူတွေဟာ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိကြပါတယ်။ ဒါပေမဲ့ အချက်အလက်လုံခြုံမှုနဲ့ပတ်သက်တာတွေကိုတော့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ သတိထားရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းတွေကို လုပ်ပေးဖို့ ပြင်ပမှာ သင်တာဝန်ပေးထားတဲ့ကုမ္ပဏီမှာ သင့်တော်မှန်ကန်ကိုက်ညီ တဲ့ ကိရိယာတွေနဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်ဆိုတာကို သေချာအောင်လုပ်ပါ။

၃။ ရန်ပုံငွေမလုံလောက်ခြင်း

——————————–

ရန်ပုံငွေမလုံလောက်ခြင်းဟာ လုပ်ငန်းအများစု ပထမတစ်နှစ်အတွင်းမှာ ရှုံးနိမ့်သွားရတဲ့ အဓိကအကြောင်းရင်းနောက်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းသစ်ပိုင်ရှင်တော်တော်များများမှာ သူတို့ရဲ့ ငွေသားစီးဆင်းမှုနဲ့ပတ်သက်ပြီး သင့်တော်မှန်ကန်တဲ့ နားလည်မှုမရှိကြပါဘူး။ သူတို့ထဲကတချို့မှာ မတည်ငွေဘယ်လောက်အမှန်တကယ်လိုအပ်မယ်ဆိုတာကို မသိကြပါဘူး။ ရလဒ်ကတော့ လုပ်ငန်းသစ်အများစုကို ပိတ်ပစ်လိုက်ရတာပဲဖြစ်ပါတယ်။ လုပ်ငန်းသစ်တွေရဲ့ ပိုင်ရှင်တွေဟာ အမြတ်တွေဘယ်လောက်ရလိမ့်မယ်ဆိုတဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေထားတတ်ကြတာများပြီး အဲဒီလိုထားကြတာဟာ မအောင်မြင်ဖို့ပဲ ဖြစ်သွားပါတယ်။

ငွေကြေးပြတ်လပ်သွားတာကိုရှောင်ပြီး သင့်ရဲ့မျှော်လင့်ချက်တွေဟာ လက်တွေ့နဲ့ကိုက်ညီတယ်ဆိုတာကို သေချာအောင်လုပ်ဖို့အတွက် ငွေဘယ်လောက်လိုအပ်မယ်ဆိုတာကို စူးစမ်းတွက်ချက်ပါ။ ဒီကိန်းဂဏန်းထဲမှာ လုပ်ငန်းသစ်ရဲ့ ကုန်ကျစရိတ်တွေသာမက ကိုယ့်ရဲ့လုပ်ငန်းအနေနဲ့ ဈေးကွက်ထဲမှာရေရှည်နေဖို့ သေချာအောင်လုပ်ရာမှာ ကုန်ကျမယ့် ကုန်ကျစရိတ်တွေလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။ အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်အတွက် ကြိုတင်လိုအပ်မယ့် ရန်ပုံငွေကိုလည်း ခန့်မှန်းပါ။

၎။ တည်နေရာ၏အရေးပါမှု

——————————

ဒေသတစ်ခုမှာရှိတဲ့ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကို စူးစမ်းတွက်ချက်ရာမှာ တည်နေရာဟာ အထူးအရေးပါတဲ့ အခြေခံအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းသစ်အတွက် တည်နေရာကို ရွေးချယ်တဲ့အခါ စဉ်းစားရမယ့် အခြေခံအကြောင်းရင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။

– ကိုယ့်ဝယ်သူတွေဟာ ဘယ်နေရာမှာတည်ရှိသလဲ

– အဲဒီနေရာရဲ့ယာဉ်အသွားအလာ၊ ယာဉ်ရပ်နားဖို့နေရာနဲ့ အဲဒီနေရာကို ရောက်ရှိနိုင်မှု

– ပြိုင်ဘက်တွေက ဘယ်နေရာမှာတည်ရှိကြသလဲ

– ဒီနေရာရဲ့ လက်ရှိအခြေအနေဟာ ဘယ်လိုလဲ။ လုံခြုံမှုရှိရဲ့လား

– ဒေသတစ်ခုမှာ စီးပွားရေးလုပ်ငန်းသစ်တစ်ခုကို အခြေချတဲ့အတွက် အဲဒီဒေသအစိုးရက မက်လုံးတစ်ခုခု ပေးသလား

– အသစ်တည်ထောင်တဲ့လုပ်ငန်းကို ဒေသခံလူထုက ဘယ်လောက်ကောင်းကောင်းတုံ့ပြန်မှာလဲ

၅။ သင့်တော်မှန်ကန်မှုမရှိသော လုပ်ငန်းစီမံချက်ရေးဆွဲခြင်း

———————————

စေ့စပ်သေချာပြီး စနစ်ကျတဲ့၊ မဟာဗျူဟာမြောက်တဲ့ စီမံချက်ရေးဆွဲမှုမရှိရင် အောင်မြင်တဲ့ဖြစ်ရပ်တစ်ခုကို ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့မဖြစ်နိုင်ဘူးဆိုတာကို စီမံခန့်ခွဲမှုအတွေ့အကြုံရှိထားတဲ့ ဘယ်သူမဆို သိကြပါတယ်။ လုပ်ငန်းအသစ်တစ်ခုကို စလုပ်ရာမှာလည်း အဲဒီအတိုင်းပါပဲ။ ခိုင်မာတဲ့ လုပ်ငန်းစီမံချက်တစ်ခုဟာ မဖြစ်မနေလုပ်ရမယ့်အရာဖြစ်ပါတယ်။ လုပ်ငန်းဟာ အောင်မြင်ဖို့ အကောင်းဆုံးအခွင့်အလမ်းရှိတယ်ဆိုတာကို သေချာစေဖို့အတွက် စီမံချက်ဟာ လက်တွေ့ကျဖို့နဲ့ မှန်ကန်ပြီး အချိန်နဲ့တစ်ပြေးညီဖြစ်တဲ့ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံဖို့လိုအပ်ပါတယ်။

လုပ်ငန်းစီမံချက်ဟာ အောက်မှာဖော်ပြထားတဲ့ အခြေခံအကြောင်းရင်းတွေကို ထည့်သွင်းစဉ်းစားထားတယ်ဆိုတာကို သေချာအောင်လုပ်ပါ။

– လုပ်ငန်းရဲ့သဘာဝ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ အောင်မြင်မှုကို ကိုယ့်ရဲ့မျှော်မှန်းပုံမျှော်မှန်းနည်း

– ဈေးကွက်ကို သရုပ်ခွဲစိစစ်မှု

– ၀န်ထမ်းလိုအပ်ချက်

– ဖြစ်ပေါ်လာနိုင်တဲ့ ရှုပ်ထွေးမှုတွေ (နဲ့ ဖြေရှင်းမှုတွေ)

– ဘဏ္ဍာရေးလိုအပ်ချက်

– ပြိုင်ဘက်တွေအပေါ် စေ့စပ်သေချာတဲ့ သရုပ်ခွဲစိစစ်မှု

– ကြော်ငြာလုပ်ငန်းမဟာဗျူဟာ

– စေ့စပ်သေချာတဲ့ ဘတ်ဂျက်သရုပ်ခွဲစိစစ်မှု

၆။ အလွန်အကျွံ လုပ်ငန်းတိုးချဲ့ခြင်း

——————

လုပ်ငန်းသစ်တစ်ခုမအောင်မြင်ခြင်းရဲ့ ဆဋ္ဌမမြောက်အကြောင်းရင်းတစ်ခုကတော့ အလွန်အကျွံ လုပ်ငန်းတိုးချဲ့ခြင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ငန်းကို လက်တွေ့ကျကျ ဘယ်လောက်မြန်မြန် တိုးချဲ့နိုင်တယ်ဆိုတာကို စွန့်ဦးတီထွင်သူတွေက မှားယွင်းခန့်မှန်းတဲ့အခါ အလွန်အကျွံ လုပ်ငန်းတိုးချဲ့ခြင်းဆိုတာ ဖြစ်ပေါ်လာပါတယ်။ အလျင်အမြန်တိုးချဲ့ဖို့ထက် ဖြည်းဖြည်းနဲ့ မှန်မှန်တိုးတက်မှုကို အာရုံစိုက်ပါ။ တစ်ချိန်တည်းမှာပဲ ကိုယ့်အနေနဲ့တိုးတက်မှုကို ထိန်းချုပ်ထားတာလည်း မဖြစ်သင့်ပါဘူး။

ခိုင်မာတဲ့ ဈေးဝယ်သူအခြေစိုက်စခန်းတစ်ခုနဲ့ သင့်တင့်လျောက်ပတ်တဲ့ ၀င်ငွေတစ်ခုကို တည်ဆောက်ပြီးပြီဆိုတာနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကိုယ့်ရဲ့အောင်မြင်မှုက အထောက်အကူ ပေးခွင့်ပြုလိုက်ပါ။ လုပ်ငန်းတိုးချဲ့မှုဟာ အလားအလာကောင်းတယ်လို့ ညွှန်ပြနေတဲ့လက္ခဏာတွေထဲမှာ လက်ရှိအရင်းအမြစ်တွေနဲ့ ထုတ်လုပ်မှုလိုအပ်ချက်တွေကို ထိုက်သင့်သလို ပြည့်မီဖို့ ကြိုးစားအားထုတ်နေတဲ့ ၀န်ထမ်းအင်အားအပေါ်မှာ အခြေခံပြီး ဈေးဝယ်သူတွေရဲ့ အမှာစာ (ဒါမှမဟုတ် တောင်းဆိုချက်) တွေကို ဖြည့်ဆည်းဖို့ အခက်အခဲပါဝင်နေပါတယ်။

၇။ ၀က်ဘ်ဆိုက်၊ သို့မဟုတ် ဒစ်ဂျစ်တယ် Platform က ဆွဲဆောင်မှုမရှိခြင်း

——————————

လွယ်ကူနဲ့ နည်းလမ်းနဲ့ပြောရမယ်ဆိုရင်တော့ ကိုယ်ဟာဒီခေတ်ရဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်မယ်ဆိုရင် ကိုယ့်မှာ ၀က်ဘ်ဆိုက်တစ်ခုနဲ့ ခိုင်မာတဲ့ ဒစ်ဂျစ်တယ်ဆွဲဆောင်မှုတစ်ခုရှိရမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အင်တာနက်အသုံးပြုသူတွေနဲ့ အွန်လိုင်းရောင်းဝယ်မှုတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ ဒီအရေအတွက်ဟာ လာမယ့်နှစ်တွေမှာလည်း တိုးလာဦးမယ်လို့ပဲ မျှော်လင့်ရပါတယ်။

ဒီနေ့စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေနဲ့ တခြားအရေးကြီးတဲ့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး ပိုပြီးလေ့လာနိုင်အောင်ဈေးဝယ်သူတွေကို အကူအညီပေးတဲ့ လွယ်ကူတဲ့ဒီဇိုင်းနဲ့ရေးဆွဲထားပြီး အလွယ်တကူသုံးလို့ရတဲ့ ၀က်ဘ်ဆိုက်တစ်ခု အနည်းဆုံးရှိရပါမယ်။ ကိုယ့်မှာ ဒေသတစ်ခုအတွက် စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ကိုယ်ပစ်မှတ်ထားဖို့အတွက် ဒေသခံပရိသတ်ရှိတယ်ဆိုရင် ၀က်ဘ်စာမျက်နှာတိုင်းမှာ လုပ်ငန်းလိပ်စာ၊ ဆက်သွယ်မှုသတင်းအချက်အလက်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အချိန်တွေ ပါတယ်ဆိုတာ သေချာအောင်လုပ်ပါ။ ကိုယ်ဟာ ဈေးဝယ်သူတွေက သင့်ကို အလွယ်တကူတွေ့ရှိနိုင်ဖို့အတွက် ကိုယ့်ရဲ့လုပ်ငန်းကို Google Places တွေမှာလည်း ပါအောင် ထည့်ထားရမှာဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့သဘာဝဟာ ဈေးဝယ်သူတွေဆီကို တိုက်ရိုက်ရောင်းချမှုနဲ့ မပတ်သက်ရင် ဒါမှမဟုတ် ထောက်ခံချက်တွေ၊ တွေ့ဆုံပြောဆိုမှုတွေကတစ်ဆင့် ကိုယ့်ဖောက်သည် အများစုကိုရတာဖြစ်ရင် ကိုယ့်ရဲ့ဝက်ဘ်ဆိုက်ကနေ အလားအလာရှိတဲ့ ဖောက်သည်တွေ ကိုယ့်ဆီကိုရောက်အောင် လုပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး စားသုံးသူတွေ သိသင့်တဲ့အရာအားလုံးကို လက်ဆင့်ကမ်းပေးတဲ့ ခိုင်မာတဲ့လူမှုကွန်ရက်ဆွဲဆောင်မှုတစ်ခု ကိုယ့်မှာရှိရပါမယ်။ ကိုယ့်ရဲ့ဈေးဝယ်သူတွေဟာ လူမှုကွန်ရက်ပေါ်မှာ နေ့တိုင်းရှိနေကြပါတယ်။ ခိုင်မာတဲ့ ဒစ်ဂျစ်တယ်ဆွဲဆောင်မှုတစ်ခုရှိထားခြင်းဟာ အဲဒီဈေးကွက်ထဲကို အလွယ်တကူပျံ့နှံ့ရောက်ရှိသွားအောင်လုပ်ဖို့ ကိုယ့်ကိုခွင့်ပြုထားပါတယ်။ ကိုယ့်မှာ လူမှုကွန်ရက် ဆွဲဆောင်မှုမရှိရင် ကိုယ်ကသူများလောက်စံမမီတဲ့ ပုံစံပေါက်သွားနိုင်ပြီး ကိုယ့်ရဲ့လုပ်ငန်းဟာ လူမှုကွန်ရက်မှာ ပိုပြီးခိုင်မာတဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ့်ရဲ့ပြိုင်ဘက်တွေဆီကို ရောက်သွားပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဘယ်လုပ်ငန်းသစ်မဆိုရဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးတဲ့ အရေးအကြီးဆုံး အခြေခံအကြောင်းရင်းဟာ တည်ထောင်သူကိုယ်တိုင်ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့စွန်ဦးတီထွင်သူတွေ တော်တော်များအတွက် ရှုံးနိမ့်မှုဟာ ရွေးချယ်ရမယ့်အရာတစ်ခု မဟုတ်ပါဘူး။ ဒီစွန့်ဦးတီထွင်သူတွေဟာ ဘယ်လိုအခက်အခဲပြဿနာမျိုးကိုမဆို ဆန္ဒပြင်းပြမှု၊ အလုပ်ကြိုးစားမှု၊ စိတ်ဓာတ်ပြတ်သားမှု၊ အကောင်းဘက်က မြင်တတ်မှုတွေနဲ့ ကျောထောက်နောက်ခံပြုပြီး အတွေ့အကြုံဆီက လေ့လာသင်ယူပြီး အဲဒီအတွေ့အကြုံနဲ့ပြန်ပြီး တိုးတက်အောင်လုပ်ဖို့ အခွင့်အလမ်းအဖြစ် ယူဆကြပါတယ်။

''ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ခြင်း''

~~~~~~~~~~~~~

လုပ်ငန်းသစ်အများစု မအောင်မြင်ရသည့် အကြောင်းရင်း နံပါတ်တစ်

———————–

မကြာသေးခင်က CBI Insights အဖွဲ့ဟာ မအောင်မြင်တဲ့လုပ်ငန်းသစ် ၁၀၁ ခုက သူတို့ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက်မှာ ရေးသားခဲ့တဲ့ အစီရင်ခံစာတွေကို သရုပ်ခွဲဆန်းစစ်ကြည့်ခဲ့ပါတယ်။ အဲဒီအထဲက လုပ်ငန်းသစ်တွေ မအောင်မမြင်ဖြစ်ရတဲ့ ထိပ်တန်းအကြောင်းရင်းတွေကို သုတေသီတွေက ရွေးထုတ်ခဲ့ပါတယ်။ အဲဒီအကြောင်းရင်းတွေထဲမှာ ပင်မမဏ္ဍိုင်မှားယွင်းသွားမှု၊ ဥပဒေကြောင်းဆိုင်ရာစိန်ခေါ်မှု၊ အဖွဲ့ထဲမှာ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေကြားမှာ စိတ်သဘောထားချင်းမတိုက်ဆိုင်မှု၊ ညံ့ဖျင်းတဲ့ ရောင်းဝယ်ရေးနဲ့ အကြိမ်ကြိမ်ထောက်ပြခံရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုပါဝင်ပါတယ်။ အဲဒီအကြောင်းရင်းကတော့ ငွေကြေးပြတ်လပ်သွားခြင်းပဲဖြစ်ပါတယ်။

ဒါပေမဲ့ နံပါတ်တစ်အကြာင်းရင်းကတော့ အဲဒီအထဲက တစ်ခုမှမဟုတ်ပါဘူး။

အဲဒီအကြောင်းရင်းက အခုပြောခဲ့တဲ့အကြောင်းရင်းတွေထက် အများကြီးပိုပြီးရိုးစင်းပါတယ်။ အဲဒါကတော့ ဖြေရှင်းရလောက်အောင်ကြီးမားတဲ့ ပြဿနာတစ်ခုကို လုပ်ငန်းသစ်ကမဖြေရှင်းခဲ့တာပဲဖြစ်ပါတယ်။

''ဈေးကွက်လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမယ့်အစား ဖြေရှင်းဖို့စိတ်ဝင်စားစရာကောင်းတဲ့ တခြားပြဿနာတွေကိုပဲ ကိုင်တွယ်ဖြေရှင်းနေတာဟာ မအောင်မြင်ရခြင်းရဲ့ နံပါတ်တစ်အကြောင်းရင်းဖြစ်တယ်လို့ ဖြစ်ရပ်တွေရဲ့ ၄၂ ရာခိုင်နှုန်းထဲမှာ ဖော်ပြထားပါတယ်'' လို့ အစီရင်ခံစာက ဆိုထားပါတယ်။

အဲဒီလုပ်ငန်းသစ်တွေထဲကတစ်ခုဖြစ်တဲ့ Tree-house Logic ကတော့ ''ဈေးကွက်နဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုကို မဖြေရှင်းဘဲထားတဲ့အခါ လုပ်ငန်းသစ်တွေဟာ ရှုံးနိမ့်ကြပါတယ်။ ကျွန်တော်တို့ဟာ ဖြေရှင်းရလောက်အောင်ကြီးမားတဲ့ပြဿနာကို မဖြေရှင်းကြပါဘူး'' လို့ ပိုပြီးဗြောင်ကျကျပြောထားပါတယ်။

လူတွေဟာငွေရချင်လို့၊ ပြောင်းလဲမှုတစ်ခုကို လိုချင်လို့၊ နေ့စဉ်အချိန်ပြည့်လုပ်နေရတဲ့ သူတို့ရဲ့အလုပ်ထဲက ထွက်ချင်လို့ ဒါမှမဟုတ် သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်း နဲ့ သူတို့ရဲ့ဘ၀ကံကြမ္မာကို သူတို့ကိုယ်တိုင် ထိန်းချုပ်ထားချင်လို့ဆိုတဲ့ အကြောင်းရင်းအမျိုးမျိုးနဲ့ လုပ်ငန်းအသစ်စပြီး လုပ်ကိုင်တဲ့ပွဲထဲကို ၀င်လာခဲ့ကြပါတယ်။

ဒါပေမဲ့ ကုမ္ပဏီတွေအားလုံးကို အညီအမျှဖန်တီးထားတာမဟုတ်တဲ့အတွက် လုပ်ငန်းသစ်တစ်ခုကို တည်ထောင်သူတစ်ယောက်အနေနဲ့ လုပ်မိနိုင်တဲ့ အကြီးဆုံးအမှားကတော့ ဖြေရှင်းရလောက်အောင် ကြီးမားတဲ့ပြဿနာတစ်ခုကို ဖြေရှင်းမပေးတဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုတစ်ခုကို ဖန်တီးလိုက်တာပဲဖြစ်ပါတယ်။

ကျွန်တော်အာရုံစိုက်ပြီးကြည့်ခဲ့တဲ့ လုပ်ငန်းသစ်တစ်ခုချင်းရဲ့ ပြိုင်ပွဲတိုင်းမှာ ဒီအချက်က ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ ၀ယ်ချင်လာအောင်ဆွဲဆောင် ပြောဆိုတာတွေကို ကျွန်တော်စောင့်ကြည့်ပြီး ''ပြောသွားတာတွေကတော့ တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုသိပ်အရေးမပါတဲ့ ပစ္စည်းမျိုးကို ရှာဖို့ဆိုတာဟာ ကျွန်တော့်အတွက်တော့ အရေးကြီးခွင်ကျယ်ကိစ္စတစ်ခုမဟုတ်ပါဘူး'' လို့ စိတ်ထဲက တွေးမိတဲ့အကြိမ်တွေကို ကျွန်တော်မရေတွက်နိုင်တော့ပါဘူး။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော်စနေနေ့ညတစ်ညမှာ ချက်ချင်းလက်ငင်းတွေ့ဆုံပြီး ညှိနှိုင်းပြောဆိုဖို့ ပိုပြီးလွယ်ကူအောင် လုပ်ပေးမယ့် Application မျိုးကိုလည်း ကျွန်တော်မလိုအပ်ပါဘူး။

(''ငါတို့ဟောဒီ စားသောက်ဆိုင်ကိုသွားမယ်။ အဲဒီနေရာမှာ ငါတို့နဲ့တွေ့ပါ'' လို့ သူငယ်ချင်းတွေအားလုံးကို လက်ကိုင်ဖုန်းနဲ့ Message ပို့ရတာဟာ အလုပ်ရှုပ်တာမှန်ပေမဲ့ အဲဒီလိုလုပ်ရတာဟာ နောက်ထပ် Application တစ်ခုကို လိုအပ်တာလောက်တော့ အလုပ်မရှုပ်ပါဘူး)

အမှန်တကယ် ဒုက္ခရောက်မှုမရှိရင် ဖြေရှင်းဖို့လိုအပ်ချက်လည်း အမှန်တကယ်ရှိမှာမဟုတ်ပါဘူး။

ဖြေရှင်းဖို့လိုအပ်ချက် အမှန်တကယ်ရှိမရှိကို ရှာဖွေတွေ့ရှိဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အဲဒီဒုက္ခရောက်မှုကို ကိုယ်ကိုယ်တိုင်တွေ့ကြုံခံစားကြည့်လိုက်ဖို့ပဲဖြစ်ပါတယ်။

ဥပမာအားဖြင့် မြို့ကြီးတစ်ခုက ဟိုတယ်တစ်ခုကို ခရီးသွားတဲ့အခါ အဲဒီမြို့ကို ကိုယ်ရောက်တဲ့အချိန်နဲ့ ဟိုတယ်ထဲကိုဝင်တဲ့အချိန်ကြားမှာ စိတ်ကသိကအောက်စရာကောင်းတဲ့ အချိန်တွေရှိတယ်ဆိုတာကို သင်သိပါသလား။ ရောက်သွားတဲ့နေရာမှာ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ပြီး စူးစမ်းလေ့လာလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုစူးစမ်းလေ့လာနေချိန်မှာ လက်ဆွဲအိတ်ကြီးကို ဆွဲပြီး ကိုးရိုးကားရားနဲ့ လှေကားကို ဆင်းချီတက်ချီ လုပ်နေချင်မှာတော့မဟုတ်ပါဘူး။

ဒါဆိုရင် ရှုပ်နေတဲ့ အိတ်ကြီးကြောင့် စူးစမ်းလေ့လာဖို့အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရမယ့်ပုံပေါ်နေပါတယ်။ Knock Knock City ကုမ္ပဏီကို ပူးတွဲတည်ထောင်တဲ့ ဆယ်လင်ဆန်းမက်ဇ်နဲ့ နီကိုဂျုတို့မှာလည်း အဲဒီပြဿနာ ရှိခဲ့ပါတယ်။

''Airbnb တည်းခိုခန်းမှာ ကျွန်မတို့တည်းခိုတဲ့ ပထမဆုံးနေ့နဲ့ နောက်ဆုံးနေ့တွေမှာဆိုရင် နီကိုနဲ့ ကျွန်မဟာ ကျွန်မတို့ရဲ့ အထုပ်အပိုးတွေကို သယ်နေဆွဲနေရတာနဲ့ပဲ အမြဲအချိန်တွေကုန်နေတာပါပဲ။ အဲဒီလိုပဲ ကျွန်မတို့ဟာ ပွဲတစ်ခုခုကိုသွားဖို့ ဒါမှမဟုတ် ဈေးဝယ်ထွက်ဖို့ မကြာခဏဆန္ဒရှိပေမဲ့ အိတ်တွေကို ဆွဲနေရတာဟာ ကသီလင်တဖြစ်တဲ့အတွက် ဘယ်မှမသွားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဝန်ထုပ်ဝန်ပိုးက လွတ်မယ့်ဖြေရှင်းချက်တစ်ခုကို တစ်ယောက်ယောက်က တွေ့လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့ပါတယ်။ အဲဒီလိုတွေ့ဖို့ ဆုတောင်းခဲ့တာဟာ လတွေတော်တော်ကြာသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အစပိုင်းမှာတော့ အဲဒီဖြေရှင်းချက်ကို ကျွန်မတို့ကပဲ ဖန်တီးတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်'' လို့ ဆန်းမက်ဇ်က ပြောပါတယ်။

Knock Knock City ကုမ္ပဏီဟာ ဈေးဆိုင်တွေနဲ့ ပူးတွဲလုပ်ကိုင်တဲ့အတွက် ခရီးသွားတွေဟာ သူတို့ရဲ့အိတ်တွေကို တစ်နာရီကို ၂ ဒေါ်လာနှုန်းနဲ့ အဆင်ပြေတဲ့နေရာတွေမှာ အပ်ထားခဲ့နိုင်ပါတယ်။ အဲဒါဟာ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိတဲ့အလုပ်ဖြစ်ပါတယ်။ ဈေးဆိုင်တွေဟာ သူတို့ရဲ့နေရာတွေကို အသုံးပြုရတဲ့အတွက် ၀င်ငွေတွေ ပိုပြီးရသလို ခရီးသွားတွေဟာလည်း သူတို့လှည့်ပတ်သွားလာပြီး လေ့လာစူးစမ်းမှုတွေ လုပ်နေတုန်းမှာ နာရီအနည်းငယ်ကြာအောင် သူတို့ရဲ့ပစ္စည်းတွေကို စိတ်ချလက်ချ အပ်ထားလို့ရပါတယ်။

ဒီနှစ်စောစောပိုင်းမှာ Knock Knock City ကုမ္ပဏီရဲ့အကြောင်းကို The New York Times သတင်းစာကြီးထဲမှာ ဖော်ပြခဲ့ပါတယ်။

နောက်ထပ်တစ်ခုရှိပါသေးတယ်။ သူ့ရဲ့မိသားစုဝင်တစ်ယောက်ကို ကင်ဆာရောဂါဖြစ်နေပြီလို့ ရှာဖွေဖော်ထုတ်သိရှိရတဲ့အခါ လုံခြုံတဲ့၊ အဆိပ်အတောက်တွေမရှိတဲ့ အိမ်တစ်အိမ်မှာ၊ အထူးသဖြင့် လုံခြုံတဲ့၊ အဆိပ်အတောက်တွေမရှိတဲ့ အိပ်ခန်းထဲမှာ နေထိုင်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဂျက်ဒလ်အေရှို သိလာခဲ့ပါတယ်။ အိပ်ခန်းထဲမှာရှိနေတဲ့ ဘယ်လိုအဆိပ်အတောက်တွေကိုမဆို ကျွန်တော်တို့က တစ်ညလုံးရှူနေရတာဖြစ်ပါတယ်။ မွေ့ရာတွေတော်တော်များများဟာ လေထဲကို အဆိပ်အတောက်တွေ ထုတ်လွှတ်တတ်ကြပါတယ်။

ဒဲလ်အေရှိုအနေနဲ့ သူ့ချစ်တဲ့သူတစ်ယောက်အတွက် ဘေးကင်းပြီး သက်သောင့်သက်သာဖြစ်ဖို့ အသည်းအသန်အရေးကြီးတဲ့အချိန်မှာ သဘာဝအတိုင်း အန္တရာယ်ကင်းပြီး သက်သောင့်သက်သာရှိတဲ့ အထူးရေမြှုပ်မွေ့ရာတစ်ခုကို ရှာဖွေခဲ့ရတာဟာ တကယ်ကို ခက်ခဲခဲ့ပါတယ်။

ဒါကြောင့် အဲဒီလိုမွေ့ရာတစ်ခုကို သူကိုယ်တိုင်ပဲ ဖန်တီးလိုက်ပါတယ်။

''ဒီနေ့ဆိုရင် ကတ်ပုံးကြီးနဲ့ ထည့်ထားတဲ့မွေ့ရာကို လိုချင်ကြလို့ ရုတ်ရုတ်သဲသဲစိတ်လှုပ်ရှားနေတဲ့ လူတွေရဲ့အရေအတွက်ဟာ ရယ်စရာကောင်းလောက်အောင် မြင့်တက်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းတွေက ကျန်းမာရေးနဲ့ ကျန်းမာတဲ့အခြေအနေကို ပေးနေတဲ့အတွက် အဲဒီစိတ်လှုပ်ရှားနေသူတွေ မြင့်တက်မှုဟာ ပြောင်းလဲမသွားခဲ့ပါဘူး။ Essentia ကုမ္ပဏီဟာ သဘာဝပစ္စည်း၊ အော်ဂဲနစ်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ကုန်ပစ္စည်းတွေကိုပေးပြီး ထီးထီးကြီးရပ်တည်နေပါတယ်။ နေရာတိုင်းမှာရှိတဲ့လူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရွေးချယ်စရာသဘာဝပစ္စည်းတွေရဲ့ အရေးကြီးမှုကို သူတို့ အိပ်ရာကနိုးနေတဲ့ ၁၆ နာရီစလုံးမှာ ကောင်းကောင်းသဘောပေါက်နေကြပါတယ်။

အဲဒီလိုအပ်ချက်ကိုပဲ သူတို့အိပ်နေတဲ့ ရှစ်နာရီအတွက်ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့က သန္နိဋ္ဌာန်ချထားပါတယ်'' လို့ Essentia ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ ဒဲလ်အေရှိုက ပြောပါတယ်။

Essentia ရဲ့အကြောင်းကို Forbes နဲ့ Dr.Oz မဂ္ဂဇင်းကြီးတွေထဲမှာ ရေးသားဖော်ပြခဲ့သလို သူ့ရဲ့မွေ့ရာတွေကို အားကစားသမားအကျော်အမော်တွေက အသုံးပြုနေကြပါပြီ။

နောက်ဆုံးဥပမာတစ်ခုအနေနဲ့ နောက်ဆုံးအချိန်မှာမှကပ်ပြီး ကလေးထိန်းငှားထားတဲ့ကိစ္စကို ဖျက်သိမ်းလိုက်မှုအတွက် ဖြစ်လာရတဲ့စိတ်ဖိစီးမှုကို မိဘတွေ တော်တော်များသိသလို အက်ဗနီပတဲလ်တွန်ပ်ဆင်လည်း သိခဲ့ပါတယ်။ အဲဒီလို ကလေးထိန်းတစ်ယောက် ရုတ်တရက် အလုပ်ကထွက်သွားတဲ့အခါ ဇနီးနဲ့ခင်ပွန်းတွေအနေနဲ့ တခြားကလေးထိန်းတစ်ယောက်ယောက်ကို ချက်ချင်းရှာတွေ့ဖို့ အသည်းအသန်ကြိုးစားကောင်းကြိုးစားရပါမယ်။ ဒါမှမဟုတ် အခိုက်အတန့်အားဖြင့် သူတို့ချင်းပဲ တာဝန်တွေခွဲပြီး မဖြစ်ဖြစ်အောင် လုပ်ကောင်းလုပ်ရပါမယ်။

အခုဆိုရင် တွန်ပ်ဆင်ကိုယ်တိုင် Poppy ၀န်ဆောင်မှုလုပ်ငန်းရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်နေပါပြီ။ Poppy ဟာ ကလေးထိန်းလိုအပ်နေတဲ့ မိဘတွေကို သေသေချာချာစိစစ်ထားတဲ့ ကြေးစားကျွမ်းကျင်သူတွေနဲ့ ဖြစ်နိုင်သမျှ နောက်ဆုံးအချိန်မှာကပ်ပြီးတောင် ချိတ်ပေးတဲ့ Application တစ်ခုဖြစ်ပါတယ်။ အဲဒါဟာ ရှင်းပြစရာတွေ အများကြီးမလိုတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဖြေရှင် ချက်ဟာ ယုံကြည်လာအောင် လုပ်နေစရာမလိုဘူးဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ လူတွေက အဲဒါကိုသဘောပေါက်ကြပါတယ်။

ကိုယ်ဖြေရှင်းနေတဲ့ ပြဿနာဟာ ပြဿနာအစစ်အမှန်ဖြစ်တယ်ဆိုတာကို တခြားလူတွေက ယုံကြည်အောင် လုပ်ရမယ်ဆိုရင် ကိုယ့်မှာပြဿနာရှိနေပါပြီ။ ဒါပေမဲ့လည်း အဲဒီပြဿနာအတွက် ဖြေရှင်းချက်တစ်ခုကို တွေ့ဖို့ အမှန်တကယ်ကြိုးစားခဲ့ပြီး ဖြေရှင်းချက်ကို မတွေ့သေးဘူးဆိုရင်တော့ ကိုယ်ကမှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိကောင်းရှိနိုင်ပါတယ်။

ဆန်းမက်ဇ်ကတော့ ''ထပ်တလဲလဲပြန်ဖြစ်နေတဲ့ပြဿနာအတွက် ဖြေရှင်းချက်ရရှိဖို့ဆုတောင်းနေရပြီဆိုရင် အဲဒီဖြေရှင်းချက်ကို ဖန်တီးလိုက်ပါ'' လို့ပြောပါတယ်။

အဲဒီလိုမလုပ်ခင်တော့ တစ်စုံတစ်ခုကို တကယ်စပြီးလုပ်မလား မလုပ်ဘူးလားဆိုတာကို အကြာကြီးနဲ့ အလေးအနက်စဉ်းစားပါ။ အဲဒီလိုစဉ်းစားပြီးမှလုပ်ရင် ပိုပြီးအောင်မြင်လိမ့်မယ်လို့ သုတေသနက အကြံပြုထားပါတယ်။

ကိုယ့်လုပ်ငန်း၏ နောက်ဆုံးအဆင့်တွင် တွေ့နိုင်မည့် ရွေးချယ်စရာ ၄ ခု

——————————————–

လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင် စီမံကွပ်ကဲဖို့ နည်းလမ်းပေါင်းများစွာရှိပေမယ့် ကျွန်တော်တို့ အမြဲယုံကြည်နေခဲ့တာက အဆုံးပိုင်းကို စိတ်ထဲမှာထားပြီး အစပိုင်းမှာ စီမံချက်ချခြင်းပဲဖြစ်ပါတယ်။ ရှင်းလင်းတဲ့ ရည်မှန်းချက်တစ်ခုရှိထားခြင်းအားဖြင့် သေချာတဲ့လျာထားချက်တွေနဲ့ရအောင်လုပ်ဖို့ လိုအပ်တဲ့အရာတွေကို မဟာဗျူဟာကျကျဦးစားပေးသတ်မှတ်နိုင်ပြီး လုပ်ငန်းအောင်မြင်မှုအခွင့်အလမ်းကို တိုးပွားစေပါတယ်။  လုပ်ငန်းရဲ့ အောင်မြင်မှုအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့ မြင်ပုံမြင်နည်း အပေါ်မှာမူတည်ပြီး အောင်မြင်မှုကို ဖြစ်ပေါ်စေမယ့် နည်းလမ်းတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။

လွှဲပြောင်းဆက်ခံမည့် အစီအစဉ်များ

————————

ရှေးရိုးစဉ်လာ လုပ်ငန်းအခြေခံသဘောတရားတွေနဲ့ နောက်မျိုးဆက်ဆီကို လွှဲပြောင်းပေးနိုင်မယ့် လုပ်ငန်းတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် ၀င်ငွေနဲ့ အမြတ်အစွန်းနှစ်မျိုးစလုံးကို ထွက်လာအောင်လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုကို ဖန်တီးပါ။

ကိုယ့်ရဲ့လုပ်ငန်းစီမံချက်မှာ ၀င်ငွေထွက်ပေါ်လာဖို့ ရှင်းလင်းတဲ့ လမ်းပြမြေပုံရှိရမှာဖြစ်ပြီး ၀င်ငွေထွက်ပေါ်လာတဲ့ အဆင့်ကိုရောက်ဖို့ ကိုယ့်ရဲ့သတ်မှတ်ကာလဟာ ရင်းနှီးမြှုပ်နှံသူတွေဆီက ရန်ပုံငွေတွေရရှိနေတဲ့ လုပ်ငန်းသစ်တစ်ခုထက် အများကြီးပိုပြီးတိုရပါလိမ့်မယ်။ လွှဲပြောင်းဆက်ခံရေးစီမံချက်ရေးဆွဲတာနဲ့ပတ်သက်ပြီး စဉ်းစားဖို့လည်း စောလွန်းတယ်ဆိုတာ ဘယ်တော့မှမရှိပါ ဘူး။ အထူးသဖြင့် သင့်ရဲ့လုပ်ငန်းတိုးတက်အောင်မြင် နေတဲ့အခါမှာ စောလွန်းတယ်ဆိုတာမရှိပါဘူး။

စဉ်းစားရမယ့် အချက်တွေကို အောက်မှာဖော်ပြထားပါတယ်။ ကိုယ့်ဆီက လွှဲပြောင်းဆက်ခံမယ့်သူဟာ ဘယ်သူဖြစ်မလဲ။ အဲဒီလိုလွှဲပြောင်းလက်ခံနိုင်ဖို့ စွမ်းရည် သူ့မှာရှိရဲ့လား။ လုပ်ရမယ့် အဲဒီအခန်းကဏ္ဍကို သူ့ဘက်က စိတ်ကောဝင်စားရဲ့လား။

ကိုယ်က သတ်မှတ်ပေးလိုက်တဲ့ လွှဲပြောင်းဆက်ခံသူဆီမှာ သင့်ကိုယ်ပိုင်ကုမ္ပဏီရဲ့ အပြင်ဘက်မှာ လုပ်ဖူးတဲ့ ပြင်ပလုပ်ငန်းအတွေ့အကြုံရှိရဲ့လား။ ဒီလိုထိတွေ့မှုမျိုးဟာ သူ့ကိုယ်ပိုင်လုပ်ငန်းရဲ့ အားသာချက်တွေနဲ့ ကျွမ်းကျင်မှုတွေကို ဖော်ထုတ်ဖို့ အထောက်အကူပြုပါ လိမ့်မယ်။

အသွင်ကူးပြောင်းရေးစီမံချက်တစ်ခုကို ရေးဆွဲ ပါ။ လွှဲပြောင်းဆက်ခံမယ့်သူက ကိုယ့်ရဲ့လုပ်ငန်းကိုဝယ်ပြီး ယူမှာလား၊ ဒါမှမဟုတ် အမွေအနေနဲ့ ဆက်ခံမှာလား။ ဒီလွှဲပြောင်းမှုကို ဘယ်အချိန်မှာ အကောင်အထည်ဖော်ပြီး အကောင်အထည်ဖော်တဲ့ လုပ်ငန်းက ဘယ်လောက်ကြာမှာလဲ။

လုပ်သက်များပြီး သစ္စာရှိတဲ့ ၀န်ထမ်းတွေကို ကုမ္ပဏီမှာဆက်ပြီးနေဖို့အတွက် မက်လုံးတစ်ခုအနေနဲ့ အကျိုးအမြတ်ရဲ့ ဝေစုတစ်စုံတစ်ရာကိုပေးပါ။

Franchise (လုပ်ငန်းရယူလုပ်ပိုင်ခွင့်) ပေးပါ

—————————————

Franchise ပေးရမယ့် အလားအလာရှိတဲ့ လုပ်ငန်းတစ်ခုမှာ Franchise ယူမယ့်လူတွေကို ငွေကြေးအရဆွဲဆောင်မှုရှိဖို့အတွက် ယဉ်ကျေးမှုနဲ့ ပထ၀ီနယ်နိမိတ်အသီးသီးနဲ့သက်ဆိုင်တဲ့ ခိုင်လုံတဲ့နောက်ခံသမိုင်းမှတ်တမ်းတစ်ခုရှိဖို့ လိုအပ်ပါတယ်။

လုပ်ငန်းရဲ့အစပိုင်းကစပြီး လုပ်ငန်းရဲ့သွင်ပြင်လက္ခဏာအားလုံးကို စေ့စေ့စပ်စပ်အသေးစိတ်မှတ်တမ်းတင်ပြီး Franchise ယူမယ့် လူတွေအတွက် အသင့်ပြင်ပေးထားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်တဲ့အထဲမှာ လုပ်ငန်းစဉ်တွေရဲ့ မှတ်တမ်းတွေနဲ့ လုပ်ငန်းဆောင်ရွက်ပုံ လုပ်ထုံးလုပ်နည်းတွေ အားလုံးစနစ်တကျ ရှိတယ်ဆိုတာကို သေချာအောင်လုပ်တာလည်းပါပါတယ်။

Franchise ပေးတာနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းဆိုင်ရာကိစ္စတွေ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်တဲ့ ဥပဒေကြောင်းဆိုင်ရာကိစ္စတွေနဲ့ ကိုယ်နဲ့အကျွမ်းတ၀င် ရှိအောင်လုပ်ပါ။ ကိုယ့်ရဲ့ Franchise ပေးရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အကြံပေးဖို့အတွက် နာမည်ကောင်းရှိတဲ့ Franchise ပိုင်းကျွမ်းကျင်သူအကြံပေးတစ်ယောက်ကို ခေါ်ယူခန့်ထားဖို့ စဉ်းစားပါ။

Franchise ယူသူတွေရဲ့ အရေအတွက်ကြီးထွားလာပြီး အပြည်ပြည်ဆိုင်ရာဈေးကွက်ကို ၀င်ရောက်တဲ့အခါ သင့်ရဲ့ Brand ကို ဆက်ပြီးခိုင်မာနေအောင် တည်ဆောက်ပြီး ကာကွယ်စောင့်ရှောက်ပါ။ ဒါဟာ သင့်ဆီက Franchise ယူသူတွေကို ခိုင်မာတဲ့ရောင်းဝယ်ရေးကူညီပံ့ပိုးမှုပေးတာလို့လည်း အဓိပ္ပာယ်ရပါတယ်။

အပြည်ပြည်ဆိုင်ရာနယ်မြေတွေထဲကို လုပ်ငန်းတိုးချဲ့တဲ့အခါ ဈေးကွက်အမျိုးမျိုးနဲ့ ကိုက်ညီဖို့အတွက် ပါဝင်တဲ့ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ဒေသအလိုက် ကန့်သတ်တာကို Franchise ပေးတဲ့ ပုံစံက ခွင့်ပြုဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် 7-Eleven ကုမ္ပဏီရဲ့ Franchise ပေးတဲ့ပုံစံဟာ လုပ်ငန်းဆောင်ရွက်မှုအရ ဂျပန်မှာနဲ့ စင်ကာပူမှာကွာခြားပါတယ်။ ဂျပန်နိုင်ငံမှာ ကုန်ပစ္စည်းတွေ ပြန်ဖြည့်ပေးတာကို နို့ဘူးတစ်သေတ္တာအတွက်ဆိုရင်တောင် အရောင်းဆိုင်အမျိုးမျိုးကို တောင်းဆိုချက်အလိုက် စက်ဘီးနဲ့လိုက်ပြီး ပို့ပေးပါတယ်။ စင်ကာပူမှာ ကုန်ပစ္စည်း ပြန်လည်ဖြည့်တင်းတာကတော့ ကြိုတင်ပြီးလုပ်ထားတဲ့ အစီအစဉ်အပေါ်မှာပဲမူတည်ပြီး လုပ်ပါတယ်။

Buy-out (စီမံခန့်ခွဲခွင့်ရရန် လုံလောက်သော အစုရှယ်ယာများကိုဝယ်ယူခြင်း) ကို မျှော်မှန်းခြင်း

—————————–

သင့်ဆီက Buy-out လာလုပ်လိမ့်မယ်လို့များ မျှော်လင့်ထားရင် မဟာဗျူဟာမြောက်တဲ့ သင့်တော်ကိုက်ညီမှုဟာ အဓိကကျပါတယ်။ သင့်ရဲ့လုပ်ငန်းကိုဝယ်ချင်တဲ့ ကုမ္ပဏီအမျိုးအစားနဲ့ သူတို့ဘာကိုရယူဖို့ အလားအလာရှိနေတယ်ဆိုတာကို သိအောင်လုပ်ပါ။ သူတို့ဟာ သင့်ဆီမှာရှိနေတဲ့ ဈေးဝယ်သူတွေအတွက် သင့်ကိုဝယ်မှာလား။ သူတို့ဟာ ဈေးကွက်အသစ်တစ်ခုထဲကို လုပ်ငန်းတိုးချဲ့ဖို့ ရှာနေတာလား။ ဒါမှမဟုတ် တူညီတဲ့ဈေးကွက်ထဲမှာပဲ သူတို့ပေးနေတဲ့ပစ္စည်းတွေကို ထပ်ပြီးတိုးချဲ့ဖို့ ရှာနေတာလား။

သင့်ရဲ့လုပ်ငန်းဟာ သူတို့အတွက် ရင်းနှီးမြှုပ်နှံဖို့ အဓိပ္ပာယ်ရှိပြီး သူတို့ရဲ့ဖြည့်တင်းမှုကွင်းဆက်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေသလား။

သူတို့ရဲ့လုပ်ငန်းအတွက် အကျိုးပြုတဲ့ ကုန်ပစ္စည်းအသစ်တစ်ခု ဒါမှမဟုတ် အသိဉာဏ်ပစ္စည်းအသစ်တစ်ခုကို သင်ကဖော်ထုတ်ခဲ့သလား။ သင်ဟာ သူတို့ရဲ့အကြီးဆုံးပြိုင်ဘက်ဖြစ်နေတဲ့အတွက် သူတို့က သင့်ရဲ့ ယှဉ်ပြိုင်မှုကိုဝယ်ပြီး သိမ်းပိုက်ချင်တာလား။ ဒီလိုကိစ္စမျိုးမှာ အကောင်းဆုံးထွက်လာတဲ့ ရလဒ်ကတော့ သင့်ရဲ့ လုပ်ငန်းကို အပြိုင်အဆိုင်ဈေးပေးပြီး ၀ယ်မယ့်အလားအလာရှိသူတွေကို ရလိုက်တာပဲဖြစ်ပါတယ်။

I.P.O. (အများပိုင်အဖြစ်ရှယ်ယာများစတင်ထုတ်ရောင်းခြင်း) လုပ်ဖို့ အလေးထားစဉ်းစားပါ

—————————–

I.P.O. လုပ်ဖို့အဓိကကျတဲ့ အခြေခံသဘောတရားကတော့ ကုမ္ပဏီကို ကြီးထွားအောင်ကူညီဖို့အတွက် ငွေကြေးစုဆောင်းဖို့နဲ့ အပြန်အလှန်အနေနဲ့ ပူးတွဲတည်ထောင်သူ၊ ၀န်ထမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ငွေဖြစ်လွယ်မှုပေါ်ထွက်လာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ အဆင့်တစ်ခုခုမှာ I.P.O. လုပ်ဖို့ ကိုယ်ကအလေးထားစဉ်းစားရင် အောက်မှာဖော်ပြထားတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပါ။ အမြန်တိုးချဲ့နေတဲ့ ဒါမှမဟုတ် အများပြည်သူက အကြီးအကျယ်စိတ်ဝင်စားနေတဲ့ လုပ်ငန်းတစ်ခုထဲမှာ ကိုယ့်ရဲ့ကုမ္ပဏီဟာ တိုးမလာပေမဲ့ မြင့်မားတဲ့အမြတ်နှုန်းနဲ့ တည်တံ့နေတယ်ဆိုတဲ့ ခိုင်မာတဲ့ မှတ်တမ်းတစ်ခု ရှိပါသလား။ ကိုယ့်ရဲ့နောက်ကြောင်းသမိုင်းနဲ့ ကိုယ့်လုပ်ငန်းရဲ့ လမ်းပြမြေပုံဟာဘာလဲ။ ကိုယ့်လုပ်ငန်းရဲ့ ကိုယ်ပိုင်လက္ခဏာ၊ မျှော်မှန်းချက်၊ လုပ်ငန်းတိုးချဲ့ဖို့နဲ့ ယှဉ်ပြိုင်မှု အားသာချက်တစ်ခုကို ထိန်းသိမ်းထားဖို့အတွက် ကိုယ့်မှာရှိတဲ့ အစီအစဉ်တွေဟာ ကိုယ့်ကိုသူများနဲ့မတူဘဲ ဖြစ်နေစေဖို့အတွက် အရေးကြီးပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွက် အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးနဲ့ စာရင်းရှင်းတမ်းတွေကို စာရင်းစစ်ဆေးဖို့နဲ့ အဲဒီစာရင်းရှင်းတမ်းတွေဟာ အလွန်ကောင်းတဲ့ အခြေအနေမှာရှိနေဖို့ လိုအပ်ပါတယ်။ ဒီကိစ္စမှာ ကိုယ့်ရဲ့ CFO (ဘဏ္ဍာရေးအရာရှိချုပ်) ဟာ ကိုယ့်ရဲ့ CTO (နည်းပညာ အရာရှိချုပ်) လောက် နီးပါးအရေးပါပါလိမ့်မယ်။

အထူးသဖြင့် ကိုယ့်ရဲ့ကနဦးရင်းနှီးမြှုပ်နှံတဲ့အဆင့်တွေမှာ ကုမ္ပဏီတွေကို I.P.O. တင်နိုင်အောင်လုပ်ပေးခဲ့တဲ့ ခိုင်လုံတဲ့မှတ်တမ်းရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ပစ်မှတ်ထားတာဟာ အမြော်အမြင်ရှိပါတယ်။

I.P.O. လုပ်ငန်းစဉ်တစ်ခုလုံးဟာ စီမံခန့်ခွဲမှုအရ ရောဘဏ္ဍာရေးအရပါ အလွန်ပင်ပမ်းခက်ခဲလှပါတယ်။ ကိုယ့်အနေနဲ့ I.P.O. အတွက် တွေ့ဆုံတင်ပြမှု (roadshow) တွေ၊ I.P.O. လုပ်ဆောင်မှု ကုန်ကျစရိတ်လိုအရာတွေအ တွက် သန့်ရှင်းတဲ့ ရန်ပုံငွေတစ်ရပ် ရှိဖို့လိုအပ်ပါလိမ့်မယ်။

ကုမ္ပဏီတစ်ခုကို I.P.O. အဆင့်ကိုရောက်အောင်လုပ်ခြင်း ဟာ အစဉ်အလာအရအောင်မြင်မှုရဲ့ အမှတ်အသားတစ်ခု ဖြစ်ပေမဲ့ မှတ်သားစရာဆိုးကျိုးတချို့လည်းရှိပါတယ်။ အဲဒီဆိုးကျိုးတွေထဲမှာ လူတိုင်းက ရှယ်ယာတွေကို ၀ယ်လို့ရတဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းအပေါ်ထိန်းချုပ်မှုကို ဆုံးရှုံးသွားတာ၊ တိုးလာတဲ့ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းမှုဆိုင်ရာ တောင်းဆိုချက်တွေ၊ ဈေးကွက်ကပြုသမျှ နုရမယ့်အခြေအနေနဲ့ လူအများရဲ့ ပိုပြီးကြီးမားတဲ့ စိစစ်မှုကို ခံရတာတွေ ပါဝင်တယ်။

အတူလုပ်ငန်းပူးတွဲတည်ထောင်သူနှင့် ဘယ်အချိန်မှာ လမ်းခွဲသင့်သလဲ

—————————————–

ဆက်ဆံရေးတွေဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် နည်းနည်းတော့ ရှုပ်ထွေးနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ခက်ခဲတဲ့ ဆက်ဆံရေးတစ်ခုကို ဖြတ်သန်းခဲ့ရလို့ပဲဖြစ်ဖြစ်၊ ခက်ခဲတဲ့ ဆက်ဆံရေးတစ်ခုကို ဖြတ်သန်းနေရတဲ့ သူငယ်ချင်းတစ်ယောက်၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ကို ကြည့်ပြီးပဲဖြစ်ဖြစ် အဲဒီလိုဖြတ်သန်းရတာဟာ ဆုံးရှုံးမှု ဘယ်လောက်များနိုင်တယ်ဆိုတာကို သိပါလိမ့်မယ်။ လူတစ်ယောက်နဲ့ မှားယွင်းတွဲဖက်ပြီး အလုပ်လုပ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုလိုအရာတွေကို ဖြစ်ပွား စေနိုင်ပြီး ကျန်းမာရေးပြဿနာတွေတောင် ပေါ်လာနိုင်ပါတယ်။

တခြားဆက်ဆံရေးတွေအားလုံးမှာလိုပဲ လုပ်ငန်းပူးတွဲလုပ်ကိုင်မှုတစ်ခုရဲ့ အစပိုင်းဟာ စိတ်လှုပ်ရှားမှုတွေ၊ မျှော်လင့်ချက်တွေ၊ အကန့်အသတ်မရှိတဲ့ အလားအလာတွေလို့ ထင်ရတဲ့အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ လုပ်ငန်းလုပ်ဖို့ စိတ်ကူးရဲ့ အစပိုင်းကတည်းကအတူတူပဲဖြစ်ဖြစ် လုပ်ငန်းလုပ်ဖို့ စိတ်ကူးကိုဖန်တီးပြီး နောက်ပိုင်းမှ ပူးတွဲလုပ်ကိုင်တာပဲဖြစ်ဖြစ်၊ အလုပ်အတူပူးတွဲလုပ်ကိုင်သူတွေ အတူတူဖြတ်သန်းရတဲ့ အရာတွေဟာ အများကြီးရှိပါတယ်။

လုပ်ငန်းပူးတွဲတည်ထောင်သူတွေကြားက ပူးတွဲလုပ်ကိုင်မှုဟာ အမှန်တကယ် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို Studypool ကုမ္ပဏီကို တည်ထောင်သူနဲ့ CEO ဖြစ်သူ ရစ်ချတ်ဝါဘီက သိနေပါတယ်။ သူဟာ သူ့ရဲ့ဒေါ်လာသန်းချီပြီးတန်တဲ့ စိတ်ကူးကို သူနဲ့ပူးတွဲတည်ထောင်သူနဲ့အတူ သူတို့နှစ်ယောက်စလုံး တက္ကသိုလ်တက်နေတုန်းအချိန်မှာပဲ တည်ဆောက်ခဲ့ပါတယ်။ ''ကျွန်တော့်ရဲ့တွဲဖက်ဆီက တစ်ခုခုကိုသင်ယူဖို့ ကျွန်တော်အမြဲ ကြိုးစားနေပါတယ်။ တစ်ယောက်ဆီက တစ်ယောက်နားထောင်ပြီး သင်ယူကြတဲ့အတွက်ကြောင့်ပဲ ဒီလောက်အများကြီးကို ကျွန်တော်တို့ အတူတူလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆက်ဆံရေးကို သင်ယူဖို့အခွင့်အလမ်းတစ်ခုအနေနဲ့ ချဉ်းကပ်တဲ့အခါ လုပ်ငန်းကို ပထမနေရာမှာဦးစားပေးပြီးဖြစ်တဲ့အတွက် ခင်ဗျားတို့ကို အထောက်အကူပြုပါလိမ့်မယ်'' လို့ ၀ါဘီက ရှင်းပြပါတယ်။

တချို့ပူးတွဲလုပ်ကိုင်မှုတွေဟာ ခိုင်မာကြပြီး ပင်ပင်ပမ်းပမ်းလုပ်ရတဲ့ အလုပ်နဲ့ လုပ်ငန်းကိုဖော်ထုတ်ပြီး ကြီးထွားအောင် ရုန်းကန်ကြိုးစားမှုကသာလျှင် အဲဒီပူးတွဲလုပ်ကိုင်မှုတွေကို ပိုပြီးခိုင်မာအောင်လုပ်ပေးပါတယ်။ ဒါပေမဲ့ ကျန်တဲ့ပူးတွဲလုပ်ကိုင်မှုတွေကတော့ အလုပ်မဖြစ်ကြပါဘူး။ ကိုယ်နဲ့အတူ ပူးတွဲတည်ထောင်သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချခြင်းဟာ လုပ်ရတာလွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။

လုပ်ငန်းပူးတွဲတည်ထောင်သူနဲ့ လုပ်ငန်းပူးတွဲလုပ်ကိုင်သူတချို့ဟာ သူတို့ရဲ့လုပ်ငန်းအစပိုင်းကတည်းက ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်မလုပ်ကြပေမယ့် နှစ်ယောက်စလုံးဟာ သူတို့ရဲ့လုပ်ငန်းဦးမော့ပြီး လည်ပတ်သွားဖို့ အရာရာကို နှစ်မြှုပ်ထားမယ့် အလာအလားတော့ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်မှာစိတ်တွေဖိစီးပြီး အိပ်လို့လည်းမရတော့ဘူးဆိုရင်တော့ အဲဒါဟာအရာရာကို ရပ်ဆိုင်းပစ်ရမယ့်အချိန် ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ပူးတွဲလုပ်ကိုင်သူနဲ့ လမ်းခွဲရမယ့်အချိန်ဖြစ်နိုင်ကြောင်း ပြနေတဲ့ လက္ခဏာတချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။

၁။ အလုပ်ထဲမှာမရှိခြင်း

————————–

ဘ၀နဲ့ အလုပ်ဟန်ချက်ညီမှုဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ပူးတွဲလုပ်ကိုင်သူဟာ အလုပ်ကို ပုံမှန်ရောက်မလာဘဲ ဘယ်အချိန်မှာ ဘာကြောင့်မလာနိုင်ဘူးဆိုတာကိုလည်း ဆက်သွယ်ပြီး မပြောဘူးဆိုရင် အဲဒါဟာသူ့အနေနဲ့တာဝန်ကို အပြည့်အ၀မယူနိုင်ဘူးဆိုတာကိုပြနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဆက်ဆံမှုတစ်ခုထဲမှာ ရှိနေတဲ့အချိန်မှာ ပူးတွဲလုပ်ကိုင်သူနှစ်ယောက်စလုံး ရဲ့ ပေးဆပ်မှုဟာ အရေးကြီးတဲ့အတွက် အမြဲတမ်းညီမျှနေတဲ့ ဟန်ချက်ညီမှုဆိုတာမရှိနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အတော်အသင့်ညီမျှမှုတော့ ရှိရမှာဖြစ်ပါတယ်။ အလုပ်ထဲကို သူပေါ်လာတယ်ဆိုရင်တောင် သူဟာနေ့စဉ် လုပ်ငန်းဆောင်ရွက်မှုတွေထဲမှာ ၀င်ပြီးမပါဘဲ အဓိကကျတဲ့ ဒါမှမဟုတ် 'အပျော်' (လို့သူယူဆတဲ့) ကိစ္စတွေလောက်မှာပဲ ၀င်ပြီးလုပ်ကိုင်ရင် အဲဒါဟာ လမ်းခွဲရမယ့်အချိန်ပဲလို့ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၂။ အချင်းချင်းဆက်သွယ်ရေး ယိုယွင်းခြင်း

——————————–

ဘယ်ဆက်ဆံရေးရဲ့ ရှင်သန်တည်တံ့မှုအတွက်မဆို ဆက်သွယ်ရေးဟာအထူးအရေးကြီးပါတယ်။ ကိုယ်နဲ့ ကိုယ့်ရဲ့ ပူးတွဲတည်ထောင်သူကြားမှာရှိတဲ့ ဆက်သွယ်ရေးယိုယွင်းနေရင် အဲဒါဟာ ကိုယ့်အနေနဲ့ အလေးထားရမယ့် လက္ခဏာတစ်ခုဖြစ်ပါတယ်။ ညံ့ဖျင်းတဲ့ဆက်သွယ်ရေးဟာ ပူးတွဲလုပ်ကိုင်မှုကိုသာ ထိခိုက်မှာမဟုတ်ဘဲ လုပ်ငန်းကြီးတစ်ခုလုံးကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ကိစ္စတွေမှာ ကိုယ်နဲ့ ကိုယ့်ရဲ့ ပူးတွဲလုပ်ကိုင်သူတို့နှစ်ယောက်ဆက်သွယ်မှုမလုပ်ကြဘူးဆိုရင်တော့ အရာအားလုံး စပြီးကျဆင်းသွားမယ့် အလားအလာရှိနေပါပြီ။

၃။ မည်သည့်ဖြေရှင်းချက်ကိုမှမပေးခြင်း

——————————–

လုပ်ငန်းပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ်ကြုံတွေ့ရမယ့် ပြဿနာတွေဟာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ အဲဒီပြဿနာတွေဟာ ဘဏ္ဍာရေးနဲ့မပတ်သက်ဘူးဆိုရင် ကိုယ့်အဖွဲ့ရဲ့အရည်အသွေးနဲ့ ဒါမှမဟုတ် ကိုယ့်ရဲ့ဖြည့်တင်းမှုကွင်းဆက်နဲ့ ဒါမှမဟုတ် တခြားတစ်ခုခုနဲ့ ဆက်စပ်နေပါလိမ့်မယ်။ လုပ်ငန်းပိုင်ရှင်တစ်ယောက်အနေနဲ့ ပြဿနာတွေပေါ်ပေါက်လာမှာကို မျှော်လင့်ထားရမှာဖြစ်ပေမဲ့ သူ့ဆီမှာဖြေရှင်းချက်တွေရှိဖို့လည်း အရေးကြီးပါတယ်။ သင်နဲ့ပူးတွဲတည်ထောင်သူဟာ ပြဿနာတွေကိုပဲ တင်ပြနေပြီး ဖြေရှင်းချက်တွေအပေါ်မှာလည်း နောက်ထပ်ပြဿနာတွေပဲ ထပ်ပြီးရှာနေဦးမယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းဟာ ခက်ခက်ခဲခဲရုန်းကန်ကြိုးစားရပါလိမ့်မယ်။

ဖြေရှင်းချက်မရှိခြင်းဟာ ကိုယ့်ရဲ့လုပ်ငန်းအပေါ် မှာ မကောင်းတဲ့ သက်ရောက်မှုရှိရုံသာမကပဲ ခါးတောင်းကျိုက်ပြီး အလုပ်လုပ်ရမယ့်အစား အပျက်ဘက်မှာပဲ အာရုံစိုက်နေတဲ့ ပူးတွဲတည်ထောင်သူ တစ်ယောက်ရှိနေခြင်းဟာ ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုကြီးတစ်ခုလုံးအတွက် ပြဿနာပေါင်းများစွာကို ပေါ်ပေါက်စေနိုင်ပါတယ်။

၎။ သဘောထားချင်း မတိုက်ဆိုင်ခြင်း

———————–

ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဘယ်လိုပြဿနာမျိုးမှာမဆို ကိုယ်နဲ့ကိုယ်ရဲ့ ပူးတွဲတည်ထောင်သူတို့ သဘောထားချင်းမတိုက်ဆိုင်ကြဘူးဆိုရင် ကိုယ့်ရဲ့လုပ်ငန်းဟာ ဘယ်နေရာကိုမှ၊ ဘယ်တော့မှရောက်တော့မှာ မဟုတ်ပါ ဘူး။ ကိုယ့်ရဲ့လုပ်ငန်းဟာ သောင်မတင်ရေမကျဖြစ်နေရုံသာမကဘဲ အမြဲတမ်းဖြစ်နေတဲ့ သဘောထားကွဲလွဲမှုတွေ က သင့်ရဲ့ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။

ကိုယ်နဲ့ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တို့ဟာ အရာရာတိုင်းမှာ သဘောတူရမယ်လို့တော့ မယူဆပါနဲ့။ အမြင်အမျိုးမျိုး မတူကွဲပြားခြင်းဟာလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ အမြင်မတူမှုကြောင့် ကိုယ့်အနေနဲ့ ဘာကိုမှ လုပ်လို့မရတော့ဘူးဆိုရင်တော့ အဲဒါဟာ အဆက်အသွယ်ဖြတ်ဖို့ အချိန်ဖြစ်နိုင်တယ်ဆိုတာကိုပြနေတဲ့ သေချာတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

၅။ အားမကိုးလောက်ခြင်း

—————————-

လုပ်ငန်းသစ်တစ်ခုကို တည်ထောင်သူတွေအနေနဲ့ တစ်ယောက်ချင်းစီမှာ လုပ်စရာတွေအများကြီးရှိပါတယ်။ အဲဒီလုပ်စရာတွေရဲ့စာရင်းဟာ ပိုပိုပြီးရှည်လျားလာတယ်လို့ ထင်ရနိုင်ပါတယ်။ ကိုယ်နဲ့ပူးတွဲတည်ထောင်သူအနေနဲ့ သူ့ရဲ့တာဝန်တွေကို ကျေပွန်အောင်မလုပ်ဘဲ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး ဖွံ့ဖြိုးအောင်လုပ်ရမယ့် တာဝန်တွေကို ကူညီပြီးမဆောင်ရွက်ဘူးဆိုရင် ပူးတွဲတည်ထောင်သူ တစ်ယောက်ရှိနေစရာလုံးဝမလိုတော့ဘူးလို့ ယူဆနိုင်ပါတယ်။

ကိုယ်နဲ့ပူးတွဲလုပ်ကိုင်သူက သူ့ရဲ့ကိုယ်ပိုင်တာဝန်တွေကို မဖြည့်ဆည်းနိုင်ရင် ဒါမှမဟုတ် မဖြည့်ဆည်းတော့ဘူးဆိုရင် အဲဒါဟာ ခက်ခဲရုံသာမကပါဘူး။ သူကကိုယ့်အတွက်ကူညီပြီး လုပ်ကိုင်ပေးရမယ့် တာဝန်တွေကို လုပ်ပေးလိမ့်မယ်လို့ ယုံလို့မရတော့တဲ့အတွက် ကိုယ့်ရဲ့အလုပ်နဲ့ ဘ၀ဟန်ချက်ညီမှုကိုထိခိုက်ပြီး နောက်ထပ်စိတ်ပျက်စရာတွေ တိုးလာပါလိမ့်မယ်။

၆။ ကုမ္ပဏီ၏အနာဂတ်အတွက် နှစ်ယောက်သားမျှော်မှန်းချက်များကို ညှိမရတော့ခြင်း

————————————

တစ်ဦးချင်းစီရဲ့ မျှော်မှန်းချက်တွေဟာ အစပိုင်းကတည်းက ကွဲလွဲနေတာဖြစ်ကောင်းဖြစ်ပါမယ်။ အဲဒီလိုကွဲလွဲနေခဲ့ရင် အဲဒီကွဲလွဲမှုဟာ အဲဒီတုန်းကတည်းက အဲဒီအလုပ်ကို မလုပ်သင့်ဘူးဆိုတဲ့ အချက်ပေးမှု ချက်ချင်းဖြစ်ခဲ့ရမှာပါ။ ဒါပေမဲ့ တူညီတဲ့မျှော်မှန်းချက်နဲ့ ကိုယ်တို့စခဲ့ပေမဲ့ တစ်ယောက်ယောက်က စိတ်ပြောင်းသွားခဲ့ရင်လည်း ဆိုးဝါးတဲ့သဘောထားကွဲလွဲမှုတွေနဲ့ ပြဿနာတွေ ဖြစ်လာဖွယ်ရာရှိပါတယ်။ ကုမ္ပဏီအတွက်  မျှော်မှန်းချက်နဲ့ပတ်သက်ပြီး သင်တို့ညှိလို့မရရင် ဒါဟာပူးတွဲလုပ်ကိုင်မှုကို ဖျက်သိမ်းရမယ့်အချိန် ဖြစ်နိုင်ပါတယ်။

ကိုယ်နဲ့ပူးတွဲလုပ်ကိုင်သူဟာ အထက်မှာဖော်ပြခဲ့တဲ့အရာတွေ အတိုင်းဖြစ်နေပြီဆိုရင်တော့ ဒါဟာ ပူးတွဲလုပ်ကိုင်မှုကိုပြန်ပြီး သုံးသပ်ရမယ့်အချိန်ဖြစ်နိုင်ပါ တယ်။ လမ်းခွဲဖို့ဆုံးဖြတ်ရတာဟာ လွယ်လွယ်ကလေး မဟုတ်ပေမဲ့ အဲဒီကိစ္စကို အချိန်ဆွဲမထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ညံ့ဖျင်းတဲ့ ပူးတွဲလုပ်ကိုင်မှုတစ်ခုဟာ ကိုယ်တစ်ယောက်ထဲကိုသာ ထိခိုက်စေမှာမဟုတ်ဘဲ ကိုယ်ရဲ့ကုမ္ပဏီကြီးတစ်ခုလုံးကို ထိခိုက်စေမှာ ဖြစ်လို့ပါပဲ။

အယ်ဒီတာအဖွဲ့