လုပ်ငန်းခွင်အတွင်း Productivity တက်အောင် ဘယ်လိုပြုမူကျင့်သုံးနေထိုင်သင့်ပါသလဲ၊ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါ

octproductivity

Productivity ဆိုတာက Production Efficiency တက်ဖို့ တိုင်းတာတဲ့အရာပါပဲ။ စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်မှုစွမ်းအင်ဆိုတဲ့ ထုတ်ကုန်ရဖို့အတွက် စိုက်ရတဲ့အင်အား၊ ပစ္စည်းတစ်ခုထုတ်ဖို့အတွက်ကို အချိန်ဖြင့်သော်လည်းကောင်း၊ ငွေဖြင့်သော်လည်းကောင်း အရင်းအနှီးပြုရတဲ့ Input နဲ့ ထွက်လာတဲ့ Output မျှသလားဆိုတာကို Productivity နဲ့ တိုင်းတာကြည့်နိုင်ပါတယ်။ ထုတ်ကုန်ကို ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်များများ၊ ဘယ်လောက်အချိန်အတွင်းမှာ ထွက်အောင်လုပ်နိုင်သလဲဆိုတာကို တိုင်းတာတာဖြစ်ပါတယ်။

Productivity က Profitability နဲ့ သွားပြီးအချိုးကျပါတယ်။ ထုတ်ကုန်စွမ်းအားက ပစ္စည်းထုတ်ဖို့အတွက် လိုအပ်တယ်။ ကုန်ပစ္စည်းထုတ်တယ်ဆိုတာက မြတ်ဖို့အတွက် ထုတ်ကြတာပါ။ အဲဒီအတွက် Equation လေးရှိတယ်။ Profitability = (Productivity, Unit Price, Volume) Profit အပေါ်မှာ Productivity ၊ Unit Price ၊ Volume စတာတွေအားလုံးက အကျိုးသက်ရောက်မှုရှိပါတယ်။

အခု ကျွန်တော်တို့က Equation ရဲ့ ညာဘက်မှာရှိတဲ့ Productivity ဆိုတာလေးတစ်ခုပဲကွက်ပြီး ပြောသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဦးတည်တာကတော့ သူနဲ့ဆက်နွှယ်နေတဲ့ Equation ရဲ့ ဘယ်ဘက်က Profit (အကျိုးအမြတ်) ကောင်းရဖို့အတွက် ရည်ရွယ်ပါတယ်။ လုပ်ငန်းခွင်မှာ Productivity ကို ဘယ်လိုတက်အောင်လုပ်မလဲဆိုတာနဲ့ပတ်သက်လို့ လူတိုင်းက ပုံစံအမျိုးမျိုးပြောနေတာတွေရှိပါတယ်။ အဲဒီထဲကနေမှ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်အချက် ၁၅ ချက် ကို ရွေးချယ်တင်ပြသွားပါမယ်။

အချိန် (Every minutes of your life is gold) . . .

လူ့ဘ၀ရဲ့အချိန်တွေဟာ ရွှေပါပဲ။ ကိုယ်တိုင်အဲဒီလိုမျိုး ခံယူကျင့်သုံးနေသလား ပြန်ဆန်းစစ်ဖို့လိုပါမယ်။ တစ်နေ့တာ ၂၄ နာရီရှိရာမှာ လုပ်ချင်တဲ့အလုပ်တွေ၊ လုပ်ရမယ့်တာဝန်တွေ အားလုံးပြီးရဲ့လား။ မပြီးဘူးဆိုရင် ဘာကြောင့်လဲ၊ ကိုယ်ကိုယ်တိုင်ကြောင့်လား ပြန်မေးကြည့်ရပါမယ်။ ဒီနေရာမှာ နည်းလမ်းနှစ်ခုရှိပါတယ်။ တစ်ခုက ကိုယ့်အလုပ်ချိန်ကို တိုးပြီးတော့ လုပ်မလား (Working Harder) ၊ ဒါမှမဟုတ် ရှိနေပြီးသားအချိန်မှာပဲ အလုပ်ကိုပြီးအောင် လုပ်မလား (Working Smarter) ဖြစ်ပါတယ်။ Work Smart ဖြစ်ဖို့ အချိန်ကိုအကောင်းဆုံး Manage လုပ်ရပါမယ်။ အချိန်ကို Manage လုပ်တဲ့နေရာမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ဘာကိုအရင်ပြီးအောင် ဦးစားပေးလုပ်ရမလဲဆိုတာသိပြီး၊ Task တစ်ခုတည်း (ဥပမာ- Social Media, email, Instant Message App) မှာ မလိုအပ်ဘဲ အချိန်ပိုပေးမိနေတာမျိုးမရှိအောင် သတိထားရပါမယ်။ Task တိုင်းကို အချိန်ကန့်သတ်ချက်တစ်ခု ထားပြီးလုပ်ပါ။

ပုံမှန်နားချိန်ယူပါ . . .

အလုပ်ချည်းပဲ တောက်လျှောက်မလုပ်ပါနဲ့၊ နားနားပြီး လုပ်ပါ။ ထမင်းစားချိန်မှာတောင်မစားဘဲ အလုပ်ဆက်လုပ်တာက တကယ်တမ်းအလုပ်မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် Regular / Scheduled Breaks လေးတွေထားပေးပါ။ ဒါက Concentration ပိုကောင်းစေကာ Focus ကောင်းကောင်းလုပ်နိုင်စေပြီး ကိုယ့်စွမ်းဆောင်ရည်ကို တစ်သတ်မတ်တည်းထိန်းထားနိုင်သလို Performance Level ကိုလည်း တက်စေပါတယ်။

ကိုယ့်ဘာသာအချိန်ကန့်သတ်ချက်ထားပါ . . .

အလုပ်တစ်ခု ဘယ်တော့ပြီးအောင်လုပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ Deadline သတ်မှတ်ပါ။ Self-imposed Deadline ရှိဖို့လိုသလို Stress Level လေးကိုလည်း ကိုယ့်ကိုယ်ကိုယ် Set လုပ်ဖို့လိုပါတယ်။ ကိုယ် Manageable ဖြစ်တဲ့ အနေအထားရှိတဲ့ Self-imposed Stress သတ်မှတ်ပါ။ ဒီနေ့အဖို့ ဒီအလုပ် ဖြတ်ကိုဖြတ်မယ်ဆိုတဲ့ Goal လေး တစ်ခုစီထားပြီး လုပ်သွားတာက အလုပ်ပြီးမြောက်မှုကိုလည်း ခံစားမိစေသလို စွမ်းဆောင်ရည်အတွက်လည်း အရေးပါပါတယ်။

Two Minutes Rule . . .

လွယ်တဲ့အလုပ်လေးတွေ၊ ခဏလေးကောက်လုပ်လိုက်ရင် ပြီးသွားလောက်မယ့် အလုပ်လေးတွေကို ချက်ချင်းကောက်လုပ်လိုက်ပါ။ နှစ်မိနစ်လောက်အချိန်ပေးရုံနဲ့ပြီးနိုင်တဲ့ အလုပ်ကို၊ လုပ်လည်းလုပ်နိုင်တဲ့ အချိန်ရှိတယ်ဆိုရင် လျင်လျင်မြန်မြန်ပဲ လုပ်လိုက်ပါ။ သေးသေးလေးတွေကများလာပြီး အချိန်ကြာလာတဲ့အခါ မလုပ်မိတာ၊ မေ့သွားတာ၊ အလုပ်သိပ်များတဲ့အခါ ကျန်သွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ချက်ချင်း လုပ်နိုင်တဲ့အရာတစ်ခုကို ချက်ချင်းပြီးအောင်လုပ်လိုက်ပါ။

မလိုအပ်ရင် အစည်းအဝေးပွဲတွေကို ငြင်းတတ်ပါစေ (Say 'No' to the meetings) . . .

Meeting တိုင်းကို မဆိုလိုပါဘူး။  ကိုယ်မတက်ဘဲနေရင်ရတဲ့ Meeting ဆိုရင် တက်ကိုမတက်ပါနဲ့။ တခြားလူတစ်ယောက် ကိုယ်စားတက်ခိုင်းလို့ရရင် တခြားလူတစ်ယောက် လွှတ်လိုက်ပါ။ လေ့လာတွေ့ရှိချက်တစ်ခုအရ လုပ်ငန်းခွင်ထဲက လူတွေအနေနဲ့ တစ်လကို နာရီပေါင်းသုံးဆယ်ခန့် အစည်းအဝေးတွေမှာ အချိန်ကုန်လေ့ရှိကြောင်း သိရပါတယ်။ ဒါကြောင့် Meeting မှာပြောမယ့် အကြောင်းအရာတွေကို Email နဲ့ ပြောလို့ရလောက်တဲ့ အနေအထားဆိုရင်လည်း Email ကနေပြောလိုက်ပါ။ Teleconference ၊ Skype စတာတွေနဲ့ လုပ်လို့ရရင် လုပ်လိုက်ပါ။ မလိုအပ်ဘဲလုပ်တဲ့ Unproductive Meeting ဆိုရင် ကိုယ်လည်းမတက်ပါနဲ့။ ကိုယ်ကလည်း မခေါ်မိပါစေနဲ့။

လိုအပ်ရင် မတ်တတ်အစည်းအဝေးလုပ်ပါ (Standing Meeting) . . .

တက်ကြွလှုပ်ရှားမှုနဲ့ ရင်းနှီးမှုကိုမြင်တွေ့ရပြီး Group Performance ကို တက်စေချင်တဲ့ Meeting တွေကိုဆိုရင် မတ်တတ်ရပ်ပြီးတော့ Host လုပ်ပါတယ်။ ဥပမာ- စီးပွားရေးအကြောင်း၊ လုပ်ငန်းဦးတည်ချက်အကြောင်း၊ Changes တွေအကြောင်း CEO ကိုယ်တိုင်ပြောမယ့် အစည်းအဝေးမျိုးဖြစ်ပါတယ်။ အချိန်လည်းမကြာဘူး၊ မြန်မြန်ဆန်ဆန်လည်းပြီးသလို ရင်းနှီးမှုလည်း ရစေပါတယ်။ Effective လည်း ဖြစ်ပါတယ်။

တစ်ကြိမ်မှာ အလုပ်တစ်ခုထက်ပိုမလုပ်ပါနဲ့ . . .

Multitasking မလုပ်စေချင်ပါဘူး။ Multitasking ဆိုတာ နားထောင်လို့ အင်မတန်ကောင်းပါတယ်။ Multitasking က Important Skills လို့လူတွေပြောတာက မှားပါတယ်။ Efficiency တက်မလားလို့ အလုပ်သုံးခုလောက်လုပ်တာ ဘယ်တစ်ခုမှ မပြီးတဲ့အခါကျ Efficiency ကျသွားမှာပါ။ အလုပ်တစ်ခုပြီးမှ နောက်တစ်ခုကို မြန်မြန်ဆန်ဆန်လုပ်တာ ပိုပြီးတော့ Focus မိတယ်လို့ ပြောချင်ပါတယ်။ Single Task ကို Commit လုပ်ထားတယ်၊ လုပ်တယ်၊ Complete ဖြစ်သွားတယ်။ ပြီးတော့မှ Next Task တစ်ခုဆက်လုပ်တယ်။ အဲဒီလိုသွားတဲ့အခါကျရင် အလုပ်တွင်ကျယ်သလို တိတိကျကျ ပြီးသွားတာတွေ့ရတယ်။

လမ်းခရီးမှာ ကြန့်ကြာနေချိန်ကို အကျိုးရှိစွာသုံးပါ . . .

ရုံးအသွား၊ တစ်နေရာကနေ တစ်နေရာကို အသွားလမ်းခရီးမှာ နာရီဝက်၊ တစ်နာရီလောက် ကားပိတ်သွားမယ့်အချိန်မှာ ဘယ်အရာကိုလုပ်ရင် ဘယ်လိုအကျိုးရနိုင်မလဲဆိုတာမျိုး စဉ်းစားအသုံးချပါ။ Email ကြိုတင်ဖွင့်စစ်ထားတာ၊ တစ်နေ့တာ လုပ်ရမယ့်အလုပ်တွေကို ကြိုတင်ပြန်လည်စီစဉ်တာ၊ တက်ရမယ့်အစည်းအဝေး၊ တွေ့ရမယ့်လူတွေနဲ့ ပြောဆိုရမယ့်စကား အကြောင်းအရာတွေကို ပြန်စီစဉ်တာစသဖြင့် ကိုယ်တတ်နိုင်သလောက် လမ်းပေါ်မှာ ကြန့်ကြာနေချိန်ကို အကျိုးရှိအောင် အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် Self-organized လုပ်ပါ။

ပြီးပြည့်စုံချင်တဲ့စိတ်ကို စွန့်လွှတ်ပါ (Illusion) . . .

လူတွေအကုန်လုံးက Perfect ဖြစ်ချင်သူတွေချည်းပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း Perfect ဖြစ်ပြီးသားလို့ ယူဆတတ်ကြပါတယ်။ အမှန်ကတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုထင်မြင်တာဟာ တော်တော်လေးကို ဆိုးတဲ့အရာဖြစ်ပါတယ်။ အဲဒါလေးကို Give Up လုပ်လိုက်ပါ။ တစ်ခုခုကို Perfect ဖြစ်အောင် လုပ်တာကောင်းပါတယ်။ ဒါပေမဲ့ တခြားဟာတွေအကုန်လုံးကို ချထားပြီးတော့ တစ်ခုတည်းကိုပဲ လုပ်နေရင် တခြားအရာတွေ Delay တွေ ဖြစ်ကုန်ပါတယ်။ အဖြစ်မှန်ကိုလက်ခံပါ။ ကိုယ်ပြီးပြည့်စုံအောင် မလုပ်တတ်တဲ့အလုပ်ကို အချိန်ကုန်ခံပြီးလုပ်မနေဘဲ ကိုယ့်ထက်တတ်ကျွမ်းသင့်တော်တဲ့သူကို လွှဲပြောင်းပေးတတ်ပါစေ။ Delegate လုပ်တတ်ပါစေ။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ (Physical Exercise) . . .

Exercise လုပ်တဲ့အခါမှာ လူ့ရဲ့ခန္ဓာကိုယ်က သွေးလည်ပတ်မှုကောင်းသွားတဲ့အတွက် Productivity ကို Enhance ဖြစ်စေပါတယ်။ သွေးလည်ပတ်သွားရင် ဦးနှောက်ထဲကိုလည်း အောက်ဆီဂျင်ရောက်သွားတယ်။ စိတ်ကလည်း ကြည်လာတယ်။ အဲဒီအခါဘယ်အရာပဲဖြစ်ဖြစ် Focus လုပ်နိုင်ပြီး ကြည်ကြည်လင်လင် စဉ်းစားလို့ရသွားတယ်။ Physical က Mental ကို အကျိုးသက်ရောက်စေတာကြောင့် သင့်တင့်တဲ့ Physical Exercise လုပ်စေချင်ပါတယ်။

Proactive ဖြစ်ပါ၊ Reactive မဖြစ်ပါနဲ့ . . .

Productivity တက်ဖို့ဆိုရာမှာ ကိုယ်က Proact ဖြစ်ရမယ်။ Prothinking လုပ်နိုင်ရပါမယ်။ လုပ်ငန်းတာဝန်တွေကို ကြိုတင်တွေးတောစီစဉ်ထားပြီး ကိုယ့်ကိုယ်ကိုယ် Organized ဖြစ်အောင် လုပ်ထားနိုင်ရပါမယ်။ ကိစ္စတော်တော်များများကို Proactive ဖြစ်စွာမလုပ်နိုင်ဘဲ Reactive လုပ်နေရတာမျိုးဆိုရင် လုပ်ငန်းခွင်မှာ ကိုယ်ကနောက်ကျကျန်ခဲ့ပါမယ်။ မကျန်ခဲ့ရအောင် ကိုယ့်ဘာသာကိုယ် Determined ဖြစ်ဖို့လိုသလို၊ နေ့စဉ်မနက်တိုင်း ကိုယ့်တစ်နေ့တာအတွက် ကြိုတင်စဉ်းစား Plan ချပြီးမှ လုပ်ငန်းခွင်ဝင်တာ ကောင်းပါတယ်။

သတိပေးချက်တွေကို ပိတ်ထားပါ (Notifications) . . .

Smartphone တွေသုံးတဲ့အခါ ကိုယ်သုံးတဲ့လူမှုကွန်ရက်အမျိုးမျိုးက ကိုယ့်ကိုအချိန်ပြည့် Notify လုပ်တယ်။ အသံလေးတွေနဲ့ Noti တက်လာရင် ကိုယ်ကကြည့်ချင်တယ်။ အလုပ်လုပ်တဲ့အချိန်မှာ ဖုန်းကိုဘေးမှာထားပြီး အသံကြားတိုင်း ဖုန်းသုံးလိုက် အလုပ်လုပ်လိုက်ဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်တစ်ခုခုကို Focus လုပ်ဖို့လိုနေပြီဆိုရင် (အစည်းအဝေးတက်တဲ့အခါမှာ) Notification တွေကို Off လုပ်ထားသင့်ပါတယ်။

မိနစ်ကိုးဆယ်အချိန်အပိုင်းအခြားလေးတွေနဲ့ အလုပ်လုပ်ပါ (Work in 90 minutes intervals) . . .

အလုပ်ကို မိနစ်ကိုးဆယ်လောက်လုပ်ပြီးတဲ့အခါကျရင် ခဏနားပါ။ တစ်နာရီခွဲလောက်ဆက်တိုက် လူတစ်ယောက်က ဦးနှောက်၊ စိတ်၊ လူ Focus ထားပြီး အလုပ်လုပ်ပြီးရင် အဲဒီထက် ကျော်လာတဲ့အခါ သူ့ Performance ကျပါတော့မယ်။ မိနစ်ကိုးဆယ်အလုပ်လုပ်ပြီးတိုင်းမှာ မတ်တတ်ရပ်အညောင်း အညာဖြေတာမျိုး လုပ်တာကောင်းပါတယ်။ Physical Performer အားကစားသမားတွေကို လေ့လာချက်အရတွေ့ရှိတာတစ်ခုက မိနစ်ကိုးဆယ်အပြင်းအထန် ကိုယ်လုပ်လှုပ်ရှားမှုလုပ်ပြီး ခဏနား၊ နောက်ထပ်မိနစ်ကိုးဆယ်ဆက်လုပ်တဲ့ပုံစံနဲ့ လေ့ကျင့်တဲ့ အားကစားသမားတွေက တောက်လျှောက် လေးငါးနာရီဆက်ပြီးတော့ လေ့ကျင့်တတ်တဲ့သူတွေထက် ပိုသာပါတယ်။ ပိုအကျိုးဖြစ်ထွန်းမှုမြန်ဆန်ပါတယ်။ စွမ်းရည်လည်း ပိုတက်လာတာ တွေ့ရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှာ Top Performer ဖြစ်ချင်တဲ့သူတွေ စိတ်ရောလူရော ပင်ပန်းမသွားချင်ဘူးဆိုရင်တော့ မိနစ်ကိုးဆယ်လောက် ကိုယ်ကတစ်ခုခုကို Focus လုပ် ပြီးသွားရင်တော့ Freshing Up ကိုယ့်ကိုယ်ကိုယ် ပြန်လုပ်ပါ။

အလုပ်စားပွဲက ကိုယ့်အတွက်စိတ်ချမ်းမြေ့စရာ ဖြစ်နေပါစေ . . .

ကြည့်လိုက်တာနဲ့ ကိုယ့်အတွက် စိတ်ချမ်းသာစရာဖြစ်မယ့်အရာကို ရုံးခန်းထဲမှာ၊ အလုပ်စားပွဲပေါ်မှာ ထားစေချင်ပါတယ်။ ဆိုလိုတာကတော့ မိမိရဲ့အလုပ်စားပွဲကို ပြန်လာချင်အောင်၊ ထိုင်ပြီးအလုပ်လုပ်ချင်အောင်လို့ ကိုယ့်ကိုစိတ်ချမ်းသာ ပျော်ရွှင်စေလောက်မယ့်အရာမျိုး ကိုယ်တိုင်ရှာဖွေထားဖို့ပါပဲ။

အနှောင့်အယှက်တွေကို ရှောင်တတ်ပါ . . .

အလုပ်မှာ Interruption အမျိုးမျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်။ အလုပ်များနေချိန် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ကိုယ့်စားပွဲနား မတ်တတ်ရပ် စကားလာပြောတာမျိုးဖြစ်ပါတယ်။ အဲဒီအခါမှာ ချိုသာစွာငြင်းဆိုပါ၊ ပြန်လည်ချိန်းဆိုပါ။ ကိုယ်ကအားနာစိတ်နဲ့လက်ခံမိခဲ့ရင်၊ ကိုယ့်ရဲ့အလုပ်ပေါ် Focus လုပ်ထားမှုပျက်သွားရင် Productivity ကျသွားပါတယ်။ Brief Interruption တွေ၊ ခဏလေး စကားပြောမှာပါဆိုတာမျိုးတွေလည်း လက်မခံပါနဲ့။ ဖြစ်နိုင်ရင်၊ လိုအပ်ရင် တံခါးပိတ်အလုပ်လုပ်သင့်ရင် လုပ်ပါ။

ဦးမျိုးသန်း ၊ HR & Learning and Development Practitioner