အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ Hilton ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုဥက္ကဌ William Costley နှင့် တွေ့ဆုံခြင်း

WilliamCostley1

Hilton ရဲ့ အရှေ့တောင်အာရှမှာ လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းတွေအကြောင်း ပြောပြပေးပါ . . .

အခုချိန်မှာ Hilton ဟာ အရှေ့တောင်အာရှဒေသတစ်ဝန်းမှာ ဟိုတယ် ၂၇ ခုကို လုပ်ကိုင်နေပါတယ်။ အထူးသဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ မော်လ်ဒိုက်နဲ့  ဖိလစ်ပိုင်နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒီဒေသအတွင်း လောလောဆယ်မှာ အခန်းပေါင်း ၈,၅၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှမှာ နောက်ထပ်ဟိုတယ် ၃၃ ခု ဆောက်ဖို့ စီစဉ်နေပါတယ်။

အရှေ့တောင်အာရှရဲ့ ခရီးသွားလုပ်ငန်း ဈေးကွက်ဖွံ့ဖြိုးမှုအလားအလာကို သုံးသပ်ပြပါ . . .

အရှေ့တောင်အာရှဟာ တော်တော်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအခြေခံတွေက ဖွံ့ဖြိုးမှုရှိလိမ့်မယ်ဆိုတာကို ညွှန်ပြနေလို့ပါပဲ။ အကြောင်းတစ်ခုကတော့ အဲဒီမှာအရွယ်အစားကြီးမားပြီး လျင်လျင်မြန်မြန် ကြီးထွားလာနေတဲ့ လူလတ်တန်းစားအုပ်စု ရှိနေတာပါပဲ။ အဲဒီလူလတ်တန်းစားတွေဟာ ၂၀၂၀ ပြည့်နှစ်ကိုရောက်ရင် နှစ်ဆကျော်တိုးပြီး သန်းပေါင်းလေးရာ ဖြစ်လာလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။ အဲဒါက တခြားဆန္ဒတွေနဲ့အတူ ခရီးသွားဖို့ ဆန္ဒလည်း ပြင်းပြနေတဲ့ တက်ကြွတဲ့ စားသုံးသူလူတန်းစားတစ်ရပ်ကို ဖန်တီးပေးနေပါတယ်။ ပြီးတော့ ဒီဒေသရဲ့ သဘာဝနဲ့ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုတွေကြောင့် ပြည်တွင်းခရီးစဉ်တွေက အပြည်ပြည်ဆိုင်ရာ ခရီးစဉ်တွေကို ကျော်လွှားသွားမယ့် အားကောင်းတဲ့ အလားအလာတွေကို ကျွန်တော်တို့တွေ့နေရပါတယ်။ အဲဒါကြောင့် အခုအချိန်မှာတောင် အရှေ့တောင်အာရှ ခရီးသွားလာရေး လုပ်ငန်းဈေးကွက်ဟာ GDP ထဲကို ဖြည့်ဆည်းပေးမှုနဲ့တွက်ရင် ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ကမ္ဘာမှာ ဒုတိယ အဆင့်ကိုရောက်နေတာ ဖြစ်ပါတယ်။ နောက်ဆယ်နှစ်အတွင်းမှာ အဲဒီဖြည့်ဆည်းမှုဟာ နှစ်စဉ် ၅ ဒသမ ၈ ရာခိုင်နှုန်း ဆက်တိုးသွားပြီး ၂၀၂၆ ခုနှစ်မှာ GDP ရဲ့ ၁၃ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သွားလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။

အာဆီယံစီးပွားရေးအသိုက်အ၀န်းဆီကို ဦးတည်ပြီးသွားနေတဲ့ အရှိန်အဟုန်ဟာလည်း ဒီလုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့သြဇာသက်ရောက်မှု တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအသိုက်အ၀န်းဟာ လူတွေနဲ့ အရင်းမြစ်တွေကို ဒေသအတွင်းမှာ ပိုပြီးလွတ်လွတ်လပ်လပ်ရွှေ့ပြောင်းသွားလာနိုင်အောင် ကူညီပေးလို့ပဲဖြစ်ပါတယ်။ ပိုပြီးများတဲ့စီးပွားရေးနဲ့ ယဉ်ကျေးမှုဖလှယ်မှုတွေဟာ ဒေသတွင်းခရီးသွားလာမှုအတွက် အရေးပါတဲ့လိုအပ်ချက်တစ်ခုကို ဖန်တီးပေးပြီး ကြားခံဖြစ်တဲ့ ဧည့်လုပ်ငန်းကဏ္ဍရဲ့ရှေ့အလားအလာကို ရေရှည်မှာအားကောင်းအောင် လုပ်ပေးပါလိမ့်မယ်။

အခုဆိုရင် Hilton ဟာ နေပြည်တော်နဲ့ ငပလီမှာ ဟိုတယ်နှစ်ခုလုပ်ကိုင်တယ်။ နောက်ထပ် Hilton အနေနဲ့  မြန်မာနိုင်ငံအတွင်းမှာ ထပ်လုပ်သွားမယ့် ဟိုတယ်ပရောဂျက်တွေကို ပြောပြပေးပါ . . .

၂၀၁၄ ခုနှစ်၊ ဇွန်လတုန်းက မြန်မာနိုင်ငံထဲက အဓိကခရီးသွားမယ့်နေရာတွေမှာ အဆောက်အအုံငါးခုကိုဖွင့်ဖို့  Eden Group အရေးပါတဲ့သဘောတူညီချက်တစ်ခုကို ကျွန်တော်တို့ လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက Hilton Nay Pyi Taw နဲ့ Hilton Ngapali Resort & Spa ဟိုတယ်နှစ်ခုကို ကျွန်တော်တို့ ဖွင့်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မန္တလေး၊ ပုဂံနဲ့ အင်းလေးမှာ ဟိုတယ်စီမံကိန်းတွေကို လုပ်ကိုင်နေပါပြီ။

ဈေးကွက်အစိတ်အပိုင်းတော်တော်များများကို ဆွဲဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ထင်ရှားတဲ့ ကမ္ဘာ့အဆင့်မီ Brand ၁၃ ခုကိုသုံးပြီး မြန်မာနိုင်ငံမှာခြေကုပ်ရတဲ့ ကျွန်တော်တို့ရဲ့နေရာကို ရှင်သန်ကြီးထွားစေမယ့် အခွင့်အလမ်းသစ်တွေကို ကျွန်တော်တို့ ဆက်ပြီး စူးစမ်းရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် ကိုယ်ပိုင်အမြင်နဲ့အတူ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးရေးအတွက် ဘာတွေကို ပြောင်းလဲဖို့ လိုအပ်ပါသလဲ . . .

မြန်မာနိုင်ငံဟာ တခြားပေါ်ထွန်းစ စီးပွားရေးအဆောက်အအုံတွေ အားလုံးမှာလိုပဲ သူ့ရဲ့အင်မတန်ကြီးမားတက်ကြွတဲ့ အလားအလာအတူဒွန်တွဲပါလာတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ ပိုပြီးတော့လည်း ကြီးထွားလာနေပါတယ်။ အဆင့်တွေ တော်တော်များများမှာ စိန်ခေါ်မှုတွေရှိပြီး အဲဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြတ်သန်းဖို့ အချိန်နည်းနည်း လိုပါလိမ့်မယ်။ အဲဒီ စိန်ခေါ်မှုတွေထဲမှာ ထောက်ပံ့ဖြည့်တင်းရေးကွင်းဆက်(Supply Chain)၊ ဘဏ်လုပ်ငန်းစနစ်၊ အင်တာနက်ချိတ်ဆက်မှုနဲ့ သုံးစွဲခွင့်ရမှု၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းဆိုင်ရာပတ်ဝန်းကျင်တွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေ ပါဝင်ပါတယ်။ ကျွမ်းကျင်မှုစွမ်းရည် မလုံလောက်မှုဟာ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပြီး အဲဒီစိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကနဦးစွမ်းဆောင်ရည် တည်ဆောက်ရေးလုပ်ငန်းတွေအများကြီးနဲ့ ကျွန်တော်တို့က ကူညီမယ်လို့ ဆုံးဖြတ်ထားပါတယ်။

အဲဒီလုပ်ငန်းမှာ လူတွေဟာအဓိကကျတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အထူးသဖြင့် ဧည့်လုပ်ငန်းမှာ ဘယ်လိုအဆောက်အအုံတွေ၊ ပစ္စည်းပစ္စယတွေထက်မဆို လူတွေက ထူးခြားတဲ့အတွေ့အကြုံကို ပိုပြီးဖန်တီးပါတယ်။ အဲဒါကြောင့် ဟိုတယ်တွေတည်ဆောက်တာကို လွန်သွားတဲ့ ကျွန်တော်တို့ရဲ့ပထမအဆင့်တစ်ခုဟာ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနကတစ်ဆင့် လူပိုင်းဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုပေးဖို့ ဖြစ်ပါတယ်။ ဒါဟာကြောက်စရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုလို့ ထင်ရပေမဲ့ စွမ်းရည်ဖွံ့ဖြိုးမှုအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ အခွင့်အလမ်းတွေ ပေးအပ်ရေးအပေါ်မှာ Hilton က အထူးအလေးပေးထားပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ လေ့ကျင့်သင်ကြားရေး ကနဦးလုပ်ငန်းတွေဟာ မြန်မာအသိုက်အ၀န်းတွေအပေါ်မှာ ပိုပြီးတာရှည်ခံတဲ့ အကျိုးသက်ရောက်မှုတစ်ခု ချန်ထားခဲ့လိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။

ဒီလုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ တွဲဖက်လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်တဲ့ Eden Group ဟာ မယုံနိုင်လောက်အောင် အထောက်အကူပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးဖြစ်တဲ့အတွက် သတင်းအချက်အလက် နည်းပညာ (IT)၊ လူသားအရင်းအမြစ် (HR) နဲ့  စက်မှုပညာပိုင်းတွေကို ကူညီပံ့ပိုးဖို့အတွက် ကျွန်တော်တို့အတွင်းထဲမှာ အများကြီးရှိနေတဲ့ ပညာပိုင်းဆိုင်ရာ သီးသန့်နယ်ပယ်အမျိုးမျိုးထဲက ကျွမ်းကျင်မှုအရင်းအမြစ်တွေကို ပြန်ပြီးထုတ်ယူလို့လည်း ရပါတယ်။

စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ကို ကူညီပြီး သတင်းအချက်အလက်နဲ့ အင်တာနက်ကွန်ရက် ပံ့ပိုးမှုတွေ အများကြီးပေးခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြည့်မယ်ဆိုရင် 'မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူဌာန' (MRCB) နဲ့ အမေရိကန်၊ ဗြိတိသျှနဲ့ သြစတြေးလျအသင်းတွေလို ကုန်သည်ကြီးများအသင်းတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ စီးပွားရေးအသိုက်အ၀န်းထဲမှာ တက်တက်ကြွကြွရှိကြပြီး စီးပွားရေးလုပ်ငန်းတွင်း လူမှုရေးတာဝန်ယူမှုကို ထောက်ခံအားပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။

Eden နဲ့ Hilton ဖက်စပ်လုပ်ကိုင်တဲ့အခါ အားသာချက်တွေနဲ့ နိုင်ငံတကာဟိုတယ်လုပ်ငန်းလုပ်ကိုင်သူနဲ့  ပူးတွဲလုပ်ကိုင်ခြင်းနဲ့ ပတ်သက်ပြီး ဒေသခံလုပ်ငန်းလုပ်ကိုင်သူတွေကို အကြံပြုချက် . . .

ကျွန်တော်တို့နဲ့ Eden နဲ့ ပူးတွဲလုပ်ကိုင်မှုဟာ ဖက်စပ်လုပ်ငန်းတစ်ခုမဟုတ်ဘူးဆိုတာကို ပထမဆုံးအနေနဲ့  ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းပြောပြထားချင်ပါတယ်။ ကျွန်တော်တို့နဲ့ Eden နဲ့ လုပ်ထားတာက ဟိုတယ်စီမံခန့်ခွဲမှု သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ဟာ မြန်မာနိုင်ငံနဲ့ ဒီဒေသတွင်းမှာ ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးရေးမဟာဗျူဟာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မှန်ကန်တဲ့စီးပွားဖက်တွေနဲ့ အခွင့်အလမ်းတွေကို ဖော်ထုတ်ပြီး စီမံခန့်ခွဲမှုသဘောတူညီချက်တွေ ရယူရေးအပေါ်မှာ ဇောင်းပေးခဲ့ပါတယ်။ အဲဒီလိုသဘောတူညီချက်တွေရအောင် လုပ်ကိုင်တဲ့နေရာမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ပိုင်ရှင်တွေကို သူတို့ရဲ့မြေ၊ အဆောက်အအုံနဲ့ ဈေးကွက်အတွက် မှန်ကန်တဲ့ Brand ကိုပေးခဲ့ပါတယ်။ ဒီလုပ်ငန်းထဲမှာ အကောင်းဆုံးအကျိုး မြတ်တွေကိုပြန်ပေးပြီး သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ဖန်တီးခဲ့ပါတယ်။ ဆောက်လုပ်ရေးကစပြီး လုပ်ငန်းဆောင်ရွက်တဲ့အထိ ခိုင်မာတဲ့ကူညီပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အောင်မြင်တဲ့ဟိုတယ်လုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲဖို့အတွက် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရှိတဲ့ပိုင်ရှင်တွေ၊ အကောင်းဆုံး အဆင့်အတန်းတွေကိုပေးပြီး ကမ္ဘာ့ဧည့်ခံအကောင်းဆုံးကုမ္ပဏီ ဖြစ်ဖို့ ကျွန်တော်တို့ရဲ့တာဝန်ကို မျှဝေယူတဲ့ ပိုင်ရှင်တွေကိုလည်း ကျွန်တော်တို့ ရှာဖွေကြပါတယ်။ စစ်မှန်တဲ့ အမြော်အမြင်ရှိသူတစ်ယောက်ဖြစ်တဲ့ ဦးချစ်ခိုင်က ဥက္ကဋ္ဌအဖြစ်ရှိနေတဲ့ Eden Group ဟာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စီးပွားဖက်ဖြစ်ခဲ့ပါတယ်။ Eden ရဲ့အကူအညီသာမပါခဲ့ရင် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အောင်မြင်မှုရခဲ့မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာရှိနေတဲ့ ဧည့်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းဈေးကွက် အလားအလာအပေါ်အမြင် . . .

ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့ GDP ထဲမှာ ခရီးသွားလုပ်ငန်းရဲ့ ပါဝင်ဖြည့်ဆည်းမှုဟာ နောက်ဆယ်နှစ်အတွင်းမှာ နှစ်စဉ် ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာမယ်လို့ တွက်ထားပါတယ်။ အဲဒီနှုန်းဟာ ကမ္ဘာမှာဒုတိယအမြန်ဆုံးရေရှည်တိုးတက်မှုနှုန်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ခရီးသည်ရောက်ရှိမှုဟာ ပုံမှန်နှုန်းတစ်ခုနဲ့ တိုးတက်လာခဲ့တာ သေချာပါတယ်။ နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံရဲ့ လှပတဲ့တောတောင်ရေမြေရှုခင်းတွေရဲ့ ပင်ကိုသဘာဝအပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်လာပါတယ်။ အဲဒီအထဲမှာ ငြိမ်သက်အေးချမ်းတဲ့ အင်းလေးဒေသကစပြီး ပူပြင်းခြောက်သွေ့တဲ့အရပ်က ပုဂံကဘုရားစေတီ ပုထိုးတွေအထိ ပါဝင်ပါတယ်။ အဲဒီစေတီပုထိုးတွေကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်ပြုပြင်မှုတွေလုပ်ဖို့ စီစဉ်နေကြပါတယ်။

အခုအချိန်မှာ တောင်းဆိုမှုတွေမြင့်မားပြီး ရင်းနှီးမြှုပ်နှံမှုတွေ အမြန်တိုးတက်နေတာက ခရီးသွားရတဲ့ ကုန်ကျစရိတ်တွေ မြင့်တက်မယ့် လက္ခဏာရှိကောင်းရှိနိုင်ပေမယ့် ခရီးသွားမယ့်နေရာရဲ့ အထူးတလည်ဆန်းသစ်မှုကြောင့် ခရီးသည်တွေဆီက ရေရှည်အကျိုးစီးပွားတွေကို ရလာမယ့်ပုံပေါ်ပါတယ်။ ဒါဆိုရင် အရေးကြီးတာက ဧည့်သည်တွေ တွေ့ကြုံရမယ့်အဆင့်အတန်းတွေကို မြှင့်တင်ပြီး ထိန်းသိမ်းထားရဲ့လားဆိုတာကို သေချာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ပင်မအစီအစဉ်ထဲမှာ ဖော်ပြထားတဲ့ လူတွေရဲ့စွမ်းရည်၊ ပစ္စည်းပိုင်းဆိုင်ရာနဲ့ အဖွဲ့အစည်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေကို မြှင့်တင်ထားမှုတွေဟာ အားရစရာကောင်းတဲ့ ပထမအဆင့် ဖြစ်ပါတယ်။

အောင်မြင်တဲ့ ဟိုတယ်တစ်ခုဖြစ်ဖို့အတွက် အရေးအကြီးဆုံးအချက်တွေနဲ့ Hilton Brand ကို တည်ဆောက်ဖို့အတွက် ဘယ်လိုကြိုးစားအားထုတ်ပါသလဲ . . .

ထိပ်တန်းဟိုတယ် Brand တစ်ခုဟာ ဧည့်သည်တွေနဲ့ လိုက်ပါသွားမယ့် အောက်မေ့သတိရစရာတွေနဲ့ နောက်တစ်ခါ ပြန်လာချင်စရာကောင်းအောင် ထူးခြားတဲ့အတွေ့အကြုံတွေကို ဖန်တီးပေးပါတယ်။ ကျွန်တော့်ရဲ့အမြင်မှာတော့ အရေးကြီးတဲ့အချက်သုံးချက်က လူ၊ နေရာအပေါ်ခံစားမှုနဲ့ ဒီဇိုင်းနဲ့ နည်းပညာဖြစ်ပြီး နောက်ဆုံးအချက်ဖြစ်တဲ့ ဒီဇိုင်းနဲ့နည်းပညာဟာ ပထမနှစ်ချက်ကို မကြာခဏ အထောက်အကူပြုပါတယ်။

လူ ကမ္ဘာမှာဧည့်ခံအကောင်းဆုံးကုမ္ပဏီဖြစ်ဖို့အတွက် ဧည့်သည်တွေရဲ့ ရင်ထဲကို ထိသွားစေမယ့် ထူးခြားတဲ့ အတွေ့အကြုံတွေကိုဖန်တီးပေးဖို့ ကျွန်တော်တို့ အပင်ပန်းခံကြိုးစားနေကြပြီး ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေက ရှေ့တန်းတည့်တည့်မှာ ရှိနေကြပါတယ်။ သူတို့ရဲ့စစ်မှန်ပြီး အတွေးကောင်းတဲ့ ၀န်ဆောင်မှုတွေဟာ သူများနဲ့မတူတာတွေအားလုံးကို ဖန်တီးပေးပြီး ကျွန်တော်တို့ရဲ့ ဧည့်သည်တွေနဲ့အတူ အကြာကြီးဆက်ပြီး ပါသွားပါတယ်။ အဲဒါကြောင့် ဧည့်သည်တွေကို အမှတ်ရစရာထူးခြားတဲ့အတွေ့အကြုံတစ်ခုပေးဖို့  မှန်ကန်တဲ့ကျွမ်းကျင်မှုတွေနဲ့ မြန်မာနိုင်ငံကလူတွေရဲ့ အရည်အချင်းတွေကိုမွမ်းမံပေးဖို့အတွက် Hilton လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနမှာ ကျွန်တော်တို့က များများစားစားရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။

နေရာ အပန်းဖြေဖို့ဖြစ်ဖြစ်၊ အလုပ်အတွက်ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ဧည့်သည်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ရှိချင်တဲ့နေရာမှာ ကျွန်တော်တို့ ရှိနေချင်ကြပါတယ်။ ကြီးထွားလာတဲ့ အာဆီယံစီးပွားရေးအသိုက်အ၀န်းရဲ့ သြဇာသက်ရောက်မှုနဲ့အတူ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက ကြီးထွားလာနေတဲ့ အကျိုးစီးပွားကိုမြင်တွေ့ရတာကို ကျွန်တော်တို့ စိတ်လှုပ်ရှားကြပါတယ်။ အဲဒါကြောင့် နေရာတစ်ခုရဲ့ ဒေသဆိုင်ရာအကြောင်းအရာအပေါ် အမြစ်တွယ်နေမှုဟာလည်း ဟိုတယ်အတွေ့အကြုံတစ်ခုကို ထူးခြားအောင် ဖန်တီးပေးပါတယ်။ အဲဒီလိုမဟုတ်ခဲ့ရင် အဲဒီဟိုတယ်ဟာ ကြားစခန်းတစ်ခုလောက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ Ngapali Resort & Spa ကို အခန်းတွေထဲက လှမ်းကြည့်ပြီး သာယာလှပတဲ့ ပင်လယ်ရှုခင်းတွေကို မြင်ရတဲ့ ပင်လယ်ကမ်းခြေပေါ်က အကောင်းဆုံး နေရာတစ်ခုဖြစ်အောင်ဖန်တီးဖို့ ပုံစံထုတ်ထားပါတယ်။ အဲဒီလိုပဲ အလတ်ဆတ်ဆုံးဟင်းလျာတွေ၊ အရည်အသွေး အကောင်းဆုံးဒေသထွက်ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ပင်လယ်စာတွေနဲ့ အဖျော်ယမကာတွေကို တည်ခင်းပေးဖို့လည်း ကြိုးစားထားပါတယ်။

ဆန်းသစ်တီထွင်မှု ဆန်းသစ်တီထွင်မှုကို စိတ်ကူးကောင်းကောင်းနဲ့ အကောင်အထည်ဖော်ခြင်းဟာ ဧည့်သည်ရဲ့ထူးခြားတဲ့ အတွေ့အကြုံကို မြှင့်တင်ပေးနိုင်တဲ့အတွက် အသိအမြင်များနေတဲ့ ဒီခေတ်ခရီးသည်တွေအတွက် ပိုပိုပြီး အရေးကြီးလာနေပါတယ်။ ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့ ဟိုတယ်ပေါင်းများစွာမှာရှိတဲ့ Hilton Honors အဖွဲ့ဝင်တွေဟာ သူတို့ရဲ့လက်ကိုင်ဖုန်းတွေနဲ့ ဟိုတယ်ကို ကြိုတင်စာရင်းပေးထားကြပါတယ်။ သူတို့ကြိုက်တဲ့အခန်းတွေကို တိုက်ရိုက်ရွေးချယ်ကြပါတယ်။ ပြီးရင်ဒစ်ဂျစ်တယ်သော့ကို သုံးကြပါတယ်။ ဒီပုံစံကို အာရှပစိဖိတ်ဒေသမှာ ၂၀၁၇ ခုနှစ်ကစပြီး သုံးတော့မှာဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ ဘယ်အပိုင်းက စိန်ခေါ်မှုအများဆုံးနဲ့ အခက်အခဲဆုံးအပိုင်း ဖြစ်ပါသလဲ . . .

လူတွေကို ပြုစုပျိုးထောင်ရတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်က ဒီအပိုင်းကို သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ်တွေနဲ့ ဖွံ့ဖြိုးရေးအခွင့်အလမ်းတွေဟာ ဘ၀တွေနဲ့ လူ့အသိုက်အ၀န်းတွေကို ပြောင်းလဲပစ်နိုင်ကြလို့ပါပဲ။ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတစ်လွှားက ဟိုတယ်တွေမှာ ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေကို ကျွန်တော်တွေ့တဲ့အခါ ဒီထိရောက်မှုကို ကျွန်တော်ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့လူတွေဟာ လုပ်ငန်းအောင် မြင်ရေးအတွက် အချက်အချာကျတာအမှန်ပါပဲ။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာက ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေရဲ့ ဇာတ်လမ်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်က ကျွန်တော့်ကို အံ့အားသင့်စေခဲ့တာပါပဲ။ အဲဒီဇာတ်လမ်းတွေကတော့ သူတို့ရဲ့ တိမ်မြုပ်နေတဲ့ပင်ကိုစွမ်းရည်တွေကို သူတို့ရှာဖွေတွေ့ရှိနေကြတဲ့ဇာတ်လမ်းတွေ၊ သူတို့ရဲ့အလုပ်တွေထဲမှာ တွန်းအားနဲ့ စိတ်ဓာတ်တက်ကြွမှုတွေကို ရှာဖွေတွေ့ရှိနေကြတဲ့ဇာတ်လမ်းတွေနဲ့ ကျွန်တော်တို့ တိုးချဲ့လိုက်တဲ့ လုပ်ငန်းတွေထဲက မတူကွဲပြားတဲ့အခွင့်အလမ်းတွေကြောင့် သူတို့ရှင်သန်နေကြတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။

Hilton လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနအကြောင်းလည်း ပြောပြပေးပါ . . .

မြန်မာနိုင်ငံလို အခြေတည်စစီးပွားရေးအဆောက်အအုံတစ်ခုထဲမှာ ကျွန်တော်တို့ရဲ့တည်ရှိမှုကို နိုင်ငံရဲ့ကြီးထွားနေတဲ့ ခရီးသွားလုပ်ငန်းရဲ့ ဖွံ့ဖြိုးရေးမှာ ပါဝင်ဆောင်ရွက်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ်မြင်သလို၊ အလုပ်ကောင်းကောင်းတွေရဖို့နဲ့ ရေရှည်မှာအောင်မြင်ဖို့ သူတို့ရဲ့ကျွမ်းကျင်မှုတွေနဲ့  ထူးခြားတဲ့အတွေ့အကြုံတွေကို ဖော်ထုတ်ဖို့အတွက် စွမ်းရည်တွေရဲ့ အစုအဝေးတစ်ခုကို ပြုစုပျိုးထောင်ပြီး ဒီနေ့လူငယ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ အခွင့်ကောင်းတွေပေးဖို့ အခွင့်အလမ်းတစ်ခုအဖြစ်လည်းမြင်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ အလုပ်အကိုင်စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးထားပြီး ဒီကိန်းဂဏန်းကို မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအလုံးစုံဖွံ့ဖြိုးမှုနဲ့ တစ်ပြေးညီဖွံ့ဖြိုးပြီး ၂၀၂၆ ခုနှစ်မှာ ၆ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်လာအောင် ချမှတ်ထားပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ Eden Group တွေနဲ့ ကျွန်တော်တို့ပူးပေါင်းပြီး၊ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနကို ပြီးခဲ့တဲ့နှစ်က ဖွင့်ခဲ့ပါတယ်။ ဧည့်လုပ်ငန်းကို သူတို့ရဲ့အောင်မြင်တဲ့ အလုပ်အကိုင်တစ်ခုဖြစ်အောင်မွမ်းမံပေးဖို့ ကျောင်းသား ၃၀ ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီဌာနဟာ ကမ္ဘာ့ဧည့်လုပ်ငန်းအုပ်စုက မြန်မာနိုင်ငံမှာ ပထမဆုံး တည်ထောင်တဲ့ဌာနဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်း ဆောင်ရွက်မှုကိုခေါင်းဆောင်မယ့် နောက်ထပ်ခေါင်း ဆောင်မျိုးဆက်တစ်ခုကိုဖော်ထုတ်ပြီး မြန်မာနိုင်ငံက အလျင်အမြန် ကြီးထွားနေတဲ့လုပ်ငန်းထဲကိုဝင်ဖို့ အသင့်ဖြစ်နေတဲ့ စွမ်းရည်ရှိတဲ့လူငယ်တွေ လိုအပ်ချက်ကို ပြည့်ဝစေဖို့ ရည်ရွယ်တဲ့ ၂၄ လသင်တန်းအစီအစဉ်တွေကို ဒီဌာနက စီစဉ်ပေးနေပါတယ်။ အောင်မြင်တဲ့ သင်တန်းဆင်းတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနကထောက်ခံပေးတဲ့ ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးပြီး ဒေသအမျိုးမျိုးမှာရှိတဲ့ Hilton ရဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ပေးပါလိမ့်မယ်။

စွမ်းရည်ဖွံ့ဖြိုးရေးအတွက် တခြားဘာအစီအစဉ်များရှိပါသေးလဲ . . .

Hilton လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ပထမနှစ် ပြီးစီးသွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့သင်တန်းသားတွေဟာ ကျွမ်းကျင်မှုတွေကို ထိထိရောက်ရောက် သင်ယူလက်ခံကျင့်သုံးကြရဲ့လားဆိုတာကို သေချာအောင်လုပ်ဖို့ ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တိုကလေးအတွင်းမှာတောင် အားရစရာကောင်းတဲ့ တုံ့ပြန်မှုတွေအရ Hilton လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးဌာနရဲ့ ရှေ့အလားအလာတွေကို တွေ့နေရပါပြီ။ အဲဒီအလားအလာတွေကတော့ စွမ်းရည်ဖွံ့ဖြိုးရေးမှာ ဒေသတစ်ခုလုံးအတွက် စံပြအဖြစ်ဖြည့်ဆည်းပေးမယ့် အလားအလာနဲ့ ဒီလုပ်ငန်းကြီးထဲက စွမ်းရည်ဖွံ့ဖြိုးရေးလေ့ကျင့်မှုအတွက် အဆင့်အတန်းတွေကို သတ်မှတ်ပေးမယ့် အလားအလာတွေပဲ ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့