အလုပ်အင်တာဗျူးကို ထိခိုက်နိုင်တဲ့  အကျင့် ၂၁ မျိုး

အလုပ်အင်တာဗျူးတွေဟာ ကိုယ့်အနိမ့်ဆုံးအရည်အသွေးလေးတချို့ကို ပြသဖို့ အဓိကအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ကပိုကရို ၀တ်ဆင်မှု၊ ဒါမှမဟုတ် အကောင်းမမြင်မှုစတဲ့ အကျင့်တွေကို ၀န်ထမ်းငှားရမ်းရေးမန်နေဂျာတွေက ကောင်းကောင်းမြင်နိုင်ပါတယ်။ အလုပ်အင်တာဗျူးမှာ ရှောင်ရှားသင့်တဲ့ အကျင့်ဆိုး ၂၁ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်စာမလုပ်ခြင်း

အလုပ်ရှင်တွေက လစ်လပ်ရာထူးနဲ့ ၎င်းတို့ရဲ့ ကုမ္ပဏီနဲ့သက်ဆိုင်တဲ့ တာဝန်ဝတ္တရားတွေကို အလုပ်လျှောက်သူတွေ သိထားခြင်းရှိ မရှိ မှတ်သားပါတယ်။ အဲဒါတွေကို သိထားတယ်ဆိုရင် အလုပ်ကို ငမ်းငမ်းတက်လိုချင်လို့ မဟုတ်ဘဲ အချက်အလက်ကိုစဉ်းစားပြီးမှလျှောက်ဖို့ ဆုံးဖြတ်တာဖြစ်ကြောင်း ပေါ်လွင်တယ်လို့ Career Builder ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနဥက္ကဋ္ဌ ရို့(စ်)မေရီ ဟက်(ဖ်)နာက ပြောပါတယ်။

၂။ မနက်စာ အလွတ်ခံခြင်း

နံနက်စာဟာ တစ်နေ့တာအတွက် အရေးကြီးဆုံးအစာ ဖြစ်ပါတယ်။ မနက်အိပ်ရာကနိုးတဲ့အခါ နာရီပေါင်းဆယ်နာရီမှ ၁၂ နာရီအတွင်း ဘာမှမစားထားရသေးပါဘူး။ သွေးတွင်းသကြားဓာတ်နည်းနေတဲ့အခါ အာရုံစိုက်ဖို့ ပိုခက်ခဲပြီး နွမ်းနယ်နေကာ စိတ်မရှည်လို့ အင်တာဗျူးမှာ အကောင်းဆုံးဖြေနိုင်မှာ မဟုတ်ဘူးလို့ ဓာတ်စာပညာရှင်/ ကျန်းမာရေးဆိုင်ရာ ဘ၀နေမှုဟန်ကျွမ်းကျင်သူ လီဆာဒီဖာဇီယိုက ပြောပါတယ်။

၃။ ဆေးလိပ်နှင့် အရက်သောက်ခြင်း

အလုပ်အင်တာဗျူးမ၀င်ခင် ဆေးလိပ်လုံးဝမသောက်ပါနဲ့။ ကိုယ့်ကို 'ဗျူး' တဲ့သူဟာ ဆေးလိပ်သောက်သူဖြစ်ခဲ့ရင် ကိစ္စမရှိပေမယ့် ဗျူးသူအများစုဟာ ဆေးလိပ်ဖြတ်ထားသူတွေဖြစ်တော့ ဆေးလိပ်နံ့ရကြလိမ့်မယ်။ အင်တာဗျူးမ၀င်ခင် အရက်သောက်ထားတာလည်း မကောင်းပါဘူးလို့ စာရေးဆရာမ 'ဗစ်ကီအော်လီဗား' က ပြောပါတယ်။

၎။ နောက်ကျခြင်း

အင်တာဗျူးဝင်မယ်ဆိုရင် နောက်ကျမရောက်ပါစေနဲ့။ ကိုယ်က တာဝန်မယူနိုင်ဘူး။ ဒီကိစ္စကို အလေးမထားဘူး။ သူတို့ရဲ့အချိန်ကို တန်ဖိုးမထားဘူးလို့ ၀န်ထမ်းငှားရမ်းရေး မန်နေဂျာက ထင်ပါလိမ့်မယ်။ ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ် ကြိုရောက်ပါစေ။

၅။ တစ်ကိုယ်ရေသန့်ရှင်းသပ်ရပ်မှုမရှိခြင်း။ အိမ်မှာရေပြတ်နေလည်း အင်တာဗျူးဝင်မယ်ဆိုရင် ရေချိုးဖြစ်အောင်ချိုးသွားပါ

ကိုယ့်ပြောင်မြောက်တဲ့ စကားလုံးတွေ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ညှီစော်နံတဲ့ကိုယ်၊ ဘယ်ဟာအပေါ်ဗျူးသူကို အာရုံစိုက်စေချင်သလဲ။ ကိုယ့်အသွင်အပြင်မကောင်းမှုဟာ အလုပ်အကိုင်နဲ့ လုပ်ငန်းခွင်မှာ အင်အားစိုက်မှုလျော့နည်းမယ့် လက္ခဏာဖြစ်စေပါတယ်။

၆။ သင့်တင့်လျှောက်ပတ်စွာ ၀တ်ဆင်ခြင်း

လိုချင်တဲ့အလုပ်အတွက် ၀တ်ဆင်ပါ။ ကိုယ့်မှာရှိတဲ့ အလုပ်အတွက်သာ မ၀တ်ဆင်ပါနဲ့လို့ ပြောကြတယ်။ ဖြစ်ကတတ်ဆန်းဝတ်ဆင်မှုက ကိုယ့်အနီးအနားရှိလူတွေကို အထင်သေးစေတယ်။ ပွဲတက်သလိုဝတ်ဆင်ရင် ကုမ္ပဏီယဉ်ကျေးမှုအကြောင်း သုတေသနမလုပ်ထားမှန်း အလုပ်ရှင်က ရိပ်မိတတ်ပါတယ်။

၇။ ငြီးငွေ့တဲ့အခါ ဖုန်းဖြင့်စာပို့ခြင်း

အင်တာဗျူးအတွက် နည်းနည်းစောပြီးရောက်လို့ ပျင်းတာနဲ့ ဖုန်းကိုင်နေတာက ကိုယ်ကတခြားတစ်နေရာမှာပဲ ရှိနေချင်တဲ့သဘောဖြစ်မယ်။ ဧည့်သည့်စောင့်ဆိုင်းခန်းအများစုမှာ မဂ္ဂဇင်းတွေချထားပေးပါတယ်။ ကုမ္ပဏီရဲ့ ကက်တလောက်/လမ်းညွှန်စာစောင်တွေရှိရင် ဖတ်ရှုခြင်းဖြင့် အဲဒီကုမ္ပဏီအပေါ် စိတ်ဝင်စားမှုကို ထင်ဟပ်ပြနိုင်ပါတယ်။

sepetiqutte2

၈။ လူရှေ့သူရှေ့ ဖြီးလိမ်းခြယ်သခြင်း

အင်တာဗျူးဝင်ခါနီး ကပျာကယာ ဖြီးလိမ်းခြယ်သမှုလုပ်ဖို့ အလှပြင်ပစ္စည်းဘူးလေး ယူသွားသင့်ပေမယ့် ဧည့်ကြိုခန်းမအတွင်း နှုတ်ခမ်းဆိုးခြင်း၊ ခေါင်းဖြီးခြင်းလုပ်မယ့်အစား စောစောကြိုရောက်ပြီး အင်တာဗျူးခါနီး နောက်ဆုံးတစ်ကြိမ် ဖြီးလိမ်းချင်ရင် သန့်စင်ခန်းထဲပြေးဝင်ပြီး လုပ်သင့်ပါတယ်။

၉။ ပစ္စည်းပစ္စယ အများအပြားယူဆောင်လာခြင်း

အင်တာဗျူးအတွက် ကိုယ်ရေးအကျဉ်းမိတ္တူနဲ့ လိုအပ်တဲ့ မှတ်တမ်းတစ်ချို့ကလွဲရင် အပိုတွေယူမလာပါနဲ့။ သောက်လက်စ ကော်ဖီဘူး၊ ဒါမှမဟုတ် ရေပုလင်းကို ကားပေါ်ထားရစ်ခဲ့ပြီး ဖုန်းကိုသိမ်းထားခြင်းဖြင့် လွတ်လပ်စွာ လက်ဆွဲနှုတ်ဆက်လို့ရပါတယ်။

၁၀။ မစဉ်းစားဘဲ ပြောဆိုခြင်း

ဒီအကျင့်က အင်တာဗျူးဖြေဆိုနေခိုက်မှာ လုံးဝမပြုသင့်ပါဘူး။ ဧည့်ကြိုစာရေး စာရေးမတွေဟာ ကုမ္ပဏီရဲ့ ပထမဆုံး နားနဲ့ မျက်စိဖြစ်လို့ သူတို့ကို စကားပြောမှားသွားရင် ၀န်ထမ်းငှားတဲ့ မန်နေဂျာတွေဆီ သတင်းပို့ပါလိမ့်မယ်။

ဧည့်ခန်းမှာ စောင့်နေကြောင်း 'အင်တာဗျူးမယ့်သူ' ကို ခဏခဏ အသိပေးခိုင်းတာ၊ စာရေးမလေးလှလို့ ရိသဲ့သဲ့ နှုတ်ဆက်တာမျိုး စတာတွေကိုလည်း ရှောင်သင့်ပါတယ်။

၁၁။ ရင်းနှီးဖော်ရွေမှု လွန်ကဲခြင်း

''ကိုယ့်ကို အလုပ်ခန့်သင့်၊ မခန့်သင့် ဆုံးဖြတ်မယ့်ပုဂ္ဂိုလ်နဲ့ မိတ်ဆက်တဲ့အခါ ဖော်ဖော်ရွေရွေရင်းနှီးလိုစိတ်နဲ့ နှုတ်ဆက်ပါ။ ''ဟေး…ဘယ်လိုလဲ'' ဆိုတာမျိုးလိုတော့ ရင်းနှီးသူမိတ်ဆွေတွေနဲ့ နှုတ်ဆက်သလိုတော့ မပြောလိုက်ပါနဲ့။

၁၂။ အဆိုးမြင်သဘောထားပြသခြင်း

ကိုယ့်ရဲ့အစွမ်းအစကို သံသယရှိမယ်။ ဒါမှမဟုတ် အဆိုးဆုံးရလဒ်ကိုသာ ကိုယ်မြင်မယ်ဆိုရင် အဲဒီအဆိုးမြင်သဘောထားကို 'အင်တာဗျူးသူ' က ရိပ်မိနိုင်ပါတယ်။ အင်တာဗျူးလုပ်နေချိန်အတွင်း အလုပ်ရှင်ဟောင်း၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် အမှုထမ်းဟောင်းတွေကို အပုပ်မချပါနဲ့။ အင်တာဗျူးတဲ့အခါ ယုံကြည်မှု၊ နှိမ့်ချမှု၊ အပြုံးတို့နဲ့ဝင်ရောက်ပြီး စိတ်ထက်သန်မှု နည်းနည်းလေး ပြသပါ။

၁၃။ တောင်းဆိုလွန်းခြင်း

အင်တာဗျူးမှာ မေးခွန်းတွေမေးတာ အရေးကြီးပါတယ်။ ဒီဆွေးနွေးမှုကို တကယ်စိတ်ဝင်စားကြောင်း ပြသခြင်းက ဒီအလုပ်ဟာ ကိုယ်နဲ့အံဝင်မှုရှိမရှိဆိုတာ ဆုံးဖြတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

ဒါပေမဲ့ ''ဒီရုံးရဲ့ ပုံမှန်နေ့တစ်နေ့က ဘယ်လိုရှိသလဲ။ အောင်မြင်မှုကို ဘယ်လိုတိုင်းတာသလဲဆိုတဲ့ မေးခွန်းမျိုးက အလုပ်မရခင်ကတည်းက အခွင့်အရေးလိုချင်သူမှန်း ပြသရာရောက်ပါတယ်။

''အားလပ်ချိန်က တစ်နေ့ဘယ်လောက် ယူလို့ရသလဲ'' ဆိုတာမျိုးလည်း ရှောင်ပါ။

၁၄။ လိုတာထက်ပို၍ မျှဝေခြင်း

ကိုယ့်ပင်ကိုစွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေအတွက် ကုမ္ပဏီက ကိုယ့်ကိုအထင်ကြီးအောင်လုပ်ဖို့ဖြစ်ပေမယ့် သူတို့လိုအပ်တာထက် ကိုယ့်အကြောင်း ပိုမပြောပြပါနဲ့။ အကျိုးကြောင်းဆီလျော်ပါစေ။ ဘ၀အကြောင်း မပြောပြပါနဲ့။ အထူးအခွင့်အရေးတွေ၊ ဒါမှမဟုတ် နေရာထိုင်ခင်းကိစ္စတွေ မတောင်းဆိုပါနဲ့။ ဗျူးသူပြောတာကို နားထောင်ပြီး သူမေးချင်တာမေးပါစေ။

၁၅။ ဆဲဆိုခြင်း

ကိုယ်အနှစ်သက်ဆုံးအလုပ်ရှင်ရဲ့ အင်တာဗျူးကို ဖြေဆိုရလို့ ရင်ခုန်မြူးကြွနေပေမယ့် ညစ်ညမ်းစွာပြောဆိုရင် အင်တာဗျူးက အချိန်တိုတိုနဲ့ ပြီးသွားလိမ့်ပါမယ်။ ညစ်ညမ်းစွာပြောခြင်းဟာ အခြေအနေတစ်ခုကို ကိုယ့်အနေနဲ့ တည်ငြိမ်စွာ စဉ်းစားရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမရှိကြောင်း ပေါ်လွင်စေတယ်။ ညစ်ညမ်းစွာပြောဆိုတာဟာ မကောင်းတဲ့အကျင့်ဖြစ်ပြီး ပညာသည်မပီသပါဘူး။

sepetiqutte1

၁၆။ ကြားဖြတ်ပြောဆိုခြင်း

ကြားဖြတ်ပြောတာ ရိုင်းပါတယ်။ အဲဒီလိုပြောရင် ကိုယ့်မှာ လေးစားကြည်ညိုမှု၊ စဉ်းစားဆုံးဖြတ်မှု၊ ဒါမှမဟုတ် စိတ်ရှည်သည်းခံမှုမရှိကြောင်း ပြသရာရောက်ပါတယ်။ ပါဝင်ဆွေးနွေးခြင်းကြောင့် မျက်နှာကောင်းရနိုင်ပေမယ့် ချိန်သားမကိုက်တဲ့အခါ အမှတ်တွေ လျော့နိုင်တယ်။

၁၇။ ကိုယ်လက်အမူအရာ ညံ့ဖျင်းခြင်း

အင်တာဗျူးမှာ ကိုယ်လက်အမူအရာညံ့ဖျင်းခြင်းက ကိုယ့်စကားကို တန်ဖိုးကျစေတယ်။

အလုပ်ရှာဖွေသူတွေရဲ့ ကိုယ်လက်အမူအရာအမှားတချို့က မျက်လုံးချင်းမဆုံခြင်း၊ ပြုံးမပြခြင်းနဲ့ ကြည့်မကောင်းတဲ့ ကိုယ်နေဟန်ထားတွေဖြစ်တယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြတယ်။ လက်ထဲကိုင်ထားတဲ့ သော့တွဲကို တချွင်ချွင်မြည်အောင် ယမ်းခါခြင်း၊ ခြေထောက်လှုပ်ခြင်း၊ ငြီးငွေ့သလိုလိုနဲ့ ခေါင်းကုတ်ခြင်းတို့လို စိတ်ဂနာမငြိမ်တဲ့ အကျင့်တွေကိုလည်း ရှောင်သင့်ပါတယ်။

၁၈။ ရှက်တတ်ကြောင်း ပြသခြင်း

အင်တာဗျူးဖြေနေတဲ့အခါ စိတ်လှုပ်ရှားတာ မဆန်းပေမယ့် ကပျာကယာ အဖြေပေးခြင်း၊ ဒါမှမဟုတ် ဝေါဟာရတစ်လုံးတည်း ဖြေခြင်းမျိုးမလုပ်မိပါစေနဲ့။

အင်တာဗျူးတွေဟာ ယေဘုယျအားဖြင့် လျှောက်ထားသူရဲ့အကြောင်း အများကြီးပြောပြရတဲ့ ကိစ္စဖြစ်ပါတယ်။ ရှက်နေရင် အားငယ်စိတ်ရှိကြောင်း၊ အရည်အချင်းမပြည့်ဝသူဖြစ်ကြောင်း ခံရနိုင်ပါတယ်။ မေးခွန်းတစ်ခုကို အချိန်အနည်းငယ်ယူပြီးမှ ဖြေကြားခြင်းဟာ မေးသူကို အလေးထားပြီး သူ့ရဲ့အရှိန်အ၀ါကိုလည်း သိကြောင်း အရိပ်အမြွက်ဖော်ပြတာ ဖြစ်ပါတယ်။

၁၉။ တန်ဆာဆင်ခြင်း

အင်တာဗျူးနေစဉ်အတွင်း အလုပ်လျှောက်ထားသူတွေရဲ့ လိမ်ညာဖြေဆိုမှုကို သတိထားမိခြင်းက အဲဒီလူကို ချက်ချင်းပယ်ချစရာအကြောင်းရင်းပါလို့ အလုပ်ရှင် ၆၉ ရာခိုင်နှုန်းက ပြောပါတယ်။ လိမ်ပြောတာ၊ ပုံကြီးချဲ့ ပြောတာတွေကြောင့် အလုပ်ခန့်ခံရဖို့ ကိုယ့်ရဲ့အခွင့်အလမ်းတွေ လျော့နည်းစေနိုင်ပါတယ်။ ကုမ္ပဏီက အလုပ်မကမ်း လှမ်းခင် ကိုယ့်နောက်ကြောင်းကို ထဲထဲဝင်ဝင်စစ်ဆေးပြီး ရည်ညွှန်းကိုးကားချက်တွေ ရယူထားတာကြောင့် အလိမ်ပေါ်နိုင်ပါတယ်။

၂၀။ တက်ကြွလွန်းခြင်း

''ကျွန်တော့်အခြေအနေ ဘယ်လိုရှိလဲ၊ ဒါမှမဟုတ် ကျွန်တော့်ကို အလုပ်ခန့်လိုက်ပြီလားလို့ မေးတာဟာ အသည်းအသန်ဖြစ်မှုနဲ့ လိုအပ်ချက်တို့ကို ပေါင်းကူးပေးတဲ့ တက်ကြွလွန်မှုဖြစ်ပါတယ်။ အလုပ်ရဖို့ ရင်ခုန်ပေမယ့် ကိုယ်ကိုယ် အလုပ်ငတ်နေသူအဖြစ် အထင်မခံရစေပါနဲ့။ အလုပ်ရရ၊ မရရ နောက်တော့မှတုံ့ပြန်မှုတွေကို ကိုယ့်ဘာသာ စုံစမ်းတာ ပိုကောင်းပါတယ်။

၂၁။ စိတ်ဖြင့်ထွက်ခွာခြင်း

အင်တာဗျူးမြန်မြန်ပြီးပါစေလို့ ဆုတောင်းတာဟာ လျှောက်ထားသူရဲ့ အကြီးမားဆုံးအမှားပဲလို့ အော်လီဗာက ပြောပါတယ်။ ဗျူးသူရှေ့မှာ ရှိနေပေမယ့် ကိုယ့်စိတ်က တခြားရောက်နေရင် သူတို့ကသိပါတယ်။ ဒီလိုအာရုံထွေပြားမှုဟာ အလုပ်ကို တကယ်စိတ်မ၀င်စားတဲ့ သဘောဆန်ပြီး ရိုင်းပျရာကျတယ်။ ဒါမှမဟုတ် (မေးတဲ့မေးခွန်းကို သေသေချာချာမဖြေဘဲ) တလွဲအဖြေတွေပေးတဲ့ သဘောဆောင်ပါတယ်။

Ref: businessinsider.com

စိုးညွန့်ဇော်