Digital Kaway ရဲ့ CEO နဲ့ Co-Founder ဒေါ်စန္ဒီစိန်သိဏ်း

မြန်မာနိုင်ငံနည်းပညာနယ်ပယ်ထဲက အမျိုးသမီးတွေအတွက် ဖွဲ့စည်းထားတဲ့ Geek Grils ဆိုတဲ့ Network Group ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး Digital Kaway Digital Marketing Agency ရဲ့ CEO နဲ့ Co-Founder တစ်ဦးလည်းဖြစ်သူ ဒေါ်စန္ဒီစိန်သိဏ်းနဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့ပါတယ်။ ဒေါ်စန္ဒီစိန်သိဏ်းဟာ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့မှာ Marketer တစ်ဦးအဖြစ် အတွေ့အကြုံများစွာရှိထားပြီး Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ အာရှရဲ့ အသက်သုံးဆယ်အောက် နယ်ပယ်အစုံမှ စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီး ၁၀ ဦးစာရင်းထဲမှာလည်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

dsnst1

ပညာရေး Background . . .

ကျွန်မက ၂၀၀၇ ခုနှစ်မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ပြင်သစ်ဘာသာအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ပြင်သစ်သံရုံးကနေလည်း Diploma ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စင်ကာပူမှာ အခြေခံ Accounting သွားတက်ခဲ့ပါတယ်။ ဒါပေမဲ့ Accounting ပိုင်းကို စိတ်မ၀င်စားတဲ့အတွက် ကျောင်းပြီးတဲ့အထိ မတက်ဖြစ်ဘဲ စင်ကာပူမှာ လုပ်ငန်းခွင်ထဲ ၀င်ရောက်ခဲ့ပါတယ်။

အလုပ်အကိုင် Background . . .

ကျွန်မရဲ့ အလုပ်အကိုင် Backgroundက Marketing လို့ ပြောလို့ရပါတယ်။ ပထမဦးဆုံးအလုပ်စ၀င်ခဲ့တုန်းက Hotel မှာ Telephone Operator အဖြစ် စပြီးလုပ်ခဲ့ပါတယ်။ အဲဒီချိန်တည်းက Marketing ပိုင်းကို ၀ါသနာပါတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိခဲ့တယ်။ Product တွေကို ဘယ်လိုရောင်းရအောင်လုပ်မလဲဆိုတာကို စိတ်ဝင်စားတယ်။ Hotel မှာ Sales လုပ်နေတဲ့သူတွေကိုကြည့်ပြီး တအားအားကျခဲ့တယ်။ အဲဒါကြောင့် Front Office ၀န်ထမ်းကနေ Sales & Marketing ဘက်ကို ပြောင်းခဲ့ပါတယ်။ စင်ကာပူမှာ ကျောင်းသွားတက်ခဲ့တာက Accountant ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းများတယ်ဆိုတဲ့အတွက် သွားခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းကျောင်းသွားတက်တော့ ကျွန်မအတွက် လုံးဝအဆင်မပြေဘူး။ Sales တို့၊ Marketing တို့ လုပ်တဲ့သူတွေက အရှေ့ထွက်တဲ့သူတွေဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ Accountant တစ်ယောက်လို ငြိမ်ပြီးထိုင်အလုပ်လုပ်ရတာမျိုးကို စိတ်မ၀င်စားခဲ့ဘူး။ ဒါနဲ့ Accounting ကို ဆက်မတက်တော့ဘဲ ကျောင်းနားလိုက်ပြီး အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။ စင်ကာပူမှာ ပထမဦးဆုံးလုပ်ခဲ့တဲ့ အလုပ်ကလည်း ကျောင်းတစ်ကျောင်းရဲ့ Marketing ပိုင်းမှာ လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မြန်မာပြည်ကကျောင်းသားတွေကို စင်ကာပူကကျောင်းမှာ လာတက်အောင် ခေါ်ပေးရတာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း Marketing သမားတစ်ယောက်ဖြစ်တယ်။ နောက်ပိုင်းမှာ Trend ကလည်း ပြောင်းလဲလာတဲ့အတွက် Digital Marketing ပိုင်းကို လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်အကိုင်က ပညာရေး Background နဲ့ မတူတဲ့အခါ တွေ့ကြုံရတဲ့အခက်အခဲတွေ . . .

ကျွန်မက နည်းပညာနယ်ပယ်ထဲမှာ လုပ်နေတယ်ဆိုပေမယ့် Technician တစ်ယောက်တော့ မဟုတ်ပါဘူး။ အဓိကအားဖြင့် Marketing ပိုင်းနဲ့ Business Development ပိုင်းကို တာဝန်ယူထားပါတယ်။ နည်းပညာကိုအသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်တာမျိုးပါ။ စစချင်းတုန်းကတော့ မိန်းကလေးနဲ့ ဒီနယ်ပယ်နဲ့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်မိတယ်။ ၀င်ခါစတုန်းကဆိုရင် နားမလည်တာတွေ အများကြီးရှိတယ်။ အခေါ်အဝေါ်တွေကအစ သိပ်နားမလည်ဘူး၊ သိပ်မသိဘူး။ ကျွန်မက Marketing သမားတစ်ယောက်ဖြစ်ပေမယ့် Digital ဘက်က မဟုတ်တဲ့အတွက် ပြန်ပြီးသင်ယူရတာတွေ ရှိပါတယ်။ Background မတူတဲ့အတွက် ကိုယ့်ဘက်က အမြဲလေ့လာသင်ယူနေရတယ်။ အချိန်တော့ နည်းနည်းပေးရပါတယ်။

Digital Kaway ကို တည်ထောင်ဖြစ်ခဲ့ပုံ . . .

ကျွန်မက ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ စင်ကာပူမှာ နေခဲ့တယ်။ စင်ကာပူမှာ နေတာကြာလာတဲ့အခါကျတော့ မြန်မာပြည်ကိုပြန်လာချင်တယ်။ မြန်မာပြည်ကို ပြန်လာဖို့အကြောင်းတွေလည်း ရှိလာတယ်။ မြန်မာပြည်ကလည်း ကျွန်မတို့ထွက်သွားတုန်းကလိုမျိုး မဟုတ်တော့ဘဲ တအားတိုးတက်လာတယ်။ ဒီလိုနဲ့မြန်မာပြည်မှာ အလုပ်တွေ ခေါ်နေတာတွေ့တဲ့အချိန်မှာ ပြန်လာဖြစ်ခဲ့ပြီး နည်းပညာနယ်ပယ်ထဲကို ၀င်လာခဲ့တယ်။ အဲဒီမှာလည်း Marketing ပိုင်းပဲ လုပ်ဖြစ်ခဲ့ပါတယ်။ ခြောက်လလောက်ကြာတဲ့အခါမှာ Project ပြီးသွားတဲ့အတွက် ၂၀၁၅ ခုနှစ်လောက်မှာ Digital Kaway ကို နောက်ထပ် Co-Founder နှစ်ယောက်တို့နဲ့အတူ တည်ထောင်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေရဲ့ Facebook Page ကို အေဂျင်စီတွေက ကိုင်ပေးတယ်ဆိုတာက သိပ်ခေတ်မစားသေးပါဘူး။ အဲဒီတုန်းက ကျွန်မနဲ့ ကျွန်မရဲ့ Co-Founder မြင်ခဲ့တာက နောင် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ Facebook Marketing က တအားခေတ်စားလာလိမ့်မယ်။ Digital Marketing ကလည်း အလွန်နေရာယူလာလိမ့်မယ်လို့ထင်တဲ့အတွက်  Digital Kaway ကို စပြီးတော့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

dsnst2

Digital Kaway က ပေးနေတဲ့ဝန်ဆောင်မှုတွေက . . .

Social Media Marketing လို့ပြောရင် Facebook Page တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ LinkedIn ၊ Twitter ၊ Instagram တို့လည်း ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ခေတ်အစားဆုံးက Facebook ဖြစ်တဲ့အတွက် Facebook Marketing ကို အဓိကလုပ်ပါတယ်။ နောက်တစ်ခုကကျတော့ Content Marketing လုပ်ပေးပါတယ်။ Content Marketing ဆိုတာက ကုမ္ပဏီတွေရဲ့ လိုအပ်တဲ့ Content တွေကို ရေးပေးတာပါ။ Website မှာ ရေးတဲ့ စာတွေ၊ Brochure ထဲမှာ ထည့်ဖို့စာတွေ၊ ကုမ္ပဏီတွေအနေနဲ့ လိုအပ်တဲ့နေရာမှာ သုံးဖို့စာတွေကို Content Provide လုပ်ပေးတဲ့ ၀န်ဆောင်မှုပေးပါတယ်။ နောက်တစ်ခုကကျတော့ SEO (Search Engine Optimization) လုပ်ပေးပါတယ်။ အဲဒါကကျတော့ ကိုယ့်ရဲ့လုပ်ငန်းကို Google မှာ ရှာတဲ့အခါ ပြိုင်ဘက်တွေနဲ့စာရင် ကိုယ်ကပထမ Page မှာ ရောက်နေတာမျိုး ဖြစ်ပါတယ်။

ဝန်ထမ်းတွေအင်အားနဲ့ ၀န်ထမ်းတွေကို စီမံအုပ်ချုပ်မှုအပိုင်း . . .

ဝန်ထမ်းအင်အားက Project အပေါ်မူတည်ပြီး အတိုးအလျှော့ရှိနေတဲ့အတွက် ပုံသေမရှိပါဘူး။ ပြီးတော့ ကျွန်မတို့ဆီမှာ Freelancer တွေ၊ Part Timer တွေ ရှိပါတယ်။ အမြဲတမ်းမလုပ်ဘဲ Intern လုပ်နေတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မတို့ Team မှာက ၀န်ထမ်းတွေက လူငယ်တွေပဲဖြစ်တဲ့အတွက် လူငယ် Type ပဲ သွားရတယ်။ ကျွန်မက Teamwork ကို ဦးစားပေးတဲ့အတွက်ကြောင့် Friendly ဖြစ်တဲ့ Teamwork ပုံစံနဲ့ပဲ သွားပါတယ်။

နည်းပညာနယ်ပယ်ဖြစ်တဲ့အတွက် Innovative ဖြစ်တဲ့ ၀န်ထမ်းတွေရအောင် ဘယ်လိုပြုစုပျိုးထောင်ပေးပါသလဲ . . .

ကျွန်မတို့နယ်ပယ်ထဲက ၀န်ထမ်းတွေမှာ တော်တယ်လို့ နာမည်ကြီးတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ အခုမှ ဒီနယ်ပယ်ထဲကို အသစ်စ၀င်မယ့် ကလေးတွေဆိုရင် သူတို့က တော်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အရည်အချင်းကို ကျွန်မတို့က မသိနိုင်တဲ့အခါကျတော့ ပြန်ပြီး Train ပေးရပါတယ်။ ၀န်ထမ်းတစ်ယောက် ကျွန်မတို့ဆီမှာ အလုပ်လုပ်နေတဲ့ ကာလအတွင်းမှာတော့ ကျွန်မတို့ဆီကပေးတဲ့ ၀န်ဆောင်မှုက Quality အကောင်းဆုံးဖြစ်အောင်လို့ ၀န်ထမ်းတွေကို Train ပေးပါတယ်။ ၀န်ထမ်းတွေအနေနဲ့ သူတို့အတွက် ပိုပြီးကောင်းတဲ့အနာဂတ်ရှိတယ်ဆိုရင် သွားလို့ရပါတယ်။ Bond ထိုးပြီး ဆွဲထားတာမျိုးကိုလည်း ကျွန်မက မကြိုက်ပါဘူး။ တအားကြီး ထိန်းထားတယ်ဆိုရင်လည်း သူတို့ရဲ့ Creativity က ကျသွားတတ်ပါတယ်။ တတ်နိုင်သလောက်တော့ ကျွန်မတို့ဘက်က Train ပေးပါတယ်။

နိုင်ငံတကာ Digital Marketing Agency တွေ မြန်မာနိုင်ငံထဲဝင်ရောက်လာတဲ့အတွက် သူတို့ကို ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားပါသလဲ . . .

အဓိက ကျွန်မတို့အားသာချက်က ကျွန်မတို့က Local Company ဖြစ်တဲ့အတွက် ပြည်တွင်းကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကို သိတယ်။ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ဆိုရင် သူတို့မှာ ဘယ်လောက်တော်တဲ့ Content Writer တွေပဲရှိရှိ သူတို့ကပြည်တွင်းကကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကို မသိဘူး၊ Content ကို မမိဘူးဆိုရင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ကကျတော့ ပြည်တွင်းကုမ္ပဏီတွေရဲ့ လိုအပ်ချက်က ဘာလဲ၊ လတ်တလောခေတ်စားနေတာက ဘာလဲ၊ Trend က ဘာလဲဆိုတာကိုသိတယ်။ ကိုယ့်ရဲ့ Content တွေက ဘယ်လိုပဲ အင်္ဂလိပ်လိုကောင်းမွန်အောင်ရေးထားပါစေ မြန်မာပြည်ကလူတွေ မဖတ်ဘူးဆိုရင်လည်း အသုံးဝင်မှာမဟုတ်ပါဘူး။

ဒီအတွက် ကျွန်မတို့က ပြည်တွင်းကလူတွေ စိတ်ဝင်စားအောင်၊ သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် Content တွေကို ဖန်တီးပေးပါတယ်။ နောက်တစ်ခုက ကျွန်မတို့ရဲ့ ၀န်ဆောင်ခနှုန်းထား ဖြစ်ပါတယ်။ ကျွန်မတို့က Local SME တွေကို အဓိကထားတာဖြစ်တဲ့အတွက် ဈေးနှုန်းက တအားကြီးမမြင့်ပါဘူး။ ဘာလို့ဆိုရင် Local SME တွေက ဒီလိုဝန်ဆောင်မှုမျိုးကို ပိုလိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့က ဘယ်လို Marketing လုပ်ရမလဲမသိဘူး။ ၀န်ဆောင်ခအနေနဲ့ အများကြီးလည်း မတတ်နိုင်ကြပါဘူး။ ကုမ္ပဏီအကြီးတွေအတွက်ဆိုရင်တော့ ၀န်ဆောင်မှုအနည်းအများအပေါ်လိုက်ပြီး ဈေးနှုန်းက တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ပြင်ဆင်ထားတဲ့ အပိုင်းအနေနဲ့ဆိုရင်တော့ Local ကို ဦးစားပေးတဲ့ပုံစံမျိုးကို သွားပါတယ်။

လူငယ်နည်းပညာသမားတွေအတွက် ဘယ်လို Contribute လုပ်ပေးနေပါသလဲ . . .

ကျွန်မက Digital Kaway အပြင် Geek Girls ဆိုတဲ့ Network လေးတစ်ခုတည်ထောင်ထားတာ ရှိပါတယ်။ (www.facebook.com/groups/geekgirlsmm, www.facebook.com/geekgirlsmm/) Geek Girls ဆိုတဲ့ Facebook Group လေးထဲမှာ အမျိုးသမီးတွေနဲ့ နည်းပညာဆိုင်ရာပွဲတွေ၊ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ Internship တွေနဲ့ Scholarship တွေအကြောင်း Share လေ့ရှိကြပါတယ်။ Facebook Group မှာ Member ၀င် ထားတယ်ဆိုရင် Geek Girls ကကျင်းပတဲ့ပွဲတွေမှာ ပါဝင်လို့ရပါတယ်။  Group Member တွေထဲက Core Member တွေ၊ Board Member တွေက အလျဉ်းသင့်သလို ပွဲလေးတွေ ပြုလုပ်ပေးပြီး နိုင်ငံခြားက Speaker တွေလာရင်လည်း ပွဲတွေစီစဉ်ပေးပါတယ်။ နောက်ပြီး နည်းပညာနယ်ပယ်ထဲမှာ နာမည်ကြီးနေတဲ့ မိန်းကလေးတွေရဲ့အကြောင်းကို ကျွန်မတို့က Feature လုပ်ပေးပါတယ်။

ဒါအပြင် နယ်တွေကိုသွားပြီးတော့ Social Media နဲ့ပတ်သက်တာတွေ၊ အခြေခံနည်းပညာနဲ့ ပတ်သက်တာတွေကို Workshop တွေ ပေးပါတယ်။ ဒါကတော့ Community Work အနေနဲ့ လုပ်ဖြစ်တာ ဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့ လုပ်တာမဟုတ်ပါဘူး။ ကျွန်မအနေနဲ့လည်း Barcamp ပွဲတွေမှာ ပါဝင်ဆွေးနွေးတာမျိုးတွေ လုပ်ဖြစ်ပါတယ်။

Digital Kaway ရဲ့အနာဂတ်အစီအစဉ် . . .

Digital Marketing မှာ Facebook Marketing က တအားခေတ်စားလာပြီး ပြိုင်ဘက်တွေကလည်း များလာတယ်။ Market ကြီးကလည်း တအားကျပ်လာတယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ Google Marketing ဘက်ကို ပိုပြီးတော့ အားစိုက်သွားဖို့ရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ Digital Marketing လုပ်ရာမှာ Facebook Marketing တစ်ခုတည်းကိုပဲ အာရုံစိုက်ထားတာထက် SEO တို့၊ Website တို့ကိုပါ တွဲပြီးသုံးသင့်တယ်ဆိုတာမျိုးကို ဖြန့်ဝေချင်ပါတယ်။ကြည်ပြာနွဲ့ဦး