၂၀၁၇ . . .

၂၀၁၇ ခုနှစ်သည် နိုင်ငံရေးအရသာမက စီးပွားရေးအရပါ လွန်စွာစိတ်ဝင်စားစရာကောင်းလှပေသည်။

ဒေါ်နယ်ထရန့်၊ အမေရိကန်နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာပေါ်လစီများ . . .

အမေရိကန်ရွေးကောက်ပွဲကာလအတွင်းတွင်ပင် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမေရိကန်နိုင်ငံဆိုင်ရာ မူဝါဒများ၊ တရားမ၀င်ခိုးဝင်သူများနှင့် အလုပ်လုပ်သူများ ပြန်လည်နှင်ထုတ်ရန်၊ ကမ္ဘာ့စီးပွားရေးမူဝါဒများ ပြန်လည်သုံးသပ်ရန်၊ အထူးသဖြင့် နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်သည့် Tran-Pacific Patnership (TPP) မှ နုတ်ထွက်ရန်၊ Paris-Climate Change စာချုပ်ပါသဘောတူညီမှုများ လိုက်နာရန် မရေရာမသေချာမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းရာ၌ အခွန်အကောက် တိုးမြှင့်မှုအလားအလာများလာခြင်း၊ အမေရိကန်အခြေစိုက် နိုင်ငံတကာ ကော်ပိုရေးရှင်းများ၏ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ရန် အလားအလာရှိခြင်းတို့ကြောင့် အမေရိကန်နှင့် နိုင်ငံတကာလုပ်ငန်းရှင်များ စိုးရိမ်နေကြရလေသည်။

အမေရိကန်ဒေါ်လာဈေးကွက် . . .

ဒေါ်နယ်ထရန့် အနိုင်ရသည့်နောက် မရှေးမနှောင်းတွင်ပင် နိုင်ငံတကာငွေကြေးများဖြစ်သည့် ယူရို၊ စတာလင်ပေါင်၊ ဂျပန်ယမ်း၊ တရုတ်ယွမ်တို့နှင့်စာလျှင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၃ ရာခိုင်နှုန်း တိုးမြှင့်သွားသည်မှာ မကြုံစဖူးပင် ဖြစ်ပါသည်။ ဒေါ်နယ်ထရန့်၏ ဖြစ်နိုင်ခြေပေါ်လစီများတွင် အမေရိကန်နိုင်ငံအခြေစိုက်နိုင်ငံတကာကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှု (အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ) ကန့်သတ်ခြင်းနှင့် နိုင်ငံတကာကုမ္ပဏီကြီးများ၏ အမေရိကန်နိုင်ငံ ပြင်ပတွင်ရှိနေသော အမေရိကန်ဒေါ်လာ ဘီလီယံအမြတ်အစွန်းများကို အမေရိကန်နိုင်ငံတွင်း ပြန်လည်ထည့်ဝင်ပါက အခွန်အကောက် လျှော့ချဖွယ်ရှိခြင်းတို့ကြောင့် နိုင်ငံတကာတွင် အမေရိကန်ဒေါ်လာ ပိုမိုတောင့်တင်း ခိုင်မာလာပေလိမ့်မည်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံ . . .

– လတ်တလောကာလတွင် တောင်ကိုရီးယားနိုင်ငံသမ္မတကို တာဝန်မှ ခေတ္တရပ်စဲလိုက်ပြီဖြစ်ပြီး တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး Chaebol များဖြစ်သော Samsung အနေဖြင့် စိန်ခေါ်မှုမျိုးစုံရင်ဆိုင်နေရပါသည်။

– အာရှတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေး အဓိကမိတ်ဖက်ဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့် လတ်တလော ဒေါ်နယ်ထရန့်၏ လုံခြုံရေးဆိုင်ရာ ပေါ်လစီမှတ်ချက်ကြောင့် စိုးရိမ်သောကရောက်နေရပါသည်။

– တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အမေရိကန်တို့မှ ရင်းနှီးမြှုပ်နှံမှုအစ လုံခြုံရေးအဆုံး အမေရိကန်နိုင်ငံသာ အဓိကပေါ်လစီကိုသာ အလေးထားအားပြုနေချိန်တွင် တစ်ကမ္ဘာလုံးတွင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အာဖရိကနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်လုပ်ကိုင်ရုံသာမက လုံခြုံရေးနှင့် စစ်ရေးတွင်လည်း အရေးပါသောနေရာ ရောက်ရှိလာရန် ကြိုးပမ်းလုပ်ဆောင်နေသည်ကို တွေ့မြင်နိုင်ပါသည်။

– အာဆီယံအုပ်စုတွင် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်၏ လာဘ်စားမှု၊ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကို ကြုံတွေ့နေရသော်လည်း ဗီယက်နမ်နိုင်ငံတွင်မူ စီးပွားရေးကောင်းမွန်တိုးတက်နေသေးကြောင်း တွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံ . . .

မကြာသေးမီက ရေနံထုတ်လုပ်သူများအနေဖြင့် ရေနံထုတ်လုပ်မှုကို လျှော့ချထိန်းချုပ်ရန် ညှိနှိုင်းပြီးပြီဖြစ်သဖြင့် ရေနံဈေးဒေါ်လာ ၅၀ အထက်ရှိနိုင်ခြင်းကြောင့် နိုင်ငံ့ဘဏ္ဍာတိုးဖွယ်ရာရှိခြင်းသည် သတင်းကောင်းဖြစ်ပါသည်။ သို့သော် ယခုချိန်ထိ သွင်းကုန်နှင့်ထုတ်ကုန် လိုငွေပြသမှု၊ အထူးသဖြင့် အမေရိကန်ဒေါ်လာအခြေပြုရသည့် လိုငွေပြမှု မြင့်တက်ဖွယ်ရာသာရှိခြင်း၊ ထုတ်ကုန်ဦးစားပေးသည့် ပေါ်လစီများ၊ အစီအမံများ ချမှတ်ပြင်ဆင်နိုင်ခြင်း မရှိသေးခြင်း၊  ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ သန်း ၃၀ ထိ ၀င်ရောက်မှုရှိသော်လည်း မြန်မာနိုင်ငံတွင် ၁၁ ရာခိုင်နှုန်း ကျဆင်းနေခြင်း နိုင်ငံခြားရင်းနှီမြှုပ်နှံမှုနှင့် အများပြည်သူအကျိုးရှိနိုင်မည့် ပရောဂျက်များ မရှိသေးခြင်းတို့ကြောင့် ရုန်းကန်နေရမည့် ၂၀၁၇ ဖြစ်ပါကြောင်း . . .။

မောင်သာ