မြန်မာနိုင်ငံကိုလည်း First Impression ကောင်းစေချင်ပါသည်

သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသောလူငယ်တစ်ဦး အလုပ်လာလျောက်သည်။ မေးသမျှကို ရိုးရိုးသားသား တည်တည်ကြည်ကြည် ဖြေသည်။ မသိတာကို မသိပါဟု ပွင်ပွင့်လင်းလင်းပြောသည်။ လက်သည်းများတိတိရိရိ ညှပ်ထားပြီး ဖြေသမျှကို မျက်လုံးချင်းဆိုင်ကြည့်ပြီးဖြေသည်။ ပညာအရည်အချင်းက ရိုးရိုးသိပ္ပံဘွဲ့။ ပညာနှင့်အလုပ် ဆက်စပ်မှုမရှိသော်လည်း Self Study အနေအထားသိပ်မဆိုးလှ။ Second Interview အတွက် လျာထားလိုက်သည်။ လည်ကတုံး အဖြူဝတ်တာချင်းအတူတူ ပုဆိုးတွင်းဝင်တစ်ဝက် ထွက်တစ်ဝက်ဖြစ်နေသော ယမန်နေ့က အလုပ်လာလျှောက်သည့် လက်သည်းချေးဗရပျစ်နှင့် မဟာဘွဲ့ပိုင်ရှင်တစ်ယောက်နှင့် နှိုင်းယှဉ်ရွေးဖို့ စဉ်းစားရတော့မည်။

နေရာတိုင်းတွင် First Impression အရေးကြီးပါသည်။ လေယာဉ်ကွင်းထဲဆိုက်လိုက်သည်နှင့် ပထမဆုံးမြင်ရသောဝန်းကျင်အနေအထား သန့်ရှင်းသပ်ရပ်မှုများကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအနေအထားများကို နောက်ထား … ကိုယ့်နိုင်ငံကိုလည်း စင်ကာပူလို ဖြစ်ချင်သည်ဟု တောင့်တနေကြခြင်းဖြစ်သည်။ တစ်နည်းပြောရရင် နိုင်ငံတစ်နိုင်ငံ၏ First Impression ကိုမြင်လိုက်ရသည်နှင့် ထိုနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အနေအထားများကို အကြမ်းဖျင်းသုံးသပ်ပြီးသားလည်း ဖြစ်သွားပါသည်။

အလားတူပင် တိတ်ဆိတ်အေးချမ်းမွှေးပျံ့သော ကုမ္ပဏီရုံးခန်း၊ သပ်ရပ်သန့်ရှင်းသော နေအိမ်ဧည့်ခန်း၊ သေသပ်ညီညာသော လက်ရေးလက်သား၊ စနစ်တကျရှိသော အလုပ်စားပွဲ စသည်တို့သည်လည်း အလုပ်ခွင်တစ်ခု၊ မိသားစုတစ်စု၊ လူတစ်ဦး၏ First Impression ကို ဖော်ပြနေပါသည်။ စတွေ့တွေ့ချင်းစက္ကန့်ပိုင်းအတွင်း မြင်လိုက်ရသည့် First Impression က ရေရှည်ဆက်ဆံမှုအတွက် အထောက်အကူပေးနိုင်သည်ဟူသော အင်္ဂလိပ်ဆိုရိုးစကားရှိပါသည်။ First impression never dies. တို့ First impression lingers longest in memories. တို့ဟု ရေးသားထားသည်များလည်း ဖတ်ဖူးပါသည်။

မြန်မာနိုင်ငံကိုလည်း First Impression ကောင်းစေချင်ပါသည်။ မြန်မာကုမ္ပဏီများအပေါ်လည်း First Impression ကောင်းစေချင်ပါသည်။ မြန်မာလူမျိုးများအပေါ်လည်း First Impression ကောင်းစေချင်ပါသည်။ တစ်ယောက်ချင်းစီက ကြိုးစားပြုပြင်ရမည်ကိုလည်း လက်ခံကျင့်သုံးကြစေလိုပါသည်။ ပြိုင်တူတွန်းလျှင် ဧကန် ရွေ့နိုင်ပါသည်။

အယ်ဒီတာ