အကြမ်းဖက်မှုအမျိုးအစားများ

ဘုရားကျောင်းများ ကမ္ဘာ့ကောင်စီက လူမှုနှင့်နိုင်ငံရေး သိပ္ပံပညာရှင်အာရီးယားဂျာ၏စာအုပ်တစ်အုပ်ကို ထုတ်ဝေလိုက်သည်။ စာအုပ်အမည်က ငြိမ်းချမ်းရေးဝင်ရိုးတန်းဟု ခေါ်သည်။ ကျမ်းရှင်က အကြမ်းဖက်မှုနှင့် စစ်ကာလဟု သတ်မှတ်သည်။ အကြမ်းဖက်မှု ကို သမိုင်းအစမှစ၍ ဖြစ်ပေါ်လာသော ယဉ်ကျေးမှု (Culture) အဖြစ် ရှုမြင်သည်။

အကြမ်းဖက်မှုယဉ်ကျေးမှုသည် လူ့သမိုင်း၌ မည်သည့်အချိန်ကစပေါ်သနည်း။ မည်သည့်ဇာစ်မြစ်ရင်းမြစ်တို့၌ အခြေစိုက်သနည်း။ အကြမ်းဖက်တိုက်ခိုက်မှုအမျိုးအစား ဘယ်နှမျိုးရှိသနည်း စသည်ဖြင့် သုံးသပ်ဖော်ပြထားသည်။ ပုံမှန်အားဖြင့် စစ်နှင့်ငြိမ်းချမ်း ရေးဆိုပြီး တွဲဖက်၍ လေ့လာခဲ့ကြသည်။ အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေးဆိုပြီး တွဲသည်။ ကျမ်းရှင်သည် ခရစ်ယာန်အမြင်ဘက်မှ ကြည့်မြင်သုံး သပ်ထားသော်လည်း သူ၏ချဉ်းကပ်မှုသည် အလွန်ကျယ်ပြန့်သည်။ သူက မျက်မှောက်ခေတ်၌ ဖြစ်ပေါ် သမျှသော အကြမ်းဖက်မှုတို့ကို အောက်ပါအတိုင်း အမျိုးအစားခွဲသည်။

(၁)     အစိုးရအကြမ်းဖက်မှု (ဤပုံစံတွင် လူမျိုးရေးအကြမ်းဖက်မှု၊ လူတန်းစားအကြမ်းဖက်မှု၊ အကျဉ်းထောင်အတွင်း အကြမ်းဖက်မှု၊ လယ်မြေထိန်းသိမ်းရေးအတွက် လူအများ ကို ရွှေ့ပြောင်းမှု စသည်တို့ ပါဝင်သည်။)

(၂)     စနစ်ဖွဲ့စည်းမှုဆိုင်ရာအကြမ်းဖက်မှု (Structural Violence) အစာရေစာငတ်မွတ် ခေါင်းပါးမှု ဂလိုဘယ်ငွေကြေးပေါ်လစီတို့ကြောင့် ကမ္ဘာ၏ကြီးမားသောအစိတ် အပိုင်းတွင် အကြမ်းဖက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အမျိုးသမီးကလေးငယ်တို့ အင်္ဂါ စပ်ဖြတ်ခြင်း စသည်တို့ ပါဝင်သည်။ ထို့အပြင် ယင်းပုံစံ၌ ကလေးသူငယ်တို့ အပေါ်အကြမ်းဖက်ခြင်း၊ ကလေးစစ်သား၊ ကလေးအလုပ်သမားများအဖြစ် စေခိုင်း ခြင်းတို့လည်း ပါဝင်သည်။)

(၃)     သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြမ်းဖက်မှု (Ecological Violence)။

(၄)     ရုပ်ရှင်ဖလင်တို့တွင် အကြမ်းဖက်မှုတို့ကို ဇာတ်လမ်းဆင် ပုံတူကူးဖတ်ပြခြင်း၊ ကာတွန်းဇာတ်လမ်း၊ ကွန်ပျူတာဂိမ်းတို့တွင် အကြမ်းဖက်ခြင်းတို့ကို ဇာတ်လမ်း ဆင်ကြခြင်း။

(၅)     အစွန်းရောက်အမျိုးသားရေးဝါဒနှင့် အခြေခံဝါဒီတို့တွင် ဇာစ်မြစ်ခံသောအကြမ်းဖက်မှု (ဤပုံစံတွင် အမျိုးသားရေးဝါဒီသမားနှင့် အခြေခံဝါဒီသမားတို့က သုံးစွဲသော အမုန်းတရား အမုန်းစကားတွေ ပါဝင်သည်။)

(၆)     မှန်ကန်မှုမရှိသောမျိုးစိတ်၊ အမျိုးသားရေးသမိုင်း၊ အမျိုးသားရေးစာပေနှင့် ဒဏ္ဍာရီ ဖန်တီးမှုတို့တွင် ခိုင်မြဲစွာ အခြေစိုက်ထားသောအကြမ်းဖက်မှုတို့ ဟူ၍ ဖြစ်သည်။

 

မောင်သာဇုံ