အခုမှစပြီး ကုမ္ပဏီဝန်ထမ်းလုပ်မယ့်သူတစ်ဦးအနေနဲ့ အောင်မြင်တဲ့လုပ်ငန်းခွင်ဘဝ၊ စီမံခန့်ခွဲတာလိုရာထူးမြင့်တဲ့အနေအထားမှာ ရေရှည်ရပ်တည်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်ဘာတွေဖြည့်ထားရပါမလဲ

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)

ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်စဝင်တဲ့အချိန်ကတည်းက အဆင့်မြင့်တာဝန်နဲ့နေရာအတွက်စဉ်းစားပြီးအရည်အချင်းရော စိတ်ဓာတ်ရောစဉ်းစားပြင်ဆင်နေတယ်ဆိုရင်တော့ ကျေနပ်စရာကောင်းပါတယ်။ဝန်ထမ်းတစ်ယောက်အနေနဲ့က လုပ်ရတဲ့အလုပ်နဲ့ပတ်သက်တဲ့ စိတ်ပါဝင်စားမှုကျွမ်းကျင်မှုဟာ ပထမအရေးကြီးတဲ့အချက်ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။

မိမိကိုယ်တိုင်ကကျေနပ်အားရတဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပါဝင်မှုကအစ Teamwork မှာ ပါဝင်သူတွေနဲ့ဆက်ဆံရေးကောင်းပြီး လိုအပ်တဲ့ကိစ္စရှိလာရင်လည်း နိုင်တဲ့နေရာကနေ ပါဝင်ဖို့အသင့်ရှိနေရပါမယ်။ဒါဟာ မိမိအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ ပထမဆုံးအဆင့်ကနေ နောက်တစ်ဆင့်တက်ဖို့ ဦးဆောင်နိုင်တဲ့အရည်အချင်းနဲ့ယုံကြည်မှုလည်းဖြစ်ပါတယ်။

အဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်နိုင်မှုအတွေ့အကြုံကနေ အနာဂတ်အတွက်မှာတော့ စီမံခန့်ခွဲမှုလုပ်ငန်းတွေအနေနဲ့ အဖွဲ့ရဲ့လုပ်ငန်းတွေစီမံတာ၊ ထိန်းချုပ်တာ၊ လုပ်ငန်းဆက်စပ်မှုတွေပါ အဆင်ပြေအောင်လုပ်နိုင်ရမယ့် အခွင့်အရေးနဲ့ ရှေ့အတွက် ပြင်ဆင်မှုဖြစ်ပါမယ်။နောက်တစ်ဆင့်မှာကတော့ လုပ်ငန်းတွင်းညှိနှိုင်းမှုတွေအပြင် လုပ်ငန်းစီမံချက်တွေတိုးတက်မှုစီမံကိန်းတွေမှာ ပါဝင်ရတဲ့၊ စီမံခန့်ခွဲရတဲ့လုပ်ငန်းရဲ့ Management အဆင့်မှာ ပါဝင်လာနိုင်ဖို့ မျော်လင့်လို့ရသလို ပြဿနာတွေမှာပါအကြံပြုဆွေးနွေးအဖြေရှာရမယ့်ကိစ္စတွေကိုပါ တာဝန်ယူရတာမျိုး ဖြစ်လာပါမယ်။

အခြေခံကနေ အထက်အဆင့်တွေမှာတာဝန်ယူနိုင်ဖို့ဆိုရာမှာ ရာထူးကိုအာရုံမပြုဘဲ အလုပ်နဲ့ကိုယ့်စွမ်းရည်ကျေနပ်မှုရအောင်နဲ့ လိုအပ်ချိန်မှာအဆင်သင့်ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ ဆိုချင်ပါတယ်။