မန်နေဂျာတစ်ယောက်အနေနဲ့ လက်တွေ့လုပ်ကိုင်သင်ယူနေရင်း အလုပ်တွေကြားခေါင်းနစ်ပြီး စာတွေ့ပိုင်း၊ သီအိုရီပိုင်းတွေ၊ သင်တန်းတွေနဲ့ အချိန်အတော်ကြာဝေးကွာနေတတ်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာ ကိုယ်နောက်မှာကျန်နေခဲ့ပြီလို့ သိနိုင်ပါမလဲ

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)

စီမံခန့်ခွဲမှုအပိုင်းမှာ ပါဝင်နေရတဲ့သူတစ်ဦးအနေနဲ့ အနာဂတ်အတွက် Vision ၊ Mission ဆိုတဲ့ လုပ်ငန်းအတွက် စဉ်းစားနိုင်တာတွေ၊ အကောင်အထည်ဖော်လုပ်ရမယ်ဆိုတာက စီမံခန့်ခွဲမှုတာဝန်ယူရတဲ့လူအနေနဲ့ အလိုအလျောက် စိတ်ဝင်စားပြီးသားဖြစ်ရမှာပါ။ စီးပွားရေးဆိုတာကတော့ ပြောင်းလဲမှုတွေ၊ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရမယ့်အချိန်တွေလည်း တွေ့ကြုံရဖို့မလွဲပါဘူး။

ဒီလိုဖြစ်လာမယ့်အချိန်အတွက် အောက်ရာထူးအဆင့်တွေမှာ လုပ်ကိုင်ခဲ့ရင်းကနေ အတွေ့အကြုံယူခဲ့ရမှာအဓိကပါပဲ။ ဒီလိုအခက်အခဲကို ဘယ်လိုစဉ်းစားအဖြေရှာတယ်ဆိုတာနဲ့ စီနီယာတွေရဲ့လုပ်ကိုင်ပုံကို စံပြအဖြစ်အမှားအမှန်တွေနဲ့ ပညာယူခဲ့ရမှာပါ။ လုပ်ငန်းအတွေ့အကြုံအပြင် ပိုပြီး ပညာရှာရယူဖို့လိုတာကတော့ နည်းပညာအပြောင်းအလဲတွေ၊ ဗျူဟာအမြင်အတွေးနဲ့ ဆုံးဖြတ်မှုတွေမှန်ဖို့၊ ဝန်ထမ်းတွေအနေနဲ့လည်းအဖွဲ့ အစည်းရဲ့ပြောင်းလဲမှုတွေကို အကျွမ်းဝင်နေဖို့၊ ကိုယ်တိုင်ပါဝင်နေဖို့ကိုပါ ကြိုးစားရမှာဖြစ်ပါတယ်။

ဒီလိုအချက်တွေနဲ့ ကိုယ်သိထားတာတွေရဲ့ကွာဟမှုသိပ်များနေပြီဆိုရင် ထပ်မံအချိန်ပေးသင်ယူဖို့လိုပြီလို့ သုံးသပ်နိုင်ပါတယ်။