တစ်နေကုန်ထိုင်နေခြင်းရဲ့ အန္တရာယ်ကနေ လွတ်မြောက်စေဖို့

Sitting1

ပထမဆုံးအနေနဲ့ အထိုင်များတဲ့ရောဂါဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ။ အထိုင်များတဲ့ရောဂါရှိခြင်း၊ ဒါမှမဟုတ် လှုပ်ရှားမှုသိပ်မရှိတဲ့ ဘ၀နေထိုင်မှုမျိုးနဲ့ နေထိုင်ခြင်းဆိုတာ အချိန်ကာလ အကြာကြီးထိုင်တဲ့သူတွေနဲ့ လှုပ်ရှားမှုအလွန်နည်းတဲ့သူတွေမှာ ဖြစ်ပွားနေတတ်တာကို ပြောခြင်းဖြစ်ပါတယ်။ တစ်နေ့လုံးထိုင်နေခြင်းက သင့်ရဲ့ကျန်းမာရေးအတွက် သိပ်ကိုဆိုးဝါးတဲ့သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကတော့ Type 2 ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါတွေအထိ ဖြစ်ပွားမှုနှုန်းမြင့်တက်စေပါတယ်။

John Hopkins Medicine ရဲ့ ဆောင်းပါးတစ်ပုဒ်အရ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေဟာ အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေပိုများပါတယ်။

စိုးရိမ်တတ်လာခြင်းနဲ့ စိတ်ကျခြင်းတွေ ပိုဖြစ်နိုင်ပါတယ်။

နှလုံးရောဂါဖြစ်ပွားနှုန်း ပိုများပြားပါတယ်။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်နေသူတွေမှာတော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်စွမ်း ပိုနည်းပါးတာကို တွေ့ရပါတယ်။

တက်တက်ကြွကြွနေထိုင်သူတွေဟာ ကိုယ်အလေးချိန်တက်ဖို့၊ အ၀လွန်ဖို့အတွက် အလွန်ခက်ခဲပါတယ်။

အချိန်များစွာ ထိုင်လျက်ပဲ အလုပ်လုပ်သူတွေက အရိုးနဲ့ ကပ်လျက်ရှိတဲ့ကြွက်သားတွေ လျော့ကျနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့သူတွေဟာ သွေးတိုးရောဂါ၊ ကိုလက်စထရောတက်ခြင်းများနဲ့ များစွာဆက်စပ်မှု ရှိနေပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် လှုပ်ရှားမှုမရှိတဲ့ ဘ၀နေထိုင်မှုပုံစံဟာဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုရဲ့ ၆ ရာခိုင်နှုန်း၊ ဆီးချိုသွေးချိုရောဂါရဲ့ ၇ ရာခိုင်နှုန်း၊ ရင်သားကင်ဆာရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ အူမကြီးကင်ဆာရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို ဖြစ်ပွားစေပါတယ်။ မကြာသေးခင်က ဖော်ပြချက်တွေအရတော့ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ ဘ၀နေထိုင်မှုပုံစံကြောင့် လူသေဆုံးမှုတွေဟာ ဆေးလိပ်သောက်ခြင်းကြောင့် လူသေဆုံးမှုထက် ပိုမိုများပြားနေတယ်လို့ သိရှိရပါတယ်။

သတင်းကောင်းကတော့ . . .

ဒီလိုကျန်းမာရေးအတွက် ဆိုးကျိုးတွေမရှိရအောင် နေ့ဘက်တွေမှာ ပေါ့ပေါ့ပါးပါးလှုပ်ရှားမှု များများလုပ်ပြီး ကာကွယ်နိုင်ပါပြီ။ ဒါက သင့်ရဲ့ဟောင်းနေတဲ့ ဖိနပ်တွေ၊ အားကစားဝတ်စုံတွေ ၀တ်ပြီး မာရသွန် အပြေးလေ့ကျင့်ဖို့ ပြောတာမဟုတ်ပါဘူး။ သင့်ရဲ့နေအိမ်၊ ဒါမှမဟုတ် အလုပ်မှာပဲ လွယ်ကူပြီးအဆင်ပြေတဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့လှုပ်ရှားမှုတွေကို အချိန်ဇယားလေးဆွဲပြီး ပြုလုပ်နိုင်ပါတယ်။

အရွယ်ရောက်ပြီးတဲ့ သူတိုင်းဟာ တစ်ပတ်ကို မိနစ် ၁၅၀ ခန့်ကြာ၊ ပုံမှန်လေ့ကျင့်ခန်း ၃ ရက်ကနေ ၅ ရက်ခန့် အနည်းဆုံး ပြုလုပ်သင့်ပါတယ်။ ဒါမှမဟုတ် အပြင်းစားလေ့ကျင့်ခန်းကို ၇၅ မိနစ်ခန့်ကြာ၊ ၃ ရက်ကနေ ၅ ရက်ခန့် အပတ်တိုင်း ပြုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို ခန္ဓာကိုယ်တောင့်တင်းစေတဲ့ လေ့ကျင့်ခန်းမျိုးတွေနဲ့ တွဲဖက်ပြုလုပ်သင့်ပါတယ်။

နေ့စဉ် လှုပ်ရှားမှုကို မြင့်မားစေမယ့် နည်းလမ်း ၈ ခု

၁) ဓာတ်လှေကား အသုံးပြုမယ့်အစား အတက်အဆင်းကို လှေကားအသုံးပြုပါ။

၂) ဖုန်းပြောနေစဉ်မှာ လမ်းလျှောက်တာမျိုး ပြုလုပ်ပါ။

၃) ပုံမှန်ကစားတဲ့ဂိမ်းတွေထက် လှုပ်ရှားမှုပါတဲ့ ဂိမ်းမျိုးကို ရွေးချယ်ပြုလုပ်ပါ။

၎) တီဗွီ ကြည့်ရှုချိန်ကို လျှော့ပါ့။

၅) လမ်းလျှောက်စက်၊ အပြေးစက်များကို သင့်ရုံးခန်းထဲမှာ ထားပါ။

၆) အစည်းအဝေးပြုလုပ်တိုင်းမှာ လမ်းလျှောက်ရင်း စကားပြောပါ။

၇) လမ်းလျှောက်ဖို့ အဖော်မိတ်ဆွေထားရှိပါ။

၈) သင့်အလုပ်ကို လမ်းလျှောက်ပြီး၊ ဒါမှမဟုတ် စက်ဘီးစီးပြီး သွားပါ။

လွန်ခဲ့တဲ့နှစ် ၅၀ ကထက် ကျွန်တော်တို့ဟာ လှုပ်ရှားမှုတွေ နည်းပါးလာကြတာလဲ။ အဓိက ပြဿနာအရင်းအမြစ်ကတော့ နည်းပညာတွေ တိုးတက်လာတာကြောင့်ပါပဲ။ နည်းပညာတိုးတက်မှုတွေဟာ လှုပ်ရှားမှုတွေ သိပ်မလိုအပ်တော့အောင် ဆောင်ရွက်ပေးပါတယ်။ ထိုင်ခုံမှာပဲ ထိုင်နေရင်းနဲ့ အလုပ်တော်တော်များများကို ပြီးမြောက်အောင် ဆောင်ရွက်လာနိုင်ပါတယ်။ ၁၉၅၀ ပြည့်နှစ်ကတည်းက လှုပ်ရှားမှုနည်းစွာ အလုပ်လုပ်ကိုင်ခြင်းက ၈၃ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ လှုပ်လှုပ်ရှားရှား ပြုလုပ်ရတဲ့အလုပ်တွေဟာ ၂၅ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုကြရတာမို့ ၁၉၅၀ ပြည့်နှစ်နဲ့ ယှဉ်လိုက်ရင် ၅၀ ရာခိုင်နှုန်းလောက် လျော့ကျလာခဲ့ပြီဖြစ်ပါတယ်။

သတင်းကောင်းကတော့ ဒါဟာ သင့်ရဲ့ ကံတရားတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲ လုပ်ငန်းခွင်တွေမှာ စက်ပစ္စည်းတွေက နေရာယူပြီး သင့်လှုပ်ရှားမှုတွေကို ရပ်တန့်နေစေပေမယ့်လည်း သင့်လုပ်ငန်းခွင်ထဲမှာ သင့်ရုံးခန်းထဲမှာ လှုပ်ရှားမှုကို ရယူဖို့ ပြင်ဆင်ပါ။ သင်အချိန်ကုန်ဆုံးမှု အများဆုံးဖြစ်တဲ့ သင့်ရုံးခန်းမှာပဲ သင် ဒါတွေကို ပြုလုပ်နိုင်ပါတယ်။ လမ်းလျှောက်စက်လိုမျိုး ကို သင့်ရုံးခန်းမှာထားပါ။ နေ့စဉ် နာရီအနည်းငယ်ခန့် လမ်းလျှောက်ပါ။ သင့်ရဲ့လှုပ်ရှားမှုနည်းခြင်းတွေကို လျှော့ချပေးမှာပါ။ နှစ်ပတ်အတွင်းမှာ သင်ဟာ လမ်းလျှောက်ရင်း အလုပ်လုပ်ရတာကို နှစ်သက်ပြီး စွဲမြဲလုပ်ကိုင်လာနိုင်မှာပါ။

အဒိုနီရမ်